
မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်းရှေ့တွင် စိုက်ထူထားသည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ မဲဆွယ်ဆိုင်းဘုတ်ကို ရွှေ့ပြောင်းပေးရန် တပ်မတော်က ရွေးကောက်ပွဲကော်မရှင်ထံ စာပို့အကြောင်းကြားထားသည်။
နယ်မြေခံတပ်ရင်းရှေ့မျက်နှာစာ တပ်ရင်းဂိတ်အုတ်တံတိုင်းနှင့် ပေ ၂၀၀ ခန့်အကွာတွင် NLD ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက စက်တင်ဘာ ၁၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စက်တင်ဘာ ၁၅ ရက်တွင်လည်းကောင်း ရွေးကောက်ပွဲအောင်နိုင်ရေး ပါတီဆိုင်းဘုတ်များ စိုက်ထူခဲ့သည်ဟု တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါနိုင်ငံရေးပါတီများ၏ ဆိုင်းဘုတ်များနှင့်ပတ်သက်၍ တပ်တာဝန်ရှိသူများက ရွှေ့ပြောင်းစိုက်ထူပေးရန် မေတ္တာရပ်ခံခဲ့ရာ ကျန်ပါတီနှစ်ခုက ဆိုင်းဘုတ်များပြောင်းရွှေ့ခဲ့သော်လည်း NLD ပါတီဆိုင်းဘုတ်မှာ ဆက်လက်စိုက်ထူထားဆဲဖြစ်၍ သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်အဆင့်ဆင့် တာဝန်ရှိသူများထံ ထပ်မံအသိပေးအကြောင်းကြားထားသည်ဟု တပ်မတော်ထုတ်ပြန်ချက်က ဆိုသည်။
တပ်မတော်၏ ကြေညာချက်နှင့် ပတ်သက်၍ အဆိုပါဆိုင်းဘုတ်မှာ စည်ပင်သာယာရေးကော်မတီ ခွင့်ပြုချက်ဖြင့် ခွင့်ပြုနေရာတွင် စိုက်ထူထားခြင်းဖြစ်သည်ဟု NLD ပါတီ၏ ဗဟိုအောင်နိုင်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။
“စည်ပင်ခွင့်ပြုချက်နဲ့ ခွင့်ပြုတဲ့နေရာမှာ စိုက်ထူထားတယ်လို့ သိထားပါတယ်။ စိုက်ထူခွင့်မရှိဘူးဆိုရင် ဘယ်ဥပဒေကန့်သတ်ချက် ရှိသလဲဆိုတာတော့ ကျွန်တော်တို့ကို အသိပေးဖို့ သင့်ပါတယ်။ ဥပဒေကန့်သတ်ချက်ရှိရင်တော့ ကျွန်တော်တို့ လိုက်နာသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဥပဒေအရလုပ်ပိုင်ခွင့်မရှိသဖြင့်သာ မေတ္တာရပ်ခံကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တပ်မျက်နှာစာတွင် လုံခြုံရေးထိခိုက်နိုင်သည့် အကြောင်းရှိပါက သက်ဆိုင်ရာအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် ဆွေးနွေးနိုင်သည်ဟုလည်း ဒေါက်တာမျိုးညွန့်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မှော်ဘီမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဇေယျကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် စေ့စပ်ညှိနှိုင်းရေးကော်မတီဖြင့် ဖြေရှင်းနေဆဲဖြစ်သည်ဟု ဆိုသည်။
“စည်ပင်လည်း သူတို့က ငွေသွင်းတယ်။ အခွန်ဆောင်ပြီးမှထောင်။ တပ်မျက်နှာစာမို့လို့တဲ့။ ကန့်သတ်ချက်မရှိဘူး။ ကော်မရှင်အနေနဲ့တော့ ဘာမှလုပ်မရဘူး။ စေ့စပ်ညှိနှိုင်းရေးကော်မတီဆိုတာ ရှိတယ်။ အဲဒါ အခုလုပ်နေတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန် – ပြည်လမ်းမကြီးဘေးရှိ တပ်ရင်းရှေ့တွင် စိုက်ထူထားသော NLD ပါတီဆိုင်းဘုတ် ရွှေ့ပြောင်းပေးရန် တပ်မတော်က စက်တင်ဘာ ၁၆ ရက်တွင် ကော်မရှင်ထံ စာပို့ခဲ့ခြင်းဖြစ်ပြီး ထိုနေ့ညပိုင်းတွင် ဆိုင်းဘုတ်မှာ မီးရှို့ခံခဲ့ရသည်ဟု မှော်ဘီမြို့နယ် NLD မှ ရွေးကောက်ပွဲစည်းရုံးရေးကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးကျော်ရွှေက ပြောသည်။
အဆိုပါဆိုင်းဘုတ်ကို တရားဝင်မဲဆွယ်စည်းရေးကာလစတင်ပြီး နောက်တစ်ရက်ဖြစ်သည့် စက်တင် ဘာ ၉ ရက်တွင် စတင်စိုက်ထူခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်သည်ဆိုကာ တပ်သားများက NLD ပါတီဆိုင်းဘုတ်ကို ဖြုတ်လှဲပြီးနောက် ပြန်လည်စိုက်ထူပေးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
“၂၀၁၅ မှာလည်း အဲမှာပဲထောင်တယ်။ စည်ပင်ရွေးကောက်ပွဲမှာလည်း အဲဒီနေရာမှာပဲ ထောင်တယ်။ အခုလည်း အဲမှာပဲထောင်တယ်” ဟု ဦးကျော်ရွှေက ပြောသည်။