
မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာပစ်ထားခံရသည့် ခြံမြေကွက်ကြီးဟု ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းလိုက်ပြီး တန်ဖိုးရှိသည့် ဥယျာဉ်တစ်ခုဖြစ်လာစေရေး အင်တိုက်အားတိုက် မဲပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌက တိုက်တွန်းလိုက်သည်။
လာမည့်ရွေးကောက်ပွဲ၌ ၆၇ ရာခိုင်နှုန်းကျော်အနိုင်ရမှသာ အစိုးရဖွဲ့ကာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ရာ နေရာတိုင်းတွင် NLD ကိုသာ မဲပေးကြရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ယနေ့ည ထုတ်လွှင့်ခဲ့သည့် မဲဆွယ်စည်းရုံးရေးရုပ်သံအစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီလိုလိုအပ်တဲ့ ရာခိုင်နှုန်းတွေကို တွက်ချက်မနေရအောင် ကျွန်မက ပြည်သူတွေကို အကြံပြုမေတ္တာရပ်ခံချင်တာကတော့ NLD ယှဉ်ပြိုင်တဲ့နေရာတိုင်းမှာ အောင်နိုင်ရေးကိုသာ ဦးတည်ပြီး အင်တိုက်အားတိုက် ကျွန်မတို့ပါတီကိုပဲ မဲပေးကြပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် ၇၅ ရာခိုင်နှုန်းကိုသာ ပြည်သူက ရွေးကောက်တင်မြှောက်နိုင်သဖြင့် တပ်မတော်က အလိုအလျောက်ရယူထားသည့် ၂၅ ရာခိုင်နှုန်းကို လွတ်လွတ်ကျွတ်ကျွတ်ကျော်လွန်၍ အစိုးရတစ်ရပ်ဖွဲ့နိုင်ရေး နေရာတိုင်းတွင် NLD ကို မဲပေးကြပါရန် မေတ္တာရပ်ခံလိုက်ခြင်းလည်းဖြစ်သည်။
“(အစိုးရတာဝန်) ဆက်လက်တာဝန်ယူဆောင်ရွက်ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နိုင်ငံ၏ လိုအပ်ချက်များဖြစ်သော အခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်ရှိအာဏာရပါတီ NLDက ရှေရှည်မျှော်မှန်းချက်များ ချမှတ် လုပ်ဆောင်နေပါကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသွားသည်။
NLD သည် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည်ဟု ကြေညာထားသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မဲဆန္ဒနယ် ၁,၁၄၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် NLD ပါတီကို ထူထောင်ပြီးနောက် ဝင်ရောက်ယှဉ်ပြိုင်ပြီး တပ်မတော်က အာဏာလွှဲပြောင်းပေးခြင်းမရှိသည့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရာနှုန်းပြည့်နီးပါး၊ ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၇၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီဖြစ်သည်။