
အလုပ်သမားများ၏ အခြေခံလစာတွင် ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ပေါင်းထည့်ရန် စစ်ကောင်စီက သတ်မှတ်လိုက်သော်လည်း ယခင်ရနေကျ စရိတ်များ လျှော့ချခံနေရသည်ဟု ရန်ကုန်စက်မှုဇုန်များရှိ အလုပ်သမားများက ပြောသည်။
တစ်ရက်လုပ်ခ ၄၈၀၀ မှ ထပ်တိုးပေးရန် တောင်းဆိုဆန္ဒပြလာကြပြီးနောက် စက်ရုံများက ယခုနှစ်လယ်ပိုင်းမှစ တစ်နေ့လုပ်ခ ကျပ် ၅၆၀၀ နှုန်းဖြင့် လစာတွက်ချက်ပေးခဲ့သော်လည်း အခြားခံစားခွင့်များ လျှော့ချခံနေရခြင်းဖြစ်သည်။
အောက်တိုဘာ ၉ တွင် စစ်ကောင်စီ၏ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီက အနည်းဆုံးလုပ်ခလစာနှုန်းထားကို မတိုးဘဲ တစ်ရက်လျှင် ကျပ် ၁၀၀၀ ထောက်ပံ့ကြေးထည့်ပေးရန် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် တစ်ရက်လုပ်ခ ၄၈၀၀ နှင့် ထောက်ပံ့ကြေး ၁၀၀၀၊ စုစုပေါင်း တစ်နေ့ ၅၈၀၀ ရရှိမည်ဟု ထုတ်ပြန်ထားသည်။
သို့သော် တစ်လအတွက် သတ်မှတ်ထောက်ပံ့ကြေး ၃၀၀၀၀ မထည့်ပေးခြင်း၊ အခြားခံစားခွင့်များ ဖြတ်တောက်လိုက်ခြင်းတို့နှင့် ကြုံတွေ့နေကြရသလို လုပ်အားပမာဏတိုးမြင့်လုပ်ခိုင်းသည့် စက်ရုံများပင် ရှိနေသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့ ၃ ဖွဲ့ထံမှ သိရသည်။
“၅၈၀၀ ကျပ်နဲ့ ပေးတဲ့ စက်ရုံတွေကျတော့ အရင်က ၅၆၀၀ ကျပ်နဲ့ ပေးထားတယ် အခု ၁၀၀၀ တိုးပေးရင် တစ်နေ့ ၆၆၀၀ ကျပ် ပေးရမှာ။ ဒါပေမဲ့ မပေးဘဲ အရင်တိုးပေးထားတဲ့ဟာတွေ ပြန်ဖြုတ်လိုက်ကြတယ်” ဟု မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) မှ တွဲဖက်အတွင်းရေးမှူး မအိဖြူက ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ ပေးပို့လာသောစာတွင် ရုံးတံဆိပ်တုံးသာ ပါပြီး တာဝန်ရှိသူတစ်ဦးဦး၏ လက်မှတ်မပါသဖြင့် လစာတွင် သတ်မှတ်ထောက်ပံ့ကြေး ၃၀၀၀၀ မပေးသည့် စက်ရုံများလည်းရှိသည်ဟု ဆိုသည်။
“လက်မှတ်မပါဘူး၊ တိုက်ရိုက်မညွှန်ကြားဘူးဆိုပြီး စက်ရုံက သက်သက်ညစ်တာပေါ့“ ဟု မအိဖြူက ပြောသည်။
အထည်ချုပ်စက်ရုံတချို့တွင် ပြီးခဲ့သည့်လများက အချိန်ပိုကြေး ၁၂၀၀ အပြင် အပိုဆောင်း ၁၀၀၀၊ စုစုပေါင်း ၁၃၀၀ ပေးခဲ့သည်များရှိသည်။
ယခု စစ်ကောင်စီက တစ်နေ့ ၁၀၀၀ ပေါင်းထည့်ပေးရန် ညွှန်ကြားပြီးနောက် စက်ရုံတို့က အချိန်ပိုကြေး ပြန်လျှော့သည်၊ ဖယ်ရီကားခနှင့် အလုပ်ပြီးစီးမှုအပေါ် မူတည်ပြီး ပေးအပ်သည့် အပတ်စဉ်ဆုကြေးတို့ကို ပြန်နုတ်နေသည်ဟု FGWM က ပြောသည်။
ထို့ပြင် တစ်နေ့ ၅၈၀၀ ကျပ်နှုန်းဖြင့် လခတွက်ပေးသည့် စက်ရုံတချို့၌ တစ်ရက်တာလုပ်ရမည့် အလုပ်စံချိန်ကို တိုးလိုက်သည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် Action Labor Rights (ALR) အဖွဲ့က ပြောသည်။
“အလုပ်သမားတွေတောင်းဆိုတာနဲ့ သူတို့ပေးနိုင်တာနဲ့က ကွာဟနေတုန်းပါပဲ၊ အလုပ်သမားတွေ တောင်းဆိုတာကဆို ၈ နာရီလုပ်အားခကို ၇၀၀၀၊ ၈၀၀၀၊ ၁၀၀၀၀ စသဖြင့် တောင်းတယ်၊ ၅၈၀၀ ကတော့ အခြေခံလိုအပ်ချက် ကိုက်ညီနိုင်တဲ့အနေအထားမရှိသေးဘူး” ဟု ရန်ကုန်မြို့အခြေစိုက် ALR တာဝန်ခံ ကိုသူရိန်အောင်က ပြောသည်။
လှိုင်သာယာမြို့နယ်ရှိ ဂျာမဏီအခြေစိုက် အားကစားဝတ်စုံအမှတ်တံဆိပ် Jako ချုပ်လုပ်သည့် Sun Apparel Myanmar အထည်ချုပ်စက်ရုံတွင်မူ ညွှန်ကြားချက်ကို လိုက်နာသော်လည်း ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိဟု သိရသည်။
ထိုစက်ရုံတွင် အခြေခံလုပ်ခ တစ်ရက် ၄၈၀၀ ကျပ်ကို တိုးပေးရန် အလုပ်သမားများ ဆန္ဒပြခဲ့ကြရာ တစ်ရက် ၈၀၀ ကျပ် ထောက်ပံ့ကြေးအဖြစ် တိုးပေးခဲ့ပြီးဖြစ်သည်။ ယခု စစ်ကောင်စီ ညွှန်ကြားချက်ကြောင့် ၂၀၀ ထပ်တိုးပေးသည်ဟု အဆိုပါစက်ရုံမှ လုပ်သက်တစ်နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုစက်ရုံမှ အလုပ်သမားခေါင်းဆောင် ၂ ဦးသည် စက်ရုံတွင်းအခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ အလုပ်သမားအခွင့်အရေးများရရှိရန်၊ အခြေခံလုပ်ခလစာတိုးပေးရန် တောင်းဆိုဆန္ဒပြပြီးနောက် ဖမ်းဆီးခံရကာ ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ပြန်လွတ်လာသည်။
အနည်းဆုံးအခကြေးငွေနှုန်းထားကို ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က တစ်ရက် ၈ နာရီအတွက် ကျပ် ၃၆၀၀၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၁၈တွင် ကျပ် ၄၈၀၀ အဖြစ် ပြင်ဆင်သည်။
အနည်းဆုံးအခကြေးငွေဥပဒေအရ ထိုနှုန်းများမှာ ၂ နှစ်လျှင် တစ်ကြိမ် အနည်းဆုံးပြန်လည်ချိန်ညှိ သတ်မှတ်ရမည်ဖြစ်သော်လည်း ထိုနှုန်းထားမှာ ၅ နှစ်ဝန်းကျင်ရှိလာချိန် ယနေ့တိုင်အထိ အတည်ဖြစ်နေသည်။
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီသည် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ ကိုယ်စားလှယ်များ ၃ ပွင့်ဆိုင် ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့သော် အာဏာမသိမ်းခင်က ပါဝင်ခဲ့သော အလုပ်သမားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းများက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် ထိုကော်မတီမှ နုတ်ထွက်ကြောင်း အသီးသီး ကြေညာထားကြသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ကမ္ဘာကျော် Adidas အဝတ်အထည်များချုပ်သည့် မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက ဦးဆောင်ပြီး တစ်နေ့လုပ်ခ ၈၀၀၀ ကျပ် တိုးပေးရန် အာဏာသိမ်းပြီးနောက် ပထမဆုံးဆန္ဒပြခဲ့သည်။
ထို့နောက် အခြားစက်ရုံများတွင်လည်း လုပ်ခတိုးတောင်းမှုများ ဆက်တိုက်ဖြစ်လာပြီး ဖမ်းဆီးထောင်ချခံရသူများလည်း ရှိခဲ့သည်။ ထို့သို့တောင်းဆိုမှုများ တရစပ်ရှိနေသော်လည်း စစ်ကောင်စီက အနည်းဆုံးအခကြေးငွေကို တိုက်ရိုက်တိုးပေးခြင်းမပြုဘဲ တစ်နေ့ ၁၀၀၀ ထောက်ပံ့ကြေးပေးရန်သာ အလုပ်သမားများကို ချွေးသိပ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)