
တရားဝင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ စတင်ပြီးနောက် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) က စိုက်ထူခဲ့သည့် ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံခဲ့ရသည်ကို တွေ့ရှိရသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကိုကိုးကျွန်းနှင့် ချင်း၊ ရခိုင်၊ မွန်စသည့် ပြည်နယ်များတွင် NLD ၏ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်များမှာ မဲဆွယ်စည်းရုံးရေးကာလစတင်ပြီး ရက်အနည်းငယ်အတွင်း ဖျက်ဆီးခံခဲ့ရသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကြို့ပြင်ကျေးရွာတွင် စိုက်ထူထားသည့် NLD ပါတီ၏ စည်းရုံးရေးပိုစတာဆိုင်းဘုတ်မှာ ဓားဖြင့် လှီးဖြတ်ခံထားရသည်ကို စက်တင်ဘာ ၁၁ နံနက်ပိုင်းတွင် သိရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်သွားမည်ဖြစ်ကြောင်း ယင်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းက ပြောကြားခဲ့သည်။

အဆိုပါ မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တရားဝင်မဲဆွယ်စည်းရုံးရေးစတင်ခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် ထိုမဲဆန္ဒနယ်အတွင်း NLD ပါတီက လူစုလူဝေးဖြင့် မဲဆွယ်လှုပ်ရှားမှုသည် ကိုဗစ်ကာလ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ အာဏာပိုင်များထံ စာပို့မေးမြန်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၉ တွင် ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အောင်နိုင်ရေးအလံတင် အခမ်းအနားအပြီးတွင် ဦးသန်းဌေးက ပြောကြားသည်။
NLD ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရခြင်းကို မသိရှိကြောင်းနှင့် ထိုကိစ္စမှာ ရွေးကောက်ပွဲကော်မရှင်နှင့် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းစောင့်ရှောက်သူများ၏ ကိစ္စသာဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်က Myanmar Now ကို ပြောသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ် ကြို့ပြင်ကျေးရွာတွင် စိုက်ထူထားသည့် NLD ပါတီဆိုင်းဘုတ်ဖျက်ဆီးခံရမှုတွင် ကျူးလွန်ခဲ့သူက ရဲစခန်းတွင် လာရောက်ဝန်ခံခဲ့သည်ဟု နယ်မြေရဲစခန်းမှ အမည်မဖော်လိုသူ ရဲအရာရှိက စက်တင်ဘာ ၁၄ ညနေပိုင်းတွင် ပြောသည်။
“ဒီကောင်လေးက သူရဲ့ပြောပြချက်အရတော့ တစ်စုံတစ်ဦးစေခိုင်းတာတော့ မပါဘူးဗျ။ သူက လက်ဆော့တတ်တဲ့ အကျင့်တော့ ရှိတယ်ပေါ့။ ပုံလေးတွေ ဘာတွေတွေ့ရင် ကတ်ကြေးနဲ့ ညှပ်ပစ်တတ်တဲ့အကျင့်တော့ ရှိတယ်။ ညဘက် ဖုန်းနဲ့ဂိမ်းဆော့ရင်း ကတ်ကြေးကို ခါးကြားထိုးပြီးသွားတော့ အောက်ကနေ (ဆိုင်းဘုတ်) ကို သွားဖြဲလိုက်တယ်လို့ ပြောတယ်” ဟု အဆိုပါရဲအရာရှိက ပြောသည်။
NLD ပါတီဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သူမှာ အသက် ၁၉ နှစ်အရွယ်အမျိုးသားဖြစ်ပြီး အာမခံပေးနိုင်သည့် အမှုဖြစ်သဖြင့် အာမခံဖြင့် ပြန်လွှတ်ပေးထားပြီး ဥပဒေရုံးသို့ အကြုံပြုချက် တောင်းခံထားပြီး တရားစွဲတင်သွားမည်ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်များနှင့်အပြိုင် စိုက်ထူထားသည် NLD ပါတီဆိုင်းဘုတ်ခြောက်ခုအနက် လေးခုမှာ စက်တင်ဘာ ၁၀ ရက်နေ့ညပိုင်းက ဖျက်ဆီးခံခဲ့ရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေအနည်းဆုံး (၁၅၀၀) ဖြစ်သည့် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒရှင်အများစုမှာ တပ်မတော်ရေမိသားစုဝင်များ ဖြစ်ကြသည်။

ဆိုင်းဘုတ်လေးခု ဖျက်ဆီးခံရခြင်းမှာ ရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုတစ်ခုဟု ဆိုနိုင်ပြီး ရာဇဝတ်ကြောင်းအရ အမှုဖွင့်ထားပြီးဖြစ်ကြောင်း ကိုကိုးကျွန်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုဝင်းက ပြောသည်။
“ရွေးကောက်ပွဲဥပဒေနဲ့ ဖွင့်ဖို့ဆိုတာ အဓိက လူသက်သေပြဖို့ အရေးကြီးတယ်။ ကျွန်တော်တို့လည်း မပြနိုင်ဘူး။ အဲဒီအတွက် ရဲစခန်းမှာ ရာဇဝတ်ကြောင်းအရ အရင်ဖွင့်မယ်” ဟု ၎င်းက ပြောသည်။
ကိုကိုးကျွန်းတွင် ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်များကို NLD ပါတီနည်းတူ ပြည်ခိုင်ဖြိုးပါတီကလည်း စိုက်ထူထားသည့်အနက် NLD ပါတီဆိုင်းဘုတ်များသာ ဖျက်ဆီးခဲ့ခဲ့ရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
မန္တလေးတွင်လည်း မဟာအောင်မြေမြို့နယ်တွင် စိုက်ထူထားသည့် NLD ပါတီဆိုင်းဘုတ်နှင့် ပုသိမ်ကြီးမြို့နယ် နန္ဒာမြောက်ကျေးရွာရှိဆိုင်းဘုတ်များ ဖျက်ဆီးခံခဲ့ရသည်။
မန္တလေး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်အနီး စိုက်ထူထားသည့် ပါတီဆိုင်းဘုတ်မှာ စက်တင်ဘာ ၁၃ က ဖျက်ဆီးခံခဲ့ရပြီး အနီးရှိ ရေကန်အစပ်တွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရသည်။
“ဖျက်ဆီးတဲ့ပုံကတော့ အတော်ဆိုးဆိုးဝါးဝါးကို ဖျက်ဆီးပစ်လိုက်တာ။ တခြားဘေဘုတ်တွေကို ဘလိတ်ဓားနဲ့ ခြစ်တဲ့အဆင့်မဟုတ်ဘူး။ စိုက်ထားတဲ့ဘေဘုတ်ကို ဆွဲနုတ်တာ။ သံဖရိန်နဲ့ လုပ်ထားတာကိုး။ ဘေဘုတ်က ဗီနိုင်းကို ဆုတ်ဖြဲပြီးတော့ အဲဒီသံဖရိန်ကို သင်္ဂဇာချောင်းဘေး လွှင့်ပစ်ထားတာ” ဟု NLD ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်က ပြောသည်။

ထိုသို့ ပါတီဆိုင်းဘုတ်ဖျက်ဆီးခံရသည့်အတွက် ရဲစခန်းကို သွားရောက်အမှုဖွင့်ရာတွင် တရားရုံးကို ဦးတိုက်လျှောက်ထားရမည်ဆိုသောကြောင့် ရှေ့နေနှင့် တိုင်ပင်နေသည်ဟု ဆိုသည်။
ပုသိမ်ကြီးမြို့နယ်တွင် လူငယ်များက မူးပြီး လက်သရမ်းကာ NLD ပါတီဆိုင်းဘုတ် ဖျက်ဆီးခဲ့ခြင်းဖြစ်သည့်အတွက် ယခုတစ်ကြိမ်အမှုဖွင့်လှစ်ခြင်းမရှိဘဲ ထပ်မံကျူးလွန်ပါက အမှုဖွင့်သွားမည်ဖြစ်ကြောင်း ပါတီ၏ ရပ်ကျေးအတွင်းရေးမှူးက ဆိုသည်။
အလားတူပင် ချင်းပြည်နယ် ဟားခါးမြို့၊ မွန်ပြည်နယ် ပေါင်မြို့နှင့် ရခိုင်ပြည်နယ် မအီမြို့ရှိ NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်များ ယခုရက်ပိုင်းအတွင်း ဖျက်ဆီးခံခဲ့ရသည်။

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် NLD ပါတီက ဆိုင်းဘုတ်အကြီး ငါးခုနှင့်အသေး ၇ ခု စိုက်ထူထားရာ ဟားခါးမြို့တွင် လူသွားလူလာများသည့် ပြည်တော်သာရပ်ကွက်ရှိ ဆိုင်းဘုတ်ဖျက်ဆီးခံခဲ့ရသည်ဟု NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးအေးငွန်က ပြောသည်။
“ကိုယ်စားလှယ်တွေရဲ့ ပုံတွေကို မျက်နှာတွေကိုပေါ့နော် ။ ငါးယောက်စလုံး ဓားနဲ့ ဖြဲခံရတယ်။ ဘောလုံးကွင်းနားဆိုတော့ နည်းနည်း အထင်ကရနေ နည်းနည်းပေါ်လွင်တာပေါ့နော်။ မားမားမတ်မတ်ကြီး ရှိနေတာပေါ့နော်။ အဲ့ဒါကို ဖျက်တာ” ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် ထန်းပင်ချောင်းကြီးရွာရှိ မဲဆွယ်စည်းရုံးရေးပိုစတာ ဖျက်ဆီးခံခဲ့ရသည်ဟု NLD ပါတီ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောသည်။
“ဒီလိုလုပ်ရပ်သည် လူမျိုးမုန်းတီးလို့မဟုတ်ဘူး။ အာဏာရှင်အကြွင်းအကျန်က ဒီမိုကရေစီမှန်မှန်ကန်ကန် ဆောင်ရွက်နေတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားတဲ့အုပ်စုက လုပ်တာ” ဟု ဒေါ်မိကွန်ချမ်းက ၎င်း၏ Facebook စာမျက်နှာတွင် စက်တင်ဘာ ၁၄ နံနက်ပိုင်းက ရေးသားထားသည်။
မွန်ပြည်နယ်အတွင်း ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ်များတွင်လည်း NLD ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံထားရသည်ဟု ဒေါ်မိကွန်ချမ်းက Myanmar Now ကို ပြောသည်။
“ဒီမိုကရေစီ အပြောင်းအလဲမှာ ဆက်ပြီးတော့ မဖြစ်ချင်ဘူး။ မပြောင်းချင်တဲ့ အကြွင်းအကျန်တွေ ရှိနေသေးတယ်ဆိုတာ ပြတာပေါ့” ဟု လာမည့်ရွေးကောက်ပွဲတွင်လည်း ပေါင်မြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည့် ၎င်းက ပြောသည်။
ကျိုက်မရောမြို့နယ် ကော့သတ်ကျေးရွာတွင် စိုက်ထူထားသည့် NLD ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ကို စက်တင်ဘာ ၁၁ နေ့လယ်ပိုင်းတွင် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဖျက်ဆီးခဲ့ပြီး ၎င်းကို ကျိုက်မရောမြို့နယ်ရဲစခန်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ (၅၇/၅၈) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ချောင်းသုံးခွကျေးရွာတွင် စက်တင်ဘာ ၁၄ ရက်က NLD ပါတီဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရသည့်အတွက် ရဲစခန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမည်ဖြစ်ကြောင်း တောင်ကုတ်မြို့နယ် NLD ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောက ပြောသည်။
“ဒီနေ့မနက်မှ သိရတာ။ ဘယ်သူတွေဖျက်ဆီးတာလည်း မသိရဘူး။ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီပဲဖြစ်ဖြစ် လွတ်လပ်စွာ မဲပေးခွင့်ရတဲ့အချိန်မှာ ကိုယ်နိုင်စေချင်တဲ့ပါတီ ကိုယ်အားပေးတဲ့ပါတီ အနိုင်ရေစေဖို့အတွက် မဲပေးလို့ လုပ်ပေးလို့ရတဲ့အချိန်မှာ ဒီလိုအကြမ်းဖက်မျိုးတွေ မလုပ်စေချင်ဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။
NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်ပိုစတာအချို့သည် စိုက်ထူသည့်ညပိုင်းနှင့် အချို့မှာ ရက်ပိုင်းအကြာတွင် ဖျက်ဆီးခံရခြင်းဖြစ်သည်ဟု ပါတီဗဟိုအောင်နိုင်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။
“ရွေးကောက်ပွဲအတွက် လူထုကို မဲဆွယ်စည်းရုံးတဲ့အခါမှာ အားမလိုအားမရဖြစ်ပြီးတော့ ပြိုင်ဘက်ပါတီရဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကို ဖျက်ဆီးတယ်လို့ ယူဆပါတယ်။ အဲ့တော့ ရွေးကောက်ပွဲဆိုတာ ပြည်သူတွေဆီကနေပြီးတော့ ရွေးကောက်တင်မြှောက်ခံရဖို့အရေးမှာ ရိုးသားတဲ့နည်းဥပဒေနဲ့ ညီညွတ်တဲ့နည်းတွေနဲ့ ဆောင်ရွက်ဖို့က အထူးအရေးကြီးတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။