သတင်း

တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် လက်တွဲဖြုတ်ရန် KBZ ကြိုးပမ်းနေဟုဆို

ပြည်တွင်းစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် ကမ္ဘောဇအုပ်စုသည် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် လက်တွဲဖြုတ်ရန် ကြိုးပမ်းနေသည်ဟု ယနေ့ (စက်တင်ဘာ ၁၀) ထုတ်ပြန်လိုက်သည့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးပိုင်နှင့် စီးပွားရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်နေသည့် ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးများ၊ ဦးပိုင်၏ အစုရှယ်ယာရှင်များနှင့် အမြတ်ငွေခွဲဝေမှုများအကြောင်း ရေးသားထားသည့် စာမျက်နှာ ၁၈ မျက်နှာရှိ အစီရင်ခံစာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ 

အဆိုပါ စီးပွားရေးလုပ်ငန်းစုများနှင့် ပူးတွဲလုပ်ကိုင်ခြင်းမှတဆင့် ရရှိလာသည့် အကျိုးအမြတ်များကို ဦးပိုင်က ရှယ်ယာရှင်များထံ ခွဲဝေပေးသည်ဖြစ်ရာ ထိုသို့တွဲဖက်လုပ်ကိုင်ခြင်းက မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ငွေကြေးထောက်ပံ့ပေးရာရောက်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ တွေ့ရှိချက်များကို ဦးပိုင်၏ စီးပွားရေးမိတ်ဖက်များဖြစ်သည့် ပြည်တွင်းကုမ္ပဏီနှစ်ခု၊ နိုင်ငံခြားကုမ္ပဏီခြောက်ခုထံ ပေးပို့ခဲ့ကြောင်း၊ ယင်းတို့အနက် သုံးခုကသာ ဦးပိုင်နှင့်တွဲဖက်လုပ်ကိုင်နေမှုများကို ပြန်လည်သုံးသပ်နေသည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ပူးတွဲစီးပွားရေးလုပ်နေခြင်းကို ပြန်လည်သုံးသပ်နေသည်ဆိုသော ထိုကုမ္ပဏီသုံးခုအနက် မြန်မာနိုင်ငံမှ ကမ္ဘောဇအုပ်စုလည်း ပါဝင်သည်။ 

၁၉၉၄ တွင် တည်ထောင်ခဲ့သည့် ကမ္ဘောဇအုပ်စုသည် ပြည်တွင်း၌ အင်အားအကြီးဆုံးသော စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ်အပါအဝင် အခြားလုပ်ငန်းများကို လုပ်ကိုင်နေသည်။ ဦးအောင်ကိုဝင်းပိုင်ဆိုင်သည့် ကမ္ဘောဇအုပ်စု၏ မြောက်မြားစွာသော စီးပွားရေးလုပ်ငန်းများတွင် ဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်သည့် ကျောက်တူးဖော်ရေးလုပ်ငန်းများလည်း ပါဝင်လျက်ရှိသည်။

ကမ္ဘောဇအုပ်စုအနေဖြင့် ဦးပိုင်နှင့် ပူးတွဲစီးပွားရေးလုပ်ကိုင်နေမှုကို ရပ်ဆိုင်းရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသော်လည်း အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ဂျိန်းဖောအောင် ကျောက်စိမ်းတွင်း၌ ကမ္ဘောဇအုပ်စုဝင် နီလာရိုးမကုမ္ပဏီသည် ဦးပိုင်၏ စီးပွားရေးလက်ခွဲတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်နေပြီး နီလာရိုးမကုမ္ပဏီသည် ဦးပိုင်နှင့်လက်တွဲဖြုတ်ရန် လုပ်ဆောင်နေသည်ဟု ကမ္ဘောဇလုပ်ငန်းစုက အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကို အကြောင်းပြန်ခဲ့သည်။

အလားတူပင် ကမ္ဘာဇအုပ်စု၏ ပရဟိတဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် Brighter Future Myanmar သည်လည်း လှူဒါန်းမှုများနှင့် ပတ်သက်၍ စနစ်တကျ ချဉ်းကပ်နိုင်ရန် လုပ်ငန်းဆောင်တာများကို ခေတ္တရပ်ဆိုင်းထားသည်ဟုလည်း ကမ္ဘောဇအုပ်စုက Amnesty International သို့အကြောင်းပြန်သည့်စာတွင် ရေးသားထားသည်။

“နိုင်ငံအတွင်း အကူအညီလိုအပ်သူအားလုံးကို ကူညီနိုင်ရန်ရည်ရွယ်ပြီး ခြွင်းချက်မရှိ အထောက်အပံ့များ ယခင်က ပေးခဲ့ပါသည်။ ယနေ့အချိန်အခါတွင်တော့ ပရဟိတလုပ်ငန်းများ အားလုံးကို အကောင်းဆုံးအလေ့အကျင့်များ၊ ထိခိုက်နစ်နာစေနိုင်သည်များကို ကြိုတင်စိစစ်ခြင်းနှင့် ကာကွယ်တားဆီးရေးအစီအမံများ ပြုလုပ်ပြီး ချဉ်းကပ်သွားရန် စီစဉ်ထားပါသည်” ဟု ကမ္ဘောဇက ဆိုသည်။ 

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာနှင့်ပတ်သက်၍ KBZ အုပ်စု၏ ကော်ပိုရိတ်လုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲ (Head of Corporate Affairs) ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် တစ်စုံတစ်ရာဖြေကြာကြားလိုခြင်းမရှိကြောင်း အကြောင်းပြန်ခဲ့သည်။ 

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ယခုအစီရင်ခံစာမတိုင်မီ ၂၀၁၉ ဩဂုတ်တွင် ထွက်ရှိခဲ့သည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတစ်စောင်တွင် တပ်မတော်၏ ပြည်တွင်းပြည်ပ စီးပွားရေးမိတ်ဖက်များနှင့် တပ်မတော်ကို ငွေကြေးလှူဒါန်းသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းစုများကို ဖော်ပြခဲ့ရာ ကမ္ဘောဇနှင့် မက်စ်မြန်မာအုပ်စုတို့ ပါဝင်နေသည်ကို တွေ့ရှိရသည်။ 

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆက်သွယ်ခဲ့သော ပြည်တွင်းကုမ္ပဏီနောက်တစ်ခုမှာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ကိုင်သည့် Ever Flow River Group ဖြစ်ပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းစုများမှာ ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdings ၊ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ ဝမ်ပေါင်၊ တောင်ကိုရီးယားကုမ္ပဏီ INNO Group ၊ တောင်ကိုရီးယားအထည်ချုပ်နှင့်တင်ပို့လုပ်ငန်း Pan-Pacific ၊ တောင်ကိုရီးယားသံမဏိလုပ်ငန်း POSCO ၊ စင်ကာပူငွေကြေးရင်းနှီးမြှုပ်နှံမှုအဖွဲ့ RMH Singapore တို့ ဖြစ်သည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာ ထွက်ရှိခဲ့ပြီးနောက် ဦးပိုင်နှင့် ဖက်စပ်စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းတော့မည်ဟု Pan-Pacific က ကြေညာခဲ့သလို ဂျပန်နိုင်ငံမှ Kirin ကလည်း ဦးပိုင်နှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။ 

မြန်မာဘီယာထုတ်လုပ်သည့် Myanmar Brewery Limited နှင့် ဖက်စပ်လုပ်ကိုင်နေသည့် Kirin သည် ဦးပိုင်နှင့် ပူးပေါင်းလုပ်ကိုင်မှုကို ပြန်လည်သုံးသပ်ပြီး လုပ်ငန်းဆိုင်ရာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ယခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည်။ 

ဦးပိုင်နှင့် ပူးတွဲလုပ်ကိုင်နေသည့် လုပ်ငန်းများ စိစစ်သုံးသပ်မှုကို ၂၀၂၀ မကုန်မီ ပြီးဆုံးနိုင်ရန် ရည်မှန်းထားကြောင်း Kirin က ယနေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။ ထိုသို့စိစစ်သုံးသပ်ရာတွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာပါ အထောက်အထားများကို ထည့်သွင်းစဉ်းစားကာ သင့်တော်သော ဆောင်ရွက်ချက်ကို ပြုလုပ်သွားမည်ဟု ဆိုထားသည်။ 

“စုံစမ်းစစ်ဆေးမှုကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ဦးပိုင်အများပိုင်ကုမ္ပဏီနှင့် ပုံမှန်အဆက်အသွယ်ပြုလုပ်နေပြီး အမြန်ဆုံးပြီးဆုံးအောင် အစွမ်းကုန်ဆောင်ရွက်နေပါသည်” ဟု Kirin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဦးပိုင်ကို ၁၉၉၀ တွင် စစ်အစိုးရက တည်ထောင်ခဲ့ပြီး လက်ရှိတွင်လည်း တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားစစ်မှုထမ်းအရာရှိများက စီမံခန့်ခွဲနေသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည်။ ဒါရိုက်တာအဖွဲ့ဝင်များမှာလည်း တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားတပ်မတော်အရာရှိများဖြစ်ပြီး နာယကအဖွဲ့ကို တပ်မတော်၏ ထိပ်ဆုံးခေါင်းဆောင်နှစ်ဦးက ဦးဆောင်ထားသည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) သို့ ဦးပိုင်က ၂၀၂၀ ဇန်နဝါရီတွင် တင်သွင်းသည့် အစီရင်ခံစာတစ်စောင်နှင့် ဦးပိုင်အစုရှယ်ယာရှင်များထံ ကန့်သတ်ဖြန့်ချိသော ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို ကိုးကား၍ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သီးသန့်အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ဦးပိုင်ကို တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားစစ်မှုထမ်း ၃၈၁,၆၃၈ (သုံးသိန်းရှစ်သောင်းကျော်) ဦးတို့က တစ်ဦးချင်း ရှယ်ယာဝင်များအဖြစ်လည်းကောင်း၊ တိုင်းစစ်ဌာနချုပ်များ၊ တပ်မများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့များ စသော အဖွဲ့အစည်း ၁,၈၀၁ ခုတို့က ရှယ်ယာဝင်များအဖြစ် ပိုင်ဆိုင်ကြောင်း အစီရင်ခံစာအရ သိရသည်။ 

ထို့အပြင် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ရှယ်ယာဝင်များထံ ပေးအပ်ခဲ့သော အမြတ်ငွေစုစုပေါင်းမှာ ကျပ် ၁၀၇ ဘီလျံကျော် (ကန်ဒေါ်လာ ၁၈ ဘီလျံ) ရှိပြီး ယင်းအနက် ကျပ် ၉၅ ဘီလျံကို တပ်မတော်သို့ ပေးအပ်ခဲ့သည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

“စစ်တပ်နဲ့ ဦးပိုင်ကုမ္ပဏီဟာ ခွဲလို့ မရအောင် ဆက်စပ်ပတ်သက်နေတယ်ဆိုတာကိုလည်း ရှင်းရှင်းကြီး တွေ့ရပါတယ်။ ဒါဟာ ဦးပိုင်ကုမ္ပဏီရဲ့ မသိနားမလည်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘဏ္ဍာငွေကြေးထောက်ပံ့နေတာမျိုး မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့တစ်ခုလုံးမှာ အဆင့်မြင့်စစ်ဘက်အရာရှိကြီးတွေနဲ့ ဖွဲ့စည်းထားတာပါ” အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ စီးပွားရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးဌာနအကြီးအကဲ မာ့ခ်ဒါးမက် (Mark Dummett) က ပြောသည်။

ဦးပိုင်၏ စီးပွားမိတ်ဖက်များအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တာဝန်ရှိပြီး ၎င်းတို့၏ လုပ်ငန်းများက လူ့အခွင့်အရေးများကို မထိခိုက်အောင် တားဆီးရန်နှင့် လျော့နည်းသက်သာအောင် လုပ်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ဦးပိုင်လီမိတက်က ၎င်းတို့ဘာသာ ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် ဆန္ဒမရှိသည့်အတွက် ၎င်းတို့နှင့် စီးပွားဖက် လုပ်ကိုင်နေသူများအနေဖြင့် ဦးပိုင်နှင့် ဆက်နွှယ်မှုကို ပြန်လည်သုံးသပ်ပြီး တာဝန်သိစွာ လမ်းခွဲရမည်ဖြစ်သည်” ဟု မာ့ခ်ဒါးမက်က ပြောသည်။

စစ်တပ်နှင့် စီးပွားရေးဆက်စပ်နေမှုများကို ဖြတ်တောက်ရေးအတွက် အစိုးရအဖွဲ့အနေဖြင့် ကြားဝင်ဆောင်ရွက်ရန်လည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းထားသည်။ 

တပ်မတော်က ထူထောင်ခဲ့သည့် ဦးပိုင်လီမိတက်သည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်ထံမှ စတင်အာဏာလွှဲပြောင်းရယူခဲ့သည့် ၂၀၁၆ ဧပြီလအတွင်း တပ်မတော်ခေါင်းဆောင်များက ‘ပြည်ထောင်စုမြန်မာ့စီးပွားရေးလီမိတက်’ အစား ‘မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အများပိုင်ကုမ္ပဏီ’ ဟု ပြောင်းလဲခဲ့သည်။ 

ယခင်က ဦးပိုင်လီမိတက်တွင် ရှယ်ယာ နှစ်မျိုးရှိခဲ့သည့်အနက် (က) ရှယ်ယာကို ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ပြီး (ခ) ရှယ်ယာများကို တပ်မတော်အရာရှိများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားတပ်မတော်သားများ၊ ရဲဘော်ဟောင်းအဖွဲ့အစည်းများက ပိုင်ဆိုင်သည်။ 

သို့သော် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းမီ (က) ရှယ်ယာများကို (ခ) ရှယ်ယာအဖြစ် လွှဲပြောင်းသွားခဲ့သည်။ ထိုသို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ဦးပိုင်လီမိတက်၏ အကျိုးအမြတ်အားလုံးသည် အခွန်ဆောင်ရသည်မှလွဲလျှင် နိုင်ငံတော်ဘတ်ဂျက်ဝင်ရန် တာဝန်မရှိတော့ပေ။ 

Show More

Related Articles

Back to top button