ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေပြည်သာကျေးရွာဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံနေသည့် ရသေ့တောင်မြို့နယ်မှ စစ်ရှောင်များမှာ စားဝတ်နေရေးခက်ခဲနေကြောင်း သိရသည်။ အဆိုပါ စစ်ရှောင်များမှာ ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် တပ်မတော်၏ နယ်မြေရှင်းလင်းရေးအမိန့်ကို စိုးရိမ်ကြောက်လန့်ကာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည်။
အဆိုပါစစ်ရှောင်စခန်းတွင် ရသေ့တောင်မြို့နယ်အတွင်းရှိ ရေဘုတ်၊ ကျောက်ရံသာစည်၊ မောင်ဖြူရွာ၊ သမီးလှ၊ တောက်တူကြီး၊ ကျောက်ဆိပ်၊ ရွှေလောင်းတင်၊ အိုးဖောက်၊ ပမျက်တောင်း၊ စဖိုးကျွန်း၊ ရွာသစ်ကေ၊ ပြိန်းတောစ စသည့်ကျေးရွာများမှ အိမ်ထောင်စုပေါင်း ၆၁ စု၊ လူဦးရေ ၁၈၉ ဦး နေထိုင်လျက်ရှိပြီး အလှူရှင်များ၏ လှူဒါန်းမှုကို ကျောင်းထိုင်ဆရာတော်၏ စီမံခန့်ခွဲမှုဖြင့် ရပ်တည်နေကြရသည်ဟု ဆိုသည်။
“ကလေးတွေလည်း နေ့စားလုပ်ဖို့ မသွားရတော့ စားဝတ်နေရေးအခက်အခဲရှိပါတယ်” ဟု ရသေ့တောင်မြို့နယ် ရေဘုတ်ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်ဝင်းက ပြောသည်။
သတင်းနှင့် ဓာတ်ပုံများ – ကောင်းမြတ်နိုင် (Myanmar Now)