တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ပြည်သူလူထုတိုက်ရိုက်ရွေးချယ်တင်မြှောက်နိုင်သည့် တစ်ခုတည်းသော ဝန်ကြီးနေရာမှာ တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးသည် နိုင်ငံလူဦးရေ စုစုပေါင်း၏ သုည ဒသမ ၁ ရာခိုင်နှုန်းအထက်ရှိပါက ထိုတိုင်းရင်းသားများကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို ရွေးချယ်တင်မြှောက်နိုင်သည်။ ထိုရွေးကောက်ခံကိုယ်စားလှယ်များ တိုင်းရင်းသားရေးရာဝန်ကြီးများပင် ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှအပ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးတွင် တိုင်းရင်းသားရေးရာဝန်ကြီးများရှိပြီး စုစုပေါင်း ၂၉ နေရာရှိသည်။
ဗမာနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ငါးနေရာစီ၊ ချင်းနှင့်ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး သုံးနေရာစီ၊ ပအိုဝ်း၊ ရခိုင်၊ လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာစီနှင့် မွန်၊ ရဝမ်၊ ကချင်၊ လားဟူ၊ အာခါ၊ အင်း နှင့် ကယန်း (ပဒေါင် တိုင်းရင်းသား ရေးရာဝန်ကြီး) တစ်နေရာစီ သတ်မှတ်ထားသည်။
တိုင်းရင်းသားရေးရာဝန်ကြီးများသည် ကိုယ်စားပြုရာ တိုင်းရင်းသားလူမျိုးများ၏ အရေးကိစ္စများကို ဆောင်ရွက်ပေးနိုင်သူများဖြစ်သည်ဟု ဥပဒေက ဆိုသည်။
ဟန်ပြလောက်သာ ဖြစ်နေသည်
တိုင်းရင်းသားရေးရာဝန်ကြီးဌာနသည် လူထုဆန္ဒဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားသော်လည်း တာဝန်နှင့် လုပ်ပိုင်ခွင့်အရ အကန့်အသတ်များရှိနေသည်ဟု တိုင်းရင်းသားရေးရာဝန်ကြီးအချို့နှင့် နိုင်ငံရေးပါတီအချို့က ဆိုသည်။
တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းရင်းသားစာပေသင်ကြားရေး၊ ရိုးရာယဉ်ကျေးမှုပွဲတော်များကျင်းပရေးကဲ့သို့ ကိစ္စရပ်များကိုသာ လုပ်ဆောင်ခွင့်ရရှိကြောင်း၊ မြေယာအရေးနှင့် တိုင်းရင်းသားလူမျိုးများစာရင်းကောက်ယူရေးကဲ့သို့ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီးဌာနများက တိုက်ရိုက်ကိုင်တွယ်သည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းသည့် တိုင်းရင်းသားရေးရာဝန်ကြီးငါးဦးအနက် သုံးဦးက ဆိုသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်၌ စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးနိုထန်ကပ်က တိုင်းရင်းသားရေးရာဝန်ကြီးများသည် အစိုးရအဖွဲ့တွင် မပါဝင်ခဲ့သလို ရုံးခန်းပင်မရှိခဲ့ဟု ဆိုသည်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်ကလည်း “သူတို့ (တိုင်းရင်းသားရေးရာဝန်ကြီးတွေ) ရဲ့ လုပ်ပိုင်ခွင့်က တော်တော်နည်းနေတယ်။ ထိရောက်သင့်သလောက် မထိရောက်ဘူး။ ဟန်ပြလောက်ထားပေးသလို ဖြစ်နေတယ်။ အားရစရာ မကောင်းဘူး” ဟု ပြောသည်။
ရှမ်းပြည်နယ်တွင် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးရှိသော်လည်း အဆိုပါ တိုင်းရင်းသားရေးရာဝန်ကြီး၏ လုပ်ဆောင်ချက်ကို သိသာထင်ရှားစွာ မတွေ့ရဟု ကယန်းအမျိုးသားပါတီ (KNP) ၏ ဖယ်ခုံမြို့နယ်ဥက္ကဋ္ဌ ခွန်ဒီးဒီက ဝေဖန်သည်။
“လက်ရှိအနေအထားမှာ ပြန်ကြည့်လိုက်ရင် (တိုင်းရင်းသား) ရေးရာဝန်ကြီးတွေက လမ်းလိုက်ဖောက်ပေးတယ်။ တံတားလိုက်ဆောက်ပေးတယ်ဆိုတာမျိုးက ဌာနဆိုင်ရာအလုပ်တွေဖြစ်နေတယ်” ဟု ခွန်ဒီးဒီက ဆိုသည်။
တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းရင်းသားများအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့နှင့်ပတ်သက်ပြီး အဓိက ဦးစားပေးလုပ်ဆောင်သင့်သော်လည်း လက်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ၏ ဆောင်ရွက်မှုများမှာ အားရဖွယ်အခြေအနေ မရှိသေးဟု ခွန်ဒီးဒီက သုံးသပ်သည်။
“ရေးရာဝန်ကြီးတွေ တကယ်တမ်းလုပ်ရမှာက တိုင်းရင်းသားရေးရာအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးတွေ၊ သူတို့ရဲ့ မြေယာကာကွယ်ရေးတွေ၊ အခွင့်အရေးကာကွယ်စောင့်ရှောက်မှုအပိုင်းတို့ ၊ သူတို့ရဲ့ ဝိသေသလက္ခဏာ ဖော်ထုတ်တဲ့အပိုင်းတွေကို ပိုပြီးတော့ လုပ်သင့်တယ်လို့ထင်တယ်” ဟု ၎င်းက သုံးသပ်သည်။
တိုင်းရင်းသားရေးရာဝန်ကြီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ၂၀၁၁ နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ အဆုံးအဖြတ်ရယူခဲ့ရာ အခြားဝန်ကြီးများနှင့် တန်းတူဖြစ်ကြောင်း ခုံရုံးက ဆုံးဖြတ်ခဲ့သည်။
ထို့နောက်၂၀၁၅ ဖေဖော်ဝါရီတွင် ‘တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ’ ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုအဆင့် ထိုတိုင်းရင်းသားရေးရာဝန်ကြီးကိုမူ အခြားဝန်ကြီးဌာနများကဲ့သို့ လွှတ်တော်၏ သဘောတူညီမှုဖြင့် သမ္မတက ခန့်အပ်ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ပထမဆုံး ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာသူမှာ မွန်တိုင်းရင်းသား နိုင်သက်လွင်ဖြစ်သည်။
ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဟူ၍ ဦးစီးဌာနနှစ်ခု ပါဝင်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးများသည် ၎င်းတို့ရွေးကောက်ခံရသည့်ဒေသများတွင် အဆိုပါဌာနနှစ်ခုကို ကြီးကြပ်ခွင့်ရသည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
ထိုဦးစီးဌာနနှစ်ခုမှာ ယခုအချိန်အထိ ဝန်ထမ်းမပြည့်စုံသေးကြောင်းနှင့် လုပ်ဆောင်ချက်များသည်လည်း အားနည်းနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် စစ်ကိုင်းတိုင်း၏ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်တို့က ပြောသည်။
ဦးစီးဌာနနှစ်ခုအပြင် ဝန်ကြီးချုပ်က တာဝန်ပေးအပ်သည့် ဌာနများကိုလည်း တိုင်းရင်းသားရေးရာဝန်ကြီးများက ပူးတွဲတာဝန်ယူရသည်။ ဥပမာအားဖြင့် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးသည် ဦးစီးဌာန နှစ်ခုသာမက ဟိုတယ်နှင့်ခရီးသွားလာရေးဌာနကိုလည်း တာဝန်ယူရသည်။
တိုင်းရင်းသားရေးရာဝန်ကြီးဌာနများသည် ကိုယ်စားပြုတိုင်းရင်းသားများသာမက သက်ဆိုင်ရာဒေသရှိ လူနည်းစုတိုင်းရင်းသားများအတွက်ပါ ဥပဒေကပေးသည့် အခွင့်အရေးများ ခံစားခွင့်ရရန် ဆောင်ရွက်ပေးနိုင်သူများဖြစ်သည်ဟု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ပြောသည်။
“တခြားပြည်နယ်၊ တိုင်းဝန်ကြီးတွေလို selected (ရွေးချယ်ခံ) မဟုတ်ပါဘူး။ elected (ရွေးကောက်ခံ) ကိုယ်စားလှယ်အဖြစ် အရွေးခံရမှ ဝန်ကြီးဖြစ်တဲ့ ဝန်ကြီးတွေ ဖြစ်ပါတယ်။ သူတို့က လွှတ်တော်မှာလည်း တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးနိုင်သလို cabinet (အစိုးရအဖွဲ့) မှာလည်း သူတို့တိုင်းရင်းသားကိစ္စများကို တင်ပြဆွေးနွေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
နေ့ထူးနေ့မြတ်အခမ်းအနားပင် လွတ်လပ်စွာ ကျင်းပခွင့်မရ
ဥပဒေတွင် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် ထည့်သွင်းပြဋ္ဌာန်းထားသော်လည်း တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ဖွံ့ ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ပိုင်ခွင့်အကန့်အသတ်များ ရှိနေဆဲဖြစ်သည်ဟု ကချင်ပြည်နယ်လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ပြောသည်။
“တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာ တိုင်းရင်းသားများရဲ့ဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ဒါမျိုးတွေကို ဆောင်ရွက်ဖို့ ဥပဒေမှာပါပေမဲ့ တိုင်းရင်းသားဒေသတွေ လမ်းပန်းဆက်သွယ်ရေးအတွက် ရွာချင်းဆက်တွေ စသဖြင့် ဒီကိစ္စတွေကတော့ ကျွန်တော်တို့ဆီမှာ လုပ်ပိုင်ခွင့်မရှိတဲ့အတွက်ကြောင့် အဓိကအရေးကြီးတဲ့ကဏ္ဍတွေက ကျွန်တော်တို့ လုပ်ပိုင်ခွင့်မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။
ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုကမူ စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးရေးသည်လည်း တိုင်းရင်းသားအခွင့်အရေးများပင် ဖြစ်သည့်အတွက် စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းသည် တိုင်းရင်းသားအခွင့်အရေးအတွက် လုပ်ဆောင်ခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ဆိုသော်လည်း တိုင်းရင်းသားခေါင်းဆောင်များအတွက် ရည်စူးကျင်းပသည့် ကရင့်အာဇာနည်နေ့ကဲ့သို့ အထိမ်းအမှတ်ပွဲများနှင့် ပတ်သက်၍ပင် ကန့်သတ်ချက်နှင့် ပိတ်ပင်ချက်တို့ ရှိနေဆဲဖြစ်သည်။
ဧရာဝတီတိုင်း၌ ၂၀၁၉ တွင် ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ‘အာဇာနည်’ ဟူသော အသုံးအနှုန်း အသုံးမပြုရန် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်ရပ်သည် ကရင့်တိုင်းရင်းသားအခွင့်အရေးအတွက် အကာအကွယ်ပေးရန် ရွေးကောက်တင်မြှောက်လိုက်သည့် တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်တိုင်က ၎င်းကိုယ်စားပြုသည့် တိုင်းရင်းသားများကို ဖိနှိပ်မှုဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်သည်။
“တန်းတူညီမျှရေးမရှိရင် ဘာမှလုပ်လို့မရဘူး။ အမွေအနှစ်တွေ၊ နေ့ထူးနေ့မြတ်တွေအတွက်က ဥပဒေမှာပါပြီးသား။ ဒါကို မလုပ်ရဘူး။ လူတွေအပေါ်မှာပဲ ဆိုင်တယ်လို့မြင်တယ်” ဟု လယ်သမားနှင့်တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှက ပြောသည်။
နော်အုန်းလှသည် လာမည့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။
ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ဩဂုတ် ၁၂ ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ၂၀၁၄ မှစ၍ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိမြို့နယ်များတွင် ကျင်းပလာခဲ့သည်။
ကရင့်အာဇာနည်နေ့အခမ်းအနားကို ပိတ်ပင်ခြင်းမဟုတ်ဘဲ အစိုးရကတရားဝင်အသိအမှတ်ပြုထားခြင်း မရှိသေးသည့်အတွက် အာဇာနည်ဟူသော စကားလုံးကို အသုံးမပြုရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ဆိုသည်။
“ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ထိုး ထုတ်ပေးရတာ။ ဝန်ကြီးချုပ်ခိုင်းတာ၊ လုံနယ်ဝန်ကြီးက ခိုင်းတာ။ တကယ်တော့ လုံနယ်ဝန်ကြီးက အဓိကပေါ့နော်။ လုံနယ်ဝန်ကြီးကိုယ်တိုင်က မလုပ်ရဘူး။ ထုတ်ဆိုတော့ ကျွန်မကလည်း ဖိအားပေးမှုတွေကြောင့် ကိုယ့်လူတွေ မထိအောင်ဆိုပြီး ကျွန်မက ထုတ်ပေးလိုက်ခြင်းဖြစ်တယ်” ဟု ဂါ့မိုးမြတ်မြတ်သူက တုံ့ပြန်သည်။
အလားတူ ရန်ကုန်တိုင်းတွင်လည်း ‘ကရင့်အာဇာနည်နေ့’ ဟု ခေါင်းစဉ်တပ် အခမ်းအနားကျင်းပသည့်အတွက် ဦးဆောင်ကျင်းပသူ နော်အုန်းလှအပါအဝင် တက်ကြွလှုပ်ရှားသူ သုံးဦးမှာ ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲခံခဲ့ရသည်။
ဘတ်ဂျက်ပြဿနာ
တိုင်းရင်းသားရေးရာကိစ္စများ အကောင်အထည်ဖော်ရန် တိုင်းရင်းသားရေးရာဝန်ကြီးများသည် အသုံးစရိတ်အတွက် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့၏ငွေစာရင်းတွင် ထည့်သွင်းရေးဆွဲနိုင်သည်ဟု ဥပဒေက ပြဋ္ဌာန်းသည်။
ရုံးအဆောက်အအုံဆောက်လုပ်ခြင်းနှင့် ဝန်ထမ်းလစာပေးခြင်းအတွက် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ပြီး တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားစာပေသင်ရိုးကိစ္စ၊ ပွဲတော်နှင့် အခမ်းအနားကျင်းပခြင်းများအတွက် တိုင်းဒေသဘတ်ဂျက်ဖြင့် ဆောင်ရွက်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး၏ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်က ပြောသည်။
“ဘယ်တိုင်းရင်းသားက ဘယ်လောက်ဆိုတဲ့ ခေါင်းစဉ်တစ်ခုချင်းစီရဲ့ အသုံးဘတ်ဂျက်ဖြစ်ရင် ကျွန်မတို့ဘက်ကလည်း ဘယ်တိုင်းရင်းသားဆိုရင် လူဦးရေဘယ်လောက်ရှိတယ်၊ နယ်မြေဘယ်လောက်ကျယ်တယ်ဆိုတာကြည့်ပြီး စီမံခန့်ခွဲလို့ ရတယ်” ဟု ဒေါ်မွှေးမွှေးခင်က ပြောသည်။
ကချင်ပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီး ငါးဦးရှိသည့်အနက် တစ်ဦးစီအတွက် ဘတ်ဂျက်ခွဲတမ်းမှာ ကျပ်သိန်း ၈၀၀ သာ ရရှိသည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိသည်ဟု လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ဆိုသည်။
သို့သော် တပ်မတော်အုပ်ချုပ်မှုအောက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနသည် ဘတ်ဂျက်ပိုမိုရရှိသည့်အတွက် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းကဲ့သို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ပေးနိုင်သည်ဟု ဒေါ်မွှေးမွှေးခင်က ပြောသည်။
“သူတို့က ဖွံ့ဖြိုးရေးဘက်ကို ပိုလုပ်နိုင်သလို တိုင်းရင်းသားရေးရာဝန်ကြီးတွေက စာပေယဉ်ကျေးမှုဘက်ကို ပိုလုပ်နိုင်တာပေါ့” ဟု ဒေါ်မွှေးမွှေးခင်က ပြောသည်။
တိုင်းရင်းသားရေးရာဝန်ကြီးများသည် ဥပဒေကပေးထားသည့် လုပ်ပိုင်ခွင့်များကို အပြည့်အဝမရရှိသည့်အပြင် လုပ်ငန်းတာဝန် သတ်မှတ်ချက်မရှိဟု ဂါ့မိုးမြတ်မြတ်သူက ပြောသည်။
“ကျွန်မတို့မှာ သတ်သတ်မှတ်မှတ် ဘာမှမရှိဘူး။ ပညာရေးဆိုလည်း လူမှုရေးနဲ့သွားချိတ်ရတယ်။ ကျန်းမာရေးဆိုလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ချိတ်ရတယ်။ စီးပွားရေးဆိုလည်း စီးပွားကူးသန်းနဲ့ချိတ်ရတယ်။ စိုက်ပျိုးရေးဆိုလည်း စိုက်ပျိုးရေးဝန်ကြီးနဲ့ချိတ်ရတယ်။ ငွေကြေးဆိုရင်လည်း စီမံဘဏ္ဍာနဲ့ချိတ်ရတယ်။ ကျွန်မတို့မှာ ချိတ်ရတာကြီးပဲ”ဟု ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ နေရာရှာ
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက ဆောင်ရွက်ရမည့်ကိစ္စများအနက် တိုင်းရင်းသားများ၏စာပေယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ ရရှိရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်သည်။
သို့သော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများ ပါဝင်နိုင်မှု အားနည်းသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော်လည်း ထိုဒေသများရှိ ချင်းတိုင်းရင်းသားအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ဦးငိုင်ဆာ့ခ်က ဆိုသည်။
နိုင်ငံတော်သမ္မတက တိုင်းရင်းသားရေးရာဝန်ကြီးအားလုံးနှင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း တွေ့ဆုံခဲ့ရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးများ ပါဝင်ကူညီဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ကျန်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးရေးနှင့် တိုက်ပွဲများရပ်တန့်ရေးတွင် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန်လည်း သမ္မတက တိုက်တွန်းခဲ့ သည်။
သို့သော် တိုင်းရင်းသားရေးရာဝန်ကြီးတိုင်းမှာ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသမှ မဟုတ်သည့်အတွက် တစ်ပြေးညီ စဉ်းစားမရနိုင်ဟု ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဆိုသည်။
“ငြိမ်းချမ်းရေးကိစ္စမှာဆိုရင် တိုက်ရိုက်ဝင်ပြောဖို့ရာ ခက်လိမ့်မယ်လို့ ယူဆတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးတိုင်း တိုက်ပွဲဖြစ်ပွားရာဒေသက မဟုတ်လို့ တစ်ပြိုင်နက်တည်းတွေးလို့ မရဘူး။ ဒါသည် ဖက်ဒရယ်ကိုသွားဖို့ပုံစံ မဟုတ်ဘူး။ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်မယ်ဆိုရင် ပြဿနာရှိတဲ့ အရင်းအမြစ်ရှိတဲ့နေရာမှာပဲ ဒါတွေလုပ်ဖို့ သမ္မတက တွန်းအားပေးရမှာ” ဟု ၎င်းက သုံးသပ်သည်။
ဒီမိုကရေစီဖက်ဒရယ်စနစ်ကို သွားမည်ဆိုပါက လက်ရှိတိုင်းရင်းသားရေးရာဝန်ကြီးနေရာများမှာ လိုအပ်မည်မဟုတ်သော်လည်း လက်ရှိကြားကာလတွင် အစိုးရအဖွဲ့တွင် တိုင်းရင်းသားများ၏ အသံကို ကိုယ်စားပြုလုပ်ဆောင်နိုင်သည်ဟု ဒေါ်ထုမေက သုံးသပ်သည်။
“တကယ်တမ်း ဖက်ဒရယ်စစ်စစ်ကိုတွန်းဖို့အတွက် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့ ဘတ်ဂျက်ကို ပိုတိုးပေးရမှာ။ အဲ့ဒီကနေတစ်ဆင့်မှ ပြည်နယ်တွေကို ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အတွက် တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ပြည်ထောင်စုမှာရှိတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တကယ်တမ်း ပြည်နယ်တွေမှာ လိုအပ်နေတဲ့ ဖွဲ့စည်းပုံရေးဆွဲရေးကို အကောင်အထည်ဖော်ရမှာ” ဟု ဒေါ်ထုမေက ပြောသည်။