သတင်း

အမ်းတွင် ကျောင်းသားကို ရိုက်နှက်ခဲ့သည့် တပ်မတော်သားများကို အရေးယူမည်ဟုထုတ်ပြန်

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကျောင်းသားတစ်ဦးကို ရိုက်နှက်ခဲ့သည့် တပ်မတော်သားသုံးဦးကို အရေးယူသွားမည်ဟု တပ်မတော်က ယနေ့ (ဩဂုတ် ၃၁) ထုတ်ပြန်သည်။ 

အမ်းမြို့နယ်၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဟင်းရွက်ဆည်သည် တားမြစ်နယ်မြေဖြစ်သည့်အတွက် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ညီညီစိုးကို မလာရောက်ရန်ပြောဆိုရာမှ နားလည်မှုလွဲမှားကာ ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟု တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ရိုက်နှက်မှုဖြစ်ပွားသည့်နေ့တွင် မောင်ညီညီစိုးကို ဆေးဖိုးအဖြစ် ငွေကျပ်သုံးသောင်းပေးခဲ့ပြီး နောက်တစ်နေ့ တွင် ငွေကျပ်သုံးသိန်းထပ်မံပေးခဲ့ကြောင်း၊ ဖြစ်စဉ်တွင်ပါဝင်သည့် တပ်မတော်သားများကို စစ်စည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။  

သို့သော် တပ်မတော်က ထောက်ပံ့သည့် ငွေကျပ် သုံးသိန်းကို မောင်ညီညီစိုးက လက်ခံခဲ့ခြင်းမရှိသလို တပ်၏ ရိုက်နှက်ခြင်းကို မကျေနပ်သည့်အတွက် သမ္မတရုံးသို့ စာပေးပို့တိုင်ကြားသွားမည်ဟု ကျောက်ဖြူ ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုရန်ပိုင်စိုးက ပြောသည်။

ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သည့် မောင်ညီညီစိုးကို ရိုက်နှက်ခဲ့သည့် တပ်မတော်သားသုံးဦးသည် ဟင်းရွက်ဆည်အနီးတွင်ရှိသည့် ခြေမြန်တပ်ရင်း ခမရ ၇၅၇ မှဖြစ်ပြီး တပ်မတော်သားများမေးမြန်းသည်ကို ကောင်းမွန်စွာပြန်လည်ဖြေကြားသော်လည်း ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ကိုရန်ပိုင်စိုးက ပြောသည်။ 

“သူတို့မေးတာဖြေပြီးလို့ ပြန်တော့မယ်လုပ်တာကို ပေးမပြန်ဘဲ ချုံပုတ်ထဲ ဆွဲခေါ်ပြီး ဝိုင်းရိုက်ကြတာ။ မင်းကို အလောင်းဖျောက်လိုက်လို့ ရတယ်ဆိုပြီးလည်း ပြောသေးတယ်” ဟု ၎င်းက ပြောသည်။

ရိုက်နှက်ခံရမှုကြောင့် မောင်ညီညီစိုး၏ မျက်နှာနှင့် ခြေသလုံးတွင် ဒဏ်ရာများရရှိခဲ့ပြီး ရိုက်ခံရပြီး နောက်တစ်နေ့အထိ မူးဝေနေသည်ဟု ကိုရန်ပိုင်စိုးက ပြောသည်။ 

ပြီးခဲ့သည့် ဧပြီလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသားငါးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူရန် ဖမ်းဆီးခေါ်ဆောင်လာစဉ် စစ်ရေယာဉ်ပေါ်၌ တပ်မတော်သားများက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြရာ ဥပဒေမဲ့ကျူးလွန်သူ တပ်မတော်သားများကို အရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။ 

Show More

Related Articles

Back to top button