ရွေးကောက်ပွဲ

ဖိအားပေးခံရ၍ မွတ်စလင်အမတ်လောင်းကို ပယ်ချခဲ့ဟု မော်လမြိုင်ခရိုင်ရွေးကော်ဥက္ကဋ္ဌဆို

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသူ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတစ်ဦးကို ပယ်ချလိုက်ရခြင်းမှာ ဖိအားပေးခံရ၍ဖြစ်ကြောင်း မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် (၁) မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အစ္စလာမ်ဘာသာဝင် ဦးမောင်မောင်ကို ကိုယ်စားလှယ်လောင်းအရည်အချင်း မပြည့်မီသည့်အကြောင်းပြချက်ဖြင့် မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၆ တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။ 

ဦးမောင်မောင်၏အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ကြောင်း၊ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်ပေးပို့ခဲ့ပြီးနောက် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်စိုးမြင့်က ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကော်မရှင်ကြီး( ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်) က ကျွန်တော်တို့ကို နည်းနည်းလေး ဖိအားပေးတဲ့သဘောရှိတယ်” ဟု ၎င်းက ပြောသည်။

“သူတို့ ဆုံးဖြတ်လိုက်ရင်တော့ အပြီးပဲပေါ့။ ဒါပေမယ့် သူတို့မဆုံးဖြတ်ဘူး။ ခရိုင်ကနေ ဆုံးဖြတ်တဲ့သဘောမျိုးဖြစ်အောင် ကျွန်တော်တို့ကို အစီရင်ခံစာတင်ခိုင်းတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့ အစီရင်ခံစာတင်ပြီးတော့ သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေပြီးတော့ ကျွန်တော်တို့ ပယ်ဖျက်လိုက်ပါတယ်” ဟု ဦးအောင်စိုးမြင့်က ပြောသည်။ 

၎င်း၏ဖခင်မှာ အမျိုးသားမှတ်ပုံတင် (အမတ) ကိုသာ ကိုင်ဆောင်ထားသူဖြစ်၍ ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းနေသည်ဟုဆိုကာ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ပယ်ချခံရသူ ဦးမောင်မောင်က ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကလည်း ကမ္ဘာကို ကြေညာထားတယ်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုမရှိဘူးလို့ ပြောထားတယ်။ သို့သော် ဒီနေ့ ကျွန်တော် ခွဲခြားခံနေရတယ်” ဟု ဆိုသည်။ 

၎င်း၏ ဖခင်ဖြစ်သူမှာ ၁၉၇၁ တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်၍ ထိုအချိန်က ကိုင်ဆောင်ခဲ့သည့် အမျိုးသားမှတ်ပုံတင် (အမတ) သာရှိကြောင်း ရွေးကောက်ပွဲကော်မရှင်မှာ ရွေးကောက်ပွဲဥပဒေကို ကျော်လွန်လုပ်ဆောင်နေကြောင်း ဦးမောင်မောင်က ပြောသည်။

၎င်းကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချရန် အချိန်များစွာရှိခဲ့သော်လည်း ရက်ကပ်ပြီးပယ်ခဲ့သည့်အတွက် အယူခံဝင်ရန် အခွင့်အရေးဆုံးရှုံးခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။

ဦးမောင်မောင်မှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် မွေးဖွားခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ချိန်ကတည်းကပင် ပါတီဝင်ခဲ့သူဖြစ်သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မဲဆန္ဒနယ် (၁)မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့ရာ ရွေးချယ်ခြင်းမခံရသည့်အတွက် ပါတီမှ နုတ်ထွက်ကာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှ ဝင်ရောက်ယှဉ် ပြိုင်ပြီး အနိုင်ရခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးလွင်စိုးမင်း၏ဖခင်မှာ ၎င်းကို မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသည့်အတွက်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်က ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ဖူးသည်။ 

ရွေးကောက်ပွဲကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရာ ပြည်ထဲရေးဝန်ကြီးဌာနဘက်က ဦးလွင်စိုးမင်း၏ ဖခင်သည် ၎င်းကို မွေးစဉ်အခါက အမျိုးသားမှတ်ပုံတင်ကတ် (အမတ) ကိုင်ဆောင်ထားသူဖြစ်၍ နိုင်ငံသားဖြစ်ကြောင်း ပြန်စာပေးပို့ရာ ရွေးကော်က ဦးမြင့်အောင်၏ကန့်ကွက်လွှာကို ပယ်ချကာ ဦးလွင်စိုးမင်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်စေသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

ဦးလွင်စိုးမင်း၏အမှုဖြစ်စဉ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံရုံးမှ ထုတ်ဝေထားသည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၊ ကန့်ကွက်လွှာအမှုများ စီရင်ထုံးစာအုပ် စာမျက်နှာ ၂၅၀ နှင့် ၂၅၁ တို့တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်သွင်းထားသည့် မွတ်စလင်အမတ် ခြောက်ဦးအနက် ငါးဦးမှာ ၎င်းတို့မွေးဖွားစဉ်က မိဘများသည် နိုင်ငံသားမဖြစ်ဟူသော အချက်ဖြင့် ယခုလဒုတိယအပတ်အတွင်းက ပယ်ချခံခဲ့ရပြီး အယူခံတင်သွင်းခဲ့သော်လည်း ထပ်ပယ်ချခံခဲ့ရသည်။

Show More

Related Articles

Back to top button