ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုနှင့် လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့တွင်းသို့ ယနေ့ (ဩဂုတ် ၂၇) တွင် တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားရာ ရှမ်းရွာရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ အရွယ် မောင်နိုင်ဝင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
အောင်ဇံဝေလမ်း (ခေါ်) မြို့ပတ်လမ်းတစ်နေရာတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်ဦးသန်းဝေက ပြောသည်။
“ည ၁နာရီဝန်းကျင်လောက်မှာ သူက အိမ်သာသွားဖို့ ထွက်တယ်ထင်ပါတယ်။ ထွက်တဲ့အချိန်မှာ စစ်သားတွေနဲ့ တွေ့လို့ ပစ်သတ်ခံရတာပါ။ ရွာပြင်မှာလည်းမဟုတ်ဘူး။ ရွာထဲက သူ့အစ်မအလတ်အိမ်နားမှာ ပစ်သတ်ခံရတာပါ ” ဟု ဒေါ်ဦးသန်းဝေက ပြောသည်။
သေဆုံးသူ မောင်နိုင်ဝင်း၏ အလောင်းကို မနက်မိုးလင်းချိန်မှ တွေ့ရှိခဲ့ပြီး ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းက ပြောသည်။
သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်ခု ဆေးရုံသို့ရောက်ရှိနေခြင်းမှာ ဟုတ်မှန်ကြောင်း ကျောက်တော်ဆေးရုံမှ ဒေါက်တာသန်းထွန်းဦးက အတည်ပြုသည်။
“ကျနော်တို့က ရင်ခွဲစစ်ဆေးမှု မလုပ်ရသေးဘူး။ အခုစစ်ဆေးဖို့လုပ်နေပါတယ်” ဟု ဒေါက်တာသန်းထွန်းဦးက ပြောသည်။
ကျောက်တော်မြို့နယ် ကျောက်တော် – ဝါးကင်း – ကျေးရွာသွားလမ်းကြောင်းပေါ်တွင် အမျိုးသားနှစ်ဦး အပြန်အလှန်မီးအချက်ပြ ဆက်သွယ်နေသောကြောင့် စစ်ဆေးရန်ခေါ်ယူစဉ် ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ထိုသို့ပစ်ခတ်စဉ် အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးသေဆုံးပြီး ကျန်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ သေဆုံးသူထံမှ လက်ကိုင်စကားပြောစက်တစ်လုံး၊ ငွေကျပ် ၁၀၀၀ နှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းက ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီးတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင်း ကောက်စိုက်ရာမှပြန်လာသည့် အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျောက်တော်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။
လက်နက်ကြီးစထိမှန်မှုကြောင့် အပေါက်ဝရွာမှ အသက် ၃၇ နှစ်အရွယ် ဒေါ်ဘုမတွင် ခါးထိမှန်ဒဏ်ရာ၊ အသက် ၃၇ နှစ်အရွယ် ဒေါ်မကျော့စိန်တွင် ဘယ်ဘက်လက်မောင်းထိမှန်ဒဏ်ရာနှင့် အသက် ၃၃ နှစ်အရွယ် ဒေါ်အေးသိန်းကျော့တွင် ရင်ဘတ်ထိမှန်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု ဆိုသည်။
ဒေါ်ဘုမမှာ ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ် နေ့လယ် ၃ နာရီခန့်က သေဆုံးသွားသည်ဟု ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာပရဟိတအဖွဲ့ထံမှ သိရသည်။
ယနေ့နံနက်ပိုင်းတွင် အပေါက်ဝရဲစခန်းရှိ တပ်မတော်စစ်ကြောင်းက အပေါက်ဝကျေးရွာရှိ စစ်တွေ – ရန်ကုန်ကားလမ်းမပေါ်သို့ထွက်လာပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အမည်မဖော်လိုသည့် အပေါက်ဝကျေးရွာသားတစ်ဦးက ပြောသည်။
“အပေါက်ဝရဲစခန်းမှာရှိတဲ့ စစ်ကြောင်းက ကားလမ်းမဘက်ကို ထွက်လာတယ်။ ထွက်လာပြီးတော့ လက်နက်ကြီးလေးငါးချက်ပစ်။ လက်နက်ငယ်တွေလည်းပစ်တယ်။ အဲဒီအချိန်မှာ ကောက်စိုက်ပြီးဝင်လာတဲ့ အမျိုးသမီးတွေအနီးကို လက်နက်ကြီးကျည်ကျကွဲလို့ ကျည်စထိမှန်သွားတာပါ” ဟု အဆိုပါ အပေါက်ဝကျေးရွာသားက ပြောသည်။