၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုမဟုတ်ဘဲ ရွေးကောက်ပွဲဝင်ပြိုင်ရန် လျှောက်ထားသူ ပါတီဝင်များရှိနေပြီး ထိုသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယနေ့ (ဩဂုတ် ၂၆) တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။
ထုတ်ပယ်ခံရသည့် ပါတီဝင်များမှာ လာမည့်အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ သို့မဟုတ် အခြားနိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးကောက်ပွဲဝင်ရန် လျှောက်ထားနေကြောင်း သိရှိရသဖြင့် ယနေ့ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအနေဖြင့် ပါတီဗဟိုက ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရွေးချယ်ခံမည်ဆိုပါက ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခံရမည့် မူဝါဒရှိထားပြီးဖြစ်ရာ ထိုမူဝါဒအရ ပါတီဝင် ၄၀ နီးပါးကို ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
“သူတို့ကို ပါတီဝင်အဖြစ်က မထုတ်ပယ်ရင် မဲဆန္ဒရှင်တွေအနေနဲ့ ဘယ်သူက ကျွန်တော်တို့အဖွဲ့ချုပ်ကို အမှန်တကယ်ကိုယ်စားပြုတယ်ဆိုတာ ဝေဝါးသွားနိုင်ပါတယ် ” ဟု ၎င်းက ပြောသည်။
ထုတ်ပယ်ခံရသည့် ပါတီဝင်များ၏ အမည်များကို ပြောကြားရန်ကိုမူ ဒေါက်တာမျိုးညွန့်က ငြင်းဆိုသည်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်း ၁၁၄၃ ယောက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယနေ့ထုတ်ပယ်ခံရသူ အများစုမှာ ပါတီကရွေးချယ်သည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် မပါဝင်သောကြောင့် တစ်နည်းနည်းဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးစားနေကြသူများဖြစ်ပြီး ပါတီကိုလည်း နုတ်ထွက်စာ တင်ထားကြသူများဖြစ်သည်ဟု မုံရွာအောင်ရှင်က Radio Free Asia သတင်းဌာနကို ဖြေကြားထားသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၁ အရ နိုင်ငံရေးပါတီတစ်ခုမှ နုတ်ထွက်ခွင့် မရသေးသူများမှာ အခြားပါတီတစ်ခုခု ကိုယ်စားပြုကာ ရွေးချယ်ခံခွင့် မရှိပေ။
ပါတီမှ ထုတ်ပယ်ခံရသူများတွင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ကယားပြည်နယ်မှ ခုနစ်ဦးပါဝင်နေပြီး အများစုမှာ ပါတီသို့ နုတ်ထွက်စာတင်ထားကြသူများဖြစ်ကြောင်း ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၃ တွင် ထုတ်ပြန်ခဲ့ပြီး ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီများကို တိုင်းနှင့်ပြည်နယ်အလိုက် ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။



