
ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (DHRP) ကိုယ်စားပြု ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသည့် မွတ်စလင်လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦးကို နိုင်ငံသားအရည်အချင်း မပြည့်မီသည့်အကြောင်းပြချက်ဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်များက ပယ်ချထားသည်။
ပယ်ချခံရသူလေးဦးအနက် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းလည်း ပါဝင်သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ဦးကျော်မင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် မွတ်စလင်ကိုယ်စားလှယ်လောင်းတချို့ရှိခဲ့သော်လည်း မွတ်စလင် ၂၈ ဦးအပါအဝင် ကိုယ်စားလှယ်လောင်းခြောက်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲတွင်မူ အစ္စလာမ်ဘာသာဝင်တစ်ဦးမျှ အနိုင်မရခဲ့ပေ။
မွတ်စလင်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲဝင်ရန်လျှောက်ထားမှု ပယ်ချခံရခြင်းနှင့်ပတ်သက်၍ DHRP ပါတီဥက္ကဋ္ဌ ဦးကျော်မင်းကို Myanmar Now က မေးမြန်းထားသည်များမှ ထုတ်နုတ်ဖော်ပြလိုက်သည်။
မေး။ ။ ရခိုင်မြောက်ပိုင်းက ဝင်ရောက်ရွေးချယ်ခံမယ့် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုအကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာလဲ။
မေး။ ။ အဓိကအကြောင်းပြချက်က မိဘများ နိုင်ငံသားဖြစ်ကြောင်းအထောက်အထား မခိုင်လုံဘူးတဲ့။ အမျိုးသားမှတ်ပုံတင်ဆိုတာ နိုင်ငံသားလက်မှတ်မဟုတ်ဘူးလို့ သူတို့ကပြောတယ်။ အဲ့ဒါကြောင့် မိဘများ နိုင်ငံသားဖြစ်ကြောင်း မခိုင်လုံဘူးဆိုပြီးတော့ အကြောင်းပြတာပေါ့။ ကျွန်တော်တို့ မိဘဆုံးသွားတာ နှစ် ၉၀ ရှိပြီ။ အဲ့ဒီကာလက စိစစ်ရေးကတ်ပြားမှ မရှိတာ။ ဘယ်ကနေ ပေးမလဲ။ ၂၀၁၀ မှာ အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်တဲ့ မိဘများရဲ့သားသမီးပဲ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တာ။ ခုကျမှ အဲဒီဥပဒေပဲ ၂၀၀၈ ဖွဲ့စည်းပုံပေါ့။၂၀၁၀ ရွေးကောက်ပွဲဥပဒေလည်း ဒီအတိုင်းပဲ၊ အပြောင်းအလဲမှ မရှိတာ။ ဒါပေမယ့် ကိုယ်စားလှယ်ရွေးတဲ့အချိန်မှာ အပြောင်းအလဲဖြစ်တယ်ဆိုတာက နည်းနည်းတော့ ထူးဆန်းတယ်။ ဒီမိုကရေစီ ပီပြင်ဖို့အတွက် အစိုးရက လုပ်တာလား။ လူမျိုးတစ်မျိုးကို ဖိနှိပ်ဖို့လုပ်တာလား။ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။
(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော လွှတ်တော်အရပ်ရပ်၏ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (င) အရ ‘မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသား’ သည် ရွေးကောက်ခံပိုင်ခွင့် မရှိပေ)
မေး။ ။၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း ပယ်ချခံခဲ့ရတယ်လို့ သိရတယ်။
ဖြေ။ ။၂၀၁၅ တုန်းကလည်း ဒီအချက်ပဲ။ မိဘများ နိုင်ငံသားဖြစ်ကြောင်း အာမခံပြောလို့မရဘူးပေါ့။ ကျွန်တော်တို့သိတာက အမတ (အမျိုးသားမှတ်ပုံတင်) ဆိုတာကို နိုင်ငံခြားသားကို ဥပဒေအရ မပေးရဘူး။ တိတိကျကျပြောရရင် နိုင်ငံခြားသားများကို အမတ ယာယီမှတ်ပုံတင်ကတ်ပြား ထုတ်ပေးလို့မရဘူးဆိုတာ အတိအကျ ပြဋ္ဌာန်းထားတယ်။ အခုကျတော့ နိုင်ငံသားမဖြစ်နိုင်ဘူးဆိုတာမျိုးလုပ်တော့ ဘယ်လိုပြောရမှာလဲ။ ၁၉၈၂ ဥပဒေ မတိုင်ခင်က နိုင်ငံသား ဘာနဲ့ စိစစ်လဲ။ အဲဒီ အမတနဲ့ပဲ စိစစ်တာပေါ့။ အမတ ပြနိုင်ရင် နိုင်ငံသား။ အမတ မပြနိုင်ရင် နိုင်ငံခြားသားပေါ့။
၁၉၈၂ ဥပဒေအရဆိုလဲ ကျွန်တော်တို့က နိုင်ငံသားပေါ့။ ၁၉၈၂ ခုနှစ် မတိုင်မီကာလက ကျွန်တော်တို့က ရှိသမျှသော ရွေးကောက်ပွဲတိုင်းမှာ ရွေးကောက်ခွင့်၊ ရွေးကောက်ခံခွင့်တွေ ရှိခဲ့တယ်လေ။
၂၀၁၅ မှာ ရိုဟင်ဂျာအားလုံးနီးပါးကို မဲထည့်ခွင့်မရှိဆိုပြီးတော့ ပါလီမန် (လွှတ်တော်) က ဆုံးဖြတ်ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့က အစဉ်မလာ မပျောက်အောင်လို့ဆိုပြီးတော့ ဟိုးလွတ်လပ်ရေး မရခင်ကတည်းက ကျွန်တော်တို့ ရွေးကောက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ အစဉ်အလာရှိခဲ့တယ်။ အဲဒီ အစဉ်အလာမပျောက်အောင် ဝင်ပြိုင်ဖို့အတွက် ကြိုးစားတယ်။ လျှောက်လွှာတင်တယ်ပေါ့။ ၁၈ နေရာ တင်တာမှာ ၃ နေရာပဲ ရခဲ့တယ်။ ရိုဟင်ဂျာနာမည်ပါတဲ့ ကိုယ်စားလှယ်လောင်း ၁၅ ဦးကို ပယ်ချခဲ့တယ်။
မေး။ ။၂၀၁၅ ခုနှစ်မှာ ကိုယ်စားလှယ်လောင်းတင်တော့ ဦးကျော်မင်းကို ကော်မရှင်က ဘယ်လိုအကြောင်းပြချက်နဲ့ ပယ်ချခဲ့တာလဲ။
ဖြေ။ ။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းပါ။၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်တော်က အကျဉ်းထောင်ထဲမှာပါ။၂၀၁၅ မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လျှောက်လွှာတင်ခဲ့တယ်။ ကျွန်တော့ကိုလည်း ပယ်ချခဲ့တယ်။ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာပါ။ ပယ်တဲ့အချိန်မှာ ပထမအချက်က ကန့်ကွက်တဲ့သူရှိတယ်ဆိုပြီးတော့ ပြောတယ်။ ဘယ်လိုကန့်ကွက်တယ်ဆိုတာကို စာရွက်နဲ့ ဖတ်ပြတယ်။ မိဘများ နိုင်ငံသားဖြစ်ကြောင်း အခိုင်အမာ မပြောနိုင်တဲ့အတွက်ကြောင့် လူကြီးမင်းကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုပါဆိုပြီးတော့။ အဲဒါက ကြိုတင်စီစဉ်ထားပြီးသား။
ကျွန်တော်တို့က သြဂုတ်လ ၂၉ ရက်နေ့မှာ လျှောက်လွှာတင်တယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျွန်တော်တို့ကို ခေါ်ပြီးတော့ မင်းတို့ကို ပယ်ချတယ်ဆိုတာကို အမိန့်ထုတ်လိုက်တယ်။ ခရိုင်ကော်မရှင်ရုံးက။ တစ်ရက်တည်းမှာ သူတို့ ဘယ်လိုစိစစ်လို့ ရသွားလဲ။ ကျွန်တော်နဲ့ ပတ်သက်တာ လူဖြစ်ဖြစ်၊ စာရွက်စာတမ်းအထောက်အထားအဖြစ် ဘာတစ်ခုမှ စိစစ်တာ မရှိဘဲနဲ့ အမိန့်ထုတ်တယ်။ ဆိုလိုတာက ကြိုတင်စီစဉ်ထားပြီးသား၊ အထက်က အမိန့်ထုတ်ထားပြီးသား၊ လက်မှတ်ထိုးပေးတာ တစ်ခုပဲ ရှိတယ်။
မေး။ ။ ရွေးကောက်ပွဲကော်မရှင်ကတော့ အမတကိုင်တဲ့ သူတွေက ပါတီထောင်လို့ရ၊ မဲပေးလို့ရပေမယ့် ရွေးကောက်ခံတော့ မဖြစ်ရဘူးလို့ ပြောထားပါတယ်။
ဖြေ။ ။ ခုက အဲ့ဒီ အမတကိုင်တဲ့သူတွေက အရွေးခံတာမှ မဟုတ်တာ။ သူတို့ရဲ့သား၊သမီးတွေ မြေးတွေက နေ (နိုင်ငံသား) ကတ်ပြားကိုင်ပြီးတော့ အရွေးခံတာ။ မိဘက နိုင်ငံသားဖြစ်ဖို့ပဲ လိုတာ။ အမတကိုင်တဲ့သူက နိုင်ငံသားလား၊ နိုင်ငံခြားသားလား အဲဒါပဲ ဆုံးဖြတ်ဖို့လိုတာ။ ဥပဒေမှာ နိုင်ငံသားမို့လို့ ဒီကတ်ပြားထုတ်ပေးခဲ့တာဆိုရင် အဲ့ဒီ အမတကိုင်ခဲ့တဲ့သူတွေသည် နိုင်ငံသားပေါ့။ သူတို့ရဲ့ သားသမီးတွေက အခု (နိုင်ငံသား) ကတ်ပြားကိုင်တယ်။ နိုင်ငံသားမိဘက မွေးလို့ (နိုင်ငံသား) ကတ်ပြားကိုင်တာပေါ့ ၁၉၈၂ ဥပဒေအရ။ သူတို့ခေတ်မှာက ၁၉၈၂ ဥပဒေ မရှိခဲ့ဘူးလေ။ ကျွန်တော့အဖေ ဆုံးသွားတာ နှစ်ပေါင်း ၇၀ ရှိသွားပြီ။ ၁၉၇၂ ခုနှစ်က (နိုင်ငံသား) ကတ်ပြားမှ မရှိတာ။ အမတလည်း မရှိဘူး။ (နိုင်ငံသား) ကတ်ပြားလည်း မရှိဘူး။ ကျွန်တော်တို့ရဲ့ မျိုးရိုးရာဇဝင်တွေ၊ စာရွက်စာတမ်းတွေ ကြည့်ပြီးတော့ ဒီနိုင်ငံဖွား ဒီနိုင်ငံသားဆိုပြီးတော့ ၁၉၉၀ မှာ ကျွန်တော့်ကို အရွေးခံခွင့်တွေ ပြုခဲ့တယ်။ အဲ့လိုလူတွေက အများကြီးရှိတယ်လေ။
မေး။ ။ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုတွေ ပယ်ချခံရတာ ရွေးကောက်ပွဲ နှစ်ကြိမ်ရှိပြီဆိုတော့ ဒါဟာ ဥပဒေအရ အငြင်းပွားစရာကိစ္စလို့ ယူဆလား။
ဖြေ။ ။ ကျွန်တော်တို့မြင်တာ လေ့လာထားတဲ့ ဥပဒေတွေအတိုင်းဆိုရင် ကိုယ်စားလှယ်မဖြစ်နိုင်စရာ မရှိဘူး။ ၁၉၈၂ ဥပဒေမှာလည်း အပိုဒ် (၆)မှာ နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံသားဖြစ်သည်ဆိုတာ ပါပြီးသားပဲ။ ၁၉၈၂ မတိုင်ခင်က ကျွန်တော်တို့က နိုင်ငံခြားသားမှ မဟုတ်တာ။ အခွန်ဆောင်ခဲ့ရတာမှ မဟုတ်တာ။ ဘယ် လဝက ကမှ လာပြီးတော့ ခင်ဗျားတို့ အခွန်ဆောင်ပါ၊ နိုင်ငံခြားသားပါ၊ FRC (Foreigner Registration Certificate- နိုင်ငံခြားသားသက်သေခံကတ်ပြား) မှတ်ပုံတင်ပါဆိုပြီးတော့ အဲ့လိုမပြောခဲ့ဘူး။ အမျိုးသား မှတ်ပုံတင်ထုတ်ပေးခဲ့တယ်။ အစဉ်အဆက် နှစ်တိုင်းနှစ်တိုင်း မွေးလာတဲ့လူငယ်တွေကို အမတ ထုတ်ပေးခဲ့တယ်။ ၁၉၈၂ နောက်ပိုင်းမှာလည်း ပေးတယ်လေ။ ၁၉၉၀ ရွေးကောက်ပွဲဆိုတာက ၈၂ နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာလေ။
အခုကျတော့ ဒီမိုကရေစီအစိုးရ ဦးဆောင်ပြီးတော့ ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်နေတယ်လို့ ကျွန်တော်တို့ မြင်တယ်။ လူထုရဲ့ အခြေခံအခွင့်အရေးကို ပိတ်ပင်နေတယ်။ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်များကို ပိတ်ပင်နေတာပါ။ အဲ့ဒါကို ဥပဒေအတိုင်းလို့ ဘယ်ပြောလို့ ရမှာလဲ။ နိုင်ငံတော်ပေါ်လစီဆိုတာ အားလုံး မှန်ချင်မှလည်း မှန်မှာပေါ့။ လူမျိုးတစ်မျိုးအတွက်က တစ်မျိုး၊ အခြားလူမျိုးတစ်မျိုးအတွက်က တစ်မျိုးဆိုရင် ဒါဟာ မှန်ကန်တဲ့ဒီမိုကရေစီ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
မေး။ ။ ဦးသိန်းစိန်အစိုးရခေတ်ကရော ရခိုင်မြောက်ပိုင်းက မွတ်စလင်တွေ ရွေးကောက်ပွဲဝင်ခွင့် ရခဲ့လား။
ဖြေ။ ။၂၀၁၀ ခုနှစ်တုန်းက ပြည်ထောင်စုလွှတ်တော်မှာ သုံးယောက် ရတယ်။ ပြည်နယ်လွှတ်တော်မှာ နှစ်ယောက်၊ စုစုပေါင်း ငါးယောက် ရခဲ့တယ်။ မောင်တောက နှစ်ယောက်၊ ဘူးသီးတောင်က နှစ်ယောက် စသည်ဖြင့်ပေါ့။ ခုကျတော့ ဥပဒေက ဒီအတိုင်းပဲ အပြောင်းအလဲမရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ အခုဥပဒေနဲ့က တူတူပဲ။ မိဘများ မွေးစဉ်ကတည်းက နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ အချက်က ပါနေတာပဲလေ။ အရင်က ရတယ်။ အခုက မရဘူးဆိုတာ ဘာတွေပြောင်းလို့လဲ၊ ဥပဒေပြောင်းတာလား ကျွန်တော်တို့လည်း မသိတော့ဘူး။
မေး။ ။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကာလတုန်းကနဲ့ ဘာများ ကွာခြားသွားတာလဲ။
ဖြေ။ ။ ၁၉၉၀ တုန်းကတော့ ဘာအနှောင့်အယှက်မှ မရှိခဲ့ဘူး။ လွတ်လွတ်လပ်လပ်ပဲ။ ကျွန်တော်တို့က သိပ်ပြီးတော့ လှုပ်လှုပ်ရှားရှား မလုပ်ခဲ့ဘူး။ ဒါပေမယ့် မဲနိုင်တယ်။ ပါတီ ၈ ခုပြိုင်ခဲ့တဲ့အထဲမှာ ကျွန်တော်တို့က ၇၅ ရာခိုင်နှုန်းရခဲ့တယ်။၂၀၁၅ မှာ ပြိုင်ခွင့်မရှိတော့ လှုပ်ရှားဖို့လည်း အခွင့်မရှိခဲ့ဘူးပေါ့။ ၁၉၉၀ မှာ ကျွန်တော်တို့ ပါတီနာမည်က National Democratic Party for Human Rights။ အဲဒီတုန်းက ကျွန်တော်တို့က ၈ နေရာလောက် ပြိုင်ခဲ့တယ်။ ၅ နေရာ အနိုင်ရရှိခဲ့တယ်။
မေး။ ။ ယခင် အစိုးရတွေလက်ထက်က ရွေးကောက်ပွဲကော်မရှင်နဲ့ လက်ရှိကော်မရှင်နဲ့ ဘာတွေ ကွာခြားမှုရှိသလဲ။
ဖြေ။ ။ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်တဲ့အချိန်မှာ အားလုံးကို ဖိနှိပ်တယ်။ ဗမာကိုလည်း ဖိနှိပ်တယ်။ တခြားလူနည်းစုတွေကိုလည်း ဖိနှိပ်တယ်။ ဦးတင်အေးက ကျွန်တော်တို့ကို သီးသန့်ဖိနှိပ်တယ်ဆိုတဲ့ အနေအထားမဟုတ်ဘူး။ သူက အစိုးရ Policy အတိုင်း လုပ်ခဲ့တာ။ ဒီ ရိုဟင်ဂျာဆိုတဲ့လူမျိုးစု ရခိုင်ပြည်မှာ မရှိရေးဆိုတဲ့ အချက်က အဓိကပဲ။ ဒါက စစ်တပ်ပေါ်လစီပဲ။ ဒါပေမယ့် ချက်ချင်းမှ လုပ်လို့မရတာ။ သူ့မှာက သမိုင်းအထောက်အထားတွေ အစဉ်အလာတွေရှိတယ်။ ဝန်ကြီးတောင် ရှိခဲ့တာကို။ စဉ်းစားပြီး စဉ်းစားပြီး၊ တစ်ရစ်ချင်း တစ်ရစ်ချင်း ကျပ်ရတယ်။
အခုတက်တဲ့ အစိုးရကလည်း တခြားကဏ္ဍမှာတော့ ကျွန်တော်မသိဘူး။ ရိုဟင်ဂျာနဲ့ မွတ်စလင်ကဏ္ဍကြရင် စစ်တပ်နဲ့ ပေါ်လစီတူတယ်။ စစ်တပ်က မွတ်စလင်ကို မုန်းတယ်။ ရိုဟင်ဂျာကို မုန်းတယ်။ မလိုလားဘူး။ အထူးသဖြင့် ရိုဟင်ဂျာဆိုတာကို ဒီနိုင်ငံကနေ လမ်းရှင်းအောင် ဖယ်ထုတ်နိုင်ဖို့ စီမံချက်ရှိတယ်။ အရပ်သားအစိုးရ၊ ဒေါ်စုအစိုးရကလည်း တူတူပဲ။ ကျွန်တော်တို့ကို ခုတုံးလုပ်ပြီး၊ ဖိနှိပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တာ တူတူပဲ။ ဒါကြောင့် အခုကော်မရှင်နဲ့ အရင်ကော်မရှင် ဘယ်လိုမှ ခွဲခြားလို့ ကျွန်တော်တို့ မတွေ့ဘူး။ အစိုးရရဲ့ ပေါ်လစီက တူတူပဲ။ ဒေါ်စုက ပြောခဲ့တဲ့ ဒီမိုကရေစီက ကျွန်တော်တို့ အပေါ်မှာကျတော့ မသုံးဘူး။
မေး။ ။ ရခိုင်မြောက်ပိုင်းက မွတ်စလင်တွေရဲ့ ရွေးကောက်ပွဲ မဲထည့်ခွင့်ကရော ဘယ်လို ဖြစ်လာနိုင်မလဲ။
ဖြေ။ ။၂၀၁၅ ခုနှစ်က မဲထည့်ခွင့်မရှိဘူးဆိုပြီးတော့ လုပ်ခဲ့တယ်။ ရိုဟင်ဂျာတွေကို အစိမ်းကတ်ဆိုပြီးတော့ ထုတ်ပေးခဲ့တယ်။ ဟိုးလွတ်လပ်ရေးရပြီး နောက်ပိုင်းပေါ့။ အစိမ်းကတ်ဆိုတာ အလုပ်လျှောက်ရင်၊ ခရီးသွားရင် လိုအပ်တဲ့ ဧည့်နိုင်ငံသားကတ်ပေါ့။ ရိုဟင်ဂျာကိုလည်း ဒါ ထုတ်ပေးခဲ့တာ။ နောက်ပိုင်းကျတော့ ဦးနေဝင်းတက်လာပြီး အဲဒါကို ရပ်ဆိုင်းလိုက်တယ်။ အစိမ်းကတ်ဆက်ပြီးတော့ ထုတ်မပေးတော့ဘူး။ ဒီကောင်တွေကို မောင်းထုတ်ရမယ်ဆိုပြီးတော့။ တရားဝင်အထောက်အထားပေးလိုက်ရင် နှင်ထုတ်ရခက်နေမှာပေါ့။
ရှိတဲ့ဟာကို ရုပ်သိမ်းပြီးတော့ သိပ်မကြာဘူး။ နဝတခေတ် ၁၉၉၀ ကျော်နှစ်တွေမှာ ထုတ်ပေးထားတဲ့ အစိမ်းကတ်တွေကို သိမ်းပြီး အဖြူကတ် ယာယီသက်သေခံကတ်ပြားဆိုတာကို ထုတ်ပေးခဲ့တယ်။၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ယာယီသက်သေခံကတ်ပြား ၇ သိန်းကျော်ရှိတယ်။ အဲဒီ ၇ သိန်းကျော်ဆိုတာ ၁၂ နှစ် အထက်ပေါ့။ သိမ်းပြီးတော့ လွှတ်တော်မှာ ၂၀၁၅ ခုနှစ် မတ်လ၊ ဒါမှ မဟုတ်ရင် ဖေဖော်ဝါရီလမှာ ဒီအဖြူရောင်ကတ်ကိုင်ဆောင်သူသည် မဲထည့်ခွင့်မရှိဘူးဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်မှာ မဲ မထည့်နိုင်ခဲ့ဘူး။