ဆောင်းပါးရွေးကောက်ပွဲ

ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲဆိုသည့် မိတ္ထီလာမဲဆန္ဒနယ်

မကြာသေးမီနှစ်များက လူပေါင်းရာချီသေဆုံးခဲ့သည့် လူမျိုးရေးဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့ရာ မိတ္ထီလာမြို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ အပြင်းအထန်အားပြိုင်ခဲ့ကြသလို ယခုနှစ်ရွေးကောက်ပွဲတွင်လည်း ပြိုင်ဆိုင်မှုပြင်းထန်လာမည့်မြို့ဖြစ်သည်။ 

ယခုနှစ်ရွေးကောက်ပွဲတွင် တပ်မဲရုံများကို တပ်အပြင် ပထမဆုံးအကြိမ် ထုတ်မည်ဖြစ်ရာ တပ်မိသားစုဝင် မဲဆန္ဒရှင်များ သောင်းချီရှိသည့် မိတ္ထီလာမြို့တွင် မဲရလဒ်အပေါ် အပြောင်းအလဲရှိမည်ဟူသော တွေးဆမှုများလည်း ရှိနေသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ထိုစဉ်က အစိုးရသတင်းစာများ၏ ‘မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွှမ်းရမည်’ ဆိုသော မျက်နှာဖုံးခေါင်းကြီးအတိုင်းပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မိတ္ထီလာမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် အောင်ပွဲခံခဲ့သည်။ 

မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ဒေါက်တာဝင်းစိုးဦးသည် ပြည်ခိုင်ဖြိုးပါတီမှ မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်းကို ဆန္ဒမဲအရေအတွက် လေးသောင်းနီးပါး ကွာဟချက်ဖြင့် အပြတ်အသတ်ရှံးနိမ့်ခဲ့သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြတ်အသတ်အနိုင်ရခဲ့သော်လည်း ဇာတိမြေဖြစ်သည့် မိတ္ထီလာတွင် အပြတ်အသတ်ရှုံးခဲ့ရသည့်အတွက် ကြေကွဲရသည်ဟု လက်ရှိ NLD ပါတီနာယကတစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်းက ပါတီဗဟိုအောင်နိုင်ရေးရုံးထိုင်ခဲ့သည့် ဦးဝင်းထိန်က ၎င်း၏ ‘သံသရာတစ်ကွေ့’ စာအုပ်တွင် ရေးသားထားသည်။ 

“ဘာကြောင့် ရှုံးရတယ်ဆိုတာကို ဆန်းစစ်တဲ့အခါ သူတို့ဘက်က စည်းရုံးရေး အပြတ်အသတ်လုပ်ခဲ့လို့လို့ ကောက်ချက်ချမိပါတယ်။ သမ္မတလုပ်နေတဲ့ မောင်သိန်းစိန်က မိတ္ထီလာမြို့ကို စည်းရုံးရေးကာလမှာ သုံးကြိမ်တောင်ရောက်ခဲ့ပါတယ်” ဟု ဦးဝင်းထိန်က ရေးသားထားသည်။ 

မိတ္ထီလာလွင်ပြင်ဟု ညွှန်းဆိုသော မိတ္ထီလာခရိုင်တွင် မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များ ပါဝင်ပြီး အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၄ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၈ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၄ နေရာရှိသည်။ 

၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းအရ မိတ္ထီလာခရိုင်တွင် မဲဆန္ဒရှင်ပေါင်း ခုနှစ်သိန်းကျော်နှင့် မဲရုံပေါင်း ၁၀၆၉ ရုံ ရှိသည်။ တပ်မိသားစုဝင် မဲဆန္ဒရှင် တစ်သောင်းငါးထောင်ကျော်ရှိပြီး သီးသန့်တပ်မဲရုံ ၁၈ ခုနှင့် အရပ်သားမဲဆန္ဒရှင်များဖြင့် ရောနှောနေသည့် မဲရုံ ၅ ခုရှိသည်။ မိတ္ထီလာခရိုင်တွင် နိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စားလှယ်လောင်း ၇၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ၏ ယုံကြည်ချက်  

‌မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ်အတွင်း လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံသည့် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည့်အပြင် နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထိုအဖြစ်အပျက်မှာ နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု မိတ္ထီလာမြို့ခံများက ယူဆကြသည်။ 

ထိုပဋိပက္ခများ ဖြစ်ပွားပြီးနောက် မိတ္ထီလာမြို့တွင် ကျင်းပခဲ့သည့် ဟောပြောပွဲများတွင် အမျိုး၊ ဘာသာ၊ သာသနာ ဆိုသည့် စကားသံများ ကျယ်လောင်စွာထွက်ပေါ်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ကိုစောင့်ရှောက်မည့် ပါတီများကိုသာ မဲထည့်ရန် နိုင်ငံရေးပါတီတချို့က လှုံ့ဆော်ခဲ့ကြသည်။ 

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင်မူ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၏ အသံများတိတ်ဆိတ်နေသည်ဟု မိတ္ထီလာမြို့ခံများက ပြောသည်။ 

လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးရဲထွန်းနိုင်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် လက်ရှိလွှတ်တော်ကိုယ်စားလှယ် မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးလွှတ်တော် ၂ နေရာအတွက် ဦးအောင်ကျော်မိုးနှင့် ဦးစိုးသန်း ဆိုသူတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွန်းနိုင်မှာ ပြည်ခိုင်ဖြိုးအသင်း တန်ခိုးထွားချိန် ၁၉၉၃ ခုနှစ်ကပင် အသင်းသားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ 

၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် မလှိုင်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းကိုပင် ရှုံးနိမ့်ခဲ့သည်။ နိုင်ငံရေးလောကမှ အနားယူပြီး ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေစဉ် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီက ပြန်လည်ကမ်းလှမ်းခဲ့သည်ဟု ဦးရဲထွန်းနိုင်က ပြောသည်။ 

“ပြည်ခိုင်ဖြိုးက အမျိုးသားနိုင်ငံရေးကို သေသေချာချာလုပ်တာမို့ ပြည်ခိုင်ဖြိုးနဲ့ပဲ တွဲပြီးလုပ်ဖြစ်တာပါ။ နိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ပြောသည်။ 

မိတ္ထီလာနှင့် မလှိုင်မြို့နယ်များပါဝင်သည့် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၇) အတွက် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မလှိုင်မြို့ခံဖြစ်သည့်အလျောက် မြို့ခံများ၏ထောက်ခံမဲများ ရရှိမည်ဖြစ်သလို ပါတီပုံရိပ်ကြောင့် မိတ္ထီလာမှ မဲများလည်း ရရှိမည်ဟု ယူဆကြောင်း ဦးရဲထွန်းနိုင်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာမောင်သင်းမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်ကို ဆန္ဒမဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည်။

“ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တို့တာဝန် အရေးသုံးပါးပေါ့နော်။ အဲဒါအပြင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းက အမျိုး၊ ဘာသာ၊ သာသနာကို ဘယ်အဖွဲ့အစည်းက ပိုစောင့်ရှောက်နိုင်သလဲပေါ့။ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီရဲ့ အရည်အချင်းကို ကြည့်ပြီး မဲပေးကြပါလို့ ပြောချင်ပါတယ်” ဟု ဒေါက်တာမောင်သင်းက ပြောသည်။ 

အင်ဖိုဂရပ်ဖစ် – မိုးဇက်/Myanmar Now

ဒီချုပ်ကိုယ်စားလှယ်လောင်းများ၏ မျှော်လင့်ချက် 

‌ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည့် NLD ပါတီဝင် ဒေါက်တာဝင်းစိုးဦးမှာ လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ဘဲ ပါတီအောင်နိုင်ရေးကိုသာ အဓိကထား ဆောင်ရွက်တော့မည်ဟု ဆိုသည်။ မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသည်။ 

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အောင်နိုင်ရေးကို ဖိဖိစီးစီးလုပ်နိုင်အောင်လို့ ဒီနေရာမှာ နေလိုက်တာ။ ကျွန်တော်ဝင်ကန်နေရင် အကုန်လုံးကို အပေါ်ကနေ မမြင်နိုင်ဘူး” ဟု ဒေါက်တာဝင်းစိုးဦးက ပြောသည်။ 

လာမည့်ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြုဝင်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာ အမျိုးသားလွှတ်တော်နေရာအတွက် စီးပွားရေးလုပ်ငန်းရှင် ဦးဘုန်းကျော်၊ ပြည်သူ့လွှတ်တော်နေရာအတွက် မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာဆင့်စိုး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင် ဦးလွင်မောင်မောင်နှင့် ဦးနေဝင်းထွန်း (ခ) ဦးမောင်မောင်ကြီးတို့ ဖြစ်သည်။ 

‌ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မြို့ပေါ်ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၅၈ ခုတွင် ကျေးရွာပေါင်း ၃၈၀ ခန့်ရှိ နေသည့်အတွက် ကျေးလက်လူထု မဲဆန္ဒရှင်များကို အလေးထားသွားမည်ဟု ဒေါက်တာဆင့်စိုးက ပြောသည်။ 

အာဏာရပါတီအနေဖြင့် ၂၀၁၅ မှ ၂၀၂၀ အတွင်း ကျေးလက်မီးလင်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် အဓိကထားဆောင်ရွက်ခဲ့သည့်အတွက် ကျေးလက်နေ ပြည်သူလူထု၏ ဆန္ဒမဲများ ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။ 

“၂၀၁၅ နဲ့မတူညီတဲ့ ကျေးလက်လူထုရဲ့ ထောက်ခံမှုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာဆင့်စိုးက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလက ကိုယ်စားလှယ်လောင်းများထက် လာမည့်ရွေးကောက်ပွဲအတွက် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများကို ပိုမိုအားရကျေနပ်သည်ဟု မိတ္ထီလာမြို့နယ် NLD ပါတီအတွင်း ရေးမှူး ဦးဇော်ဇော်အောင်က ပြောသည်။ 

သို့သော် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအများစုမှာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့်အတွက် အားသာချက်များစွာရှိသည်ဟုလည်း ၎င်းက ပြောသည်။ 

“ပြည်ခိုင်ဖြိုးပါတီကတော့ လွှတ်တော်ကိုယ်စားလှယ် (လက်ရှိလွှတ်တော်ကိုယ်စားလှယ်) တွေဆိုတော့ ကွင်းဆင်းနိုင်တယ်။ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်တွေ သုံးစွဲနိုင်တယ်” ဟု ဦးဇော်ဇော်အောင်က ပြောသည်။ 

တပ်မဲရုံများနှင့် မိတ္ထီလာ 

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ လွတ်လပ်စွာ သွားလာနိုင်ရန်နှင့် ပွင့်လင်းမြင်သာစွာ မဲပေးခွင့်ရှိစေရန် တပ်မဲရုံ ၆၃၀ ကို တပ်စခန်းများပြင်ပတွင် ထားရှိမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လကုန်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

တပ်မဲဆန္ဒရှင် တစ်သောင်းငါးထောင်ကျော် ရှိနေသည့် မိတ္ထီလာခရိုင်တွင် သီးသန့်တပ်မဲရုံ ၁၈ ခုရှိနေပြီး အခြား မဲရုံ ၅ ခုမှာ အရပ်သားမဲဆန္ဒရှင်များနှင့် ရောနှောနေသည့် မဲရုံများဖြစ်သည်။ 

တပ်မဲရုံများ၏ မဲရလဒ်ကို စောင့်ကြည့်လာနိုင်မည်ဖြစ်၍ တပ်မဲရုံပြင်ပထုတ်လိုက်ခြင်းမှာ ရွေးကောက်ပွဲကို အနည်းငယ်သက်ရောက်မှု ရှိစေနိုင်သည်ဟု NLD ပါတီ၏ မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ
က ပြောသည်။ 

“တစ်ခုရှိတာကတော့ သူတို့ (တပ်မဲဆန္ဒရှင်များ) တကယ်မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်စွာ မဲပေးပိုင်ခွင့်အပေါ်မှာတော့ မေးခွန်းထုတ်စရာရှိပါတယ်” ဟု ဒေါက်တာဝင်းစိုးဦးက ပြောသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် တပ်တွင်းမဲဆန္ဒရှင် အရေအတွက်စာရင်း စစ်ဆေးခွင့် မရခဲ့ရုံသာမက မဲရုံကိုယ်စားလှယ်ပင် မထားရှိနိုင်ခဲ့ကြောင်း၊ တပ်မဲရုံများမှ တစ်မဲမျှပင် မရရှိဘဲ ရှုံးနိမ့်ခဲ့ရသည်ဟု ၎င်းက ပြောသည်။ 

“ဒီတပ်ရင်းမှူးတွေက ဖိအားရှိတယ်လေ။ အနီကိုပေးတဲ့မဲ တစ်မဲနှစ်မဲလောက်ပါရင် သူတို့အထုခံရတယ်။ By Force (အတင်းအကျပ်) နဲ့ဆိုတော့ ကျွန်တော်တို့ တစ်မဲမှ မရဘူး” ဒေါက်တာဝင်းစိုးဦးက ပြောသည်။ 

တပ်မဲရုံများ အပြင်ထုတ်လိုက်သည့်အတွက် ရွေးကောက်ပွဲရလဒ်ကို သက်ရောက်မှုရှိစေမည်ဖြစ်ပြီး တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ဦးချင်းဆန္ဒအရ လွတ်လပ်စွာ မဲပေးနိုင်ခွင့်အပေါ် သီးခြားမှတ်ချက် ပေးလိုခြင်းမရှိကြောင်း ဒေါက်တာဆင့်စိုးက ပြောသည်။ 

တပ်မဲရုံများ ပြင်ပထုတ်လိုက်ပြီး လွတ်လပ်စွာ မဲပေးခွင့်ရှိလာမည်ဆိုပါက ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ လေတပ်များမှ တပ်မတော်သား၏ ဆန္ဒမဲများ ၎င်းတို့ပါတီ ရရှိနိုင်မည်ဟု မိတ္ထီလာမြို့နယ် NLD ပါတီအတွင်းရေးမှူး ဦးဇော်ဇော်အောင်က ပြောသည်။ 

“တပ်မဲရုံသာ မှန်မှန်ကန်ကန် အပြင်ထုတ်ခွင့်ရမယ်၊ လွတ်လပ်စွာ မဲပေးခွင့်ရမယ်ဆိုရင်တော့ ခြေလျင်၊ ခြေမြန်တော့ အာမမခံဘူးပေါ့ဗျာ။ လက်ရုံးတပ်တွေ မှန်သမျှတော့ NLD ပဲနိုင်မှာ” ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းမှာ ကြိုတင်မဲ၊ တပ်မဲနှင့် မဲဆန္ဒနယ် နှစ်ကြိမ်မဲပေးသူများ (Double Voter) များကြောင့်ဖြစ်သည်ဟုလည်း NLD က ဒေါက်တာဝင်းစိုးဦးက ယူဆနေသည်။ 

ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာမောင်သင်း ရရှိခဲ့သည့် ဆန္ဒမဲ သုံးသောင်းကျော်တွင် တပ်ရင်းတပ်ဖွဲ့များမှ ကြိုတင်မဲ နှစ်သောင်းကျော်နှင့် Double Voter များကြောင့်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းကတော့ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ ဒေါက်တာဝင်းစိုးဦးကို အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းမှာ တပ်မဲ၊ ကြိုတင်မဲများနှင့် သက်ဆိုင်ခြင်းမရှိဘဲ မိတ္ထီလာမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆန္ဒရှင်များ အခိုင်အမာရှိနေသည်ဟု ဒေါက်တာမောင်သင်းက ပြောသည်။ 

တပ်မဲရုံများ အပြင်ထုတ်လိုက်သည့်အတွက် ရွေးကောက်ပွဲရလဒ် ထိခိုက်စေမည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။ “အဲဒီတုန်းက ကျွန်တော်ရတာက တပ်မဲ ကိုးထောင်ကျော်ကျော်လောက်ပဲ။ တပ်မဲကြောင့် မဟုတ်ဘူးဆိုတာ ကျွန်တော် ရဲရဲပြောရဲပါတယ်” ဟု ဒေါက်တာမောင်သင်းက ပြောသည်။ 

ရှေ့တန်းရောက် တပ်မတော်သားများ၊ ရှေ့တန်းထွက်ခွာမည့် တပ်မတော်သားများ ကြိုတင်မဲပေးမည်၊ အဝေးရောက်ပေးမည်ကို မသိရှိရသေးသော်လည်း တပ်ရင်းတပ်ဖွဲ့များရှိ မဲဆန္ဒရှင်စာရင်းများ တိကျစေရန် ဆောင်ရွက်နေသည်ဟု မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမျိုးမင်းထိုက်က ပြောသည်။ 

“သူတို့ ကြိုတင်မဲတောင်းရင် ကြိုတင်မဲပေးရမှာပဲလေ။ သူတို့ဘယ်လိုလုပ်မယ်ဆိုတာကို ကျွန်တော်တို့က ခုချိန်ထိ မသိသေးဘူး” ဟု ၎င်းက ပြောသည်။ 

အဝေးရောက် တပ်မတော်သားများအတွက် ကြိုတင်မဲပေးလိုပါက သက်ဆိုင်ရာတပ်ရင်း တာဝန်ရှိသူများက ပုံစံ (၁၅) ဖြင့် ကြိုတင်တောင်းခံရမည်ဖြစ်ပြီး ကြိုတင်မဲလက်မှတ်များကို တစ်လနီးပါး ကြိုတင်ပြင်ဆင်ပေးရပြီး နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ဦးမျိုးမင်းထိုက်က ပြောသည်။ 

သို့သော် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် တပ်မတော်သားများအနေဖြင့် နီးစပ်ရာ မဲဆန္ဒနယ်များတွင် ကိုယ်တိုင်ဆန္ဒမဲပေးခွင့် ရရှိရန် ကြိုးစားခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ၎င်းက ပြောသည်။ 

“ရောက်တဲ့နေရာမှာ ပေးတာကတော့ ပိုပြီးတိကျတာပေါ့။ ဒီကနေထည့်ပေးလိုက်ရတာကတော့ သွားရလာရ စောင့်ရပြုရဆိုတော့ အခက်အခဲရှိတာပေါ့” ဟု ဦးမျိုးမင်းထိုက်က ပြောသည်။ 

အာဏာရပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ရွေးကောက်ပွဲအားပြိုင်မှုတွင် မိတ္ထီလာသည် စိတ်ဝင်တစား စောင့်ကြည့်ရမည့် မဲဆန္ဒနယ်ဖြစ်သည်။ 

“တခြားမဲဆန္ဒနယ်တွေမှာ သူတို့ (NLD) သောင်းပြိုကမ်းပြို နိုင်ထားသလို မိတ္ထီလာ မဲဆန္ဒနယ်မှာတော့ ကျွန်တော်တို့ပါတီက သောင်းပြိုကမ်းပြိုနိုင်ထားတာပဲ” ဟု ဒေါက်တာမောင်သင်းက ရယ်လျက်ပြောသည်။

အာဏာရပါတီဘက်မှ ဒေါက်တာဝင်းစိုးဦးက “ပြိုင်ဆိုင်မှုတော့ ပြင်းထန်လိမ့်မယ်။ ကျွန်တော်တို့တစ်ဦးချင်းကတော့ ဒီပွဲဟာ ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲပဲ။ နိုင်ကို နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ လုပ်နေပါတယ်” ဟု ဆိုသည်။ 

Show More

Related Articles

Back to top button