
၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၃ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ပြိုင်ဆိုင်မှုပြင်းထန်နေပြီဖြစ်သည်။
ရန်ကုန်တွင် မဲပေးခွင့်ရှိသည့် ကရင်တိုင်းရင်းသား ၁၈၁,၀၀၀ ကျော်နှင့် ရခိုင်တိုင်းရင်းသား ၇၃,၀၀၀ ကျော်ရှိနေသည်။ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် နိုင်ငံရေးပါတီမှ ၇ ခု မှ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းထားပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ၆ ဦးရှိနေသည်။
ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ၂၀၁၀ ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီကိုယ်စားလှယ်က အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။
တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အင်အားကြီးပါတီများသာမက ပါတီသစ်များဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီတို့၏ ကိုယ်စားလှယ်လောင်းများလည်း ပါဝင်လာသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည့် နော်ပန်းသဉ္ဇာမျိုးသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်မဟုတ်ဘဲ နော်လှလှစိုးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
နော်လှလှစိုးသည် လက်ရှိ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လွှတ်တော်နိုင်ငံရေး မဝင်ရောက်မီ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွင်ပါဝင်ခဲ့ကာ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေးတို့ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရအမတ်များ ဦးဆောင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီသည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အမည်စာရင်း တင်သွင်းထားသည့်အတွက် နော်လှလှစိုး၏ အဓိကပြိုင်ဘက် ဖြစ်လာမည်ဖြစ်သည်။
ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ရွေးကောက်ခံမည့် နော်အုန်းလှနှင့် နော်လှလှစိုးတို့မှာ ရန်ကုန်ရောက် ကရင်တိုင်းရင်းသားများကြား လူသိများပြီး အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်။
ကရင်စာပေနှင့်ယဉ်ကျေးမှုမြှင့်တင်ဖော်ထုတ်ရေးနှင့် ကရင်တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေးအတွက် အလေးပေးလုပ်ဆောင်မည်ဟု ၎င်းတို့ နှစ်ဦးလုံးက ထုတ်ဖော်ပြောဆိုထားသည်။
“နှစ်ယောက်စလုံးက အားသာချက်တွေမတူကြဘူး။ နှစ်ယောက်စလုံးက တစ်နေရာတည်းမှာဝင်ပြိုင်တော့ နည်းနည်းတော့ရွေးချယ်ရတာ ကိုယ့်အတွက် ပိုပြီးအခက်အခဲဖြစ်စေတယ်။ နှစ်ယောက်စလုံးကလည်း ကရင်အရေးအတွက် လုပ်ဆောင်ပေးနေတဲ့သူတွေဖြစ်နေတယ်” ဟု အင်းစိန်မြို့နယ်နေ ကရင်တိုင်းရင်းသားမဲဆန္ဒရှင်တစ်ဦးဖြစ်သည့် နော်ခင်မိုးအေးက ဆိုသည်။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင်လည်း နှစ်နှစ်ဆက်တိုက် အနိုင်ရခဲ့သည့် ဦးဇော်အေးမောင်က ယခုရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဘဲ ဧရာဝတီတိုင်းတွင် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဦးဇော်အေးမောင်သည် ၂၀၁၀ တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ၂၀၁၅ တွင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) တို့ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ဖွဲ့စည်းပြီးနောက် ဦးဇော်အေးမောင်က ရခိုင်အမျိုးသားပါတီကိုယ်စားပြုကာ အနိုင်ရခဲ့သည်။
နှစ်နှစ်ဆက်တိုက် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရရှိထားသော်လည်း ဦးဥတ္တမ ပန်းခြံပြန်လည်ရရှိရေးမှလွဲ၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများမှာ အားရစရာမရှိဟု ရခိုင်မဲဆန္ဒရှင်များက ဝေဖန်မှုများရှိနေသူဖြစ်သည်။
“အားကိုးနိုင်လောက်အောင် လုပ်ပြတာမတွေ့ဘူး။ ပွဲတကာတက်ပြီး လက်ခုပ်သံနားထောင်ပြီး ပြုံးပြတာပဲ တွေ့တယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၏ လုပ်ဆောင်ချက်အပေါ် သင်္ဃန်းကျွန်းမြို့နယ်နေ ရခိုင်တိုင်းရင်းသူ မခင်လှရီက မှတ်ချက်ပြုသည်။
ဦးဇော်အေးမောင်အစား ရခိုင်အမျိုးသားပါတီက မျက်နှာသစ်တစ်ဦးဖြစ်သည့် ဦးမြင့်ကျော်ကို အဆိုပြုထားသည်။
ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဦးဇော်အေးမောင်က ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီသို့ အဆိုပြုလာသည့်အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဗဟိုကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။
“ဧရာဝတီတိုင်းမှာလည်း ရခိုင်လူမျိုးတွေရှိတယ်။ သူတို့အကျိုးစီးပွားအတွက် လုပ်မယ့်လူရှိရင် ကျွန်တော်တို့က ကြိုဆိုတယ်။ အဲ့ဒါကြောင့် ရန်ကုန်တိုင်းမှာ ဦးမြင့်ကျော်ပြိုင်၊ ဦးဇော်အေးမောင်က ဧရာဝတီတိုင်း ပြိုင်ဆိုပြီး ခွင့်ပြုလိုက်တာ၊ တခြားဘာအကြောင်းမှ မရှိဘူး” ဟု ဦးထွန်းအောင်ကျော်က Myanmar Now ကို ပြောသည်။
ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်လောင်း ဦးမြင့်ကျော် အကြိတ်အနယ်ပြိုင်ဆိုင်ရမည့်သူများမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဖြစ်သည်။ အမည်စာရင်းတင်သွင်းထားသူ ၆ ဦးအနက် တစ်ဝက်မှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ဖြစ်သည်။
၎င်းတို့အနက် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်ထုမေနှင့် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ကိုတင်ထူးအောင်တို့မှာ ရခိုင်တိုင်းရင်းသားများကြား လူသိများသူများဖြစ်ကြသည်။
ရခိုင်အမျိုးသားပါတီဝင်ဟောင်းဖြစ်သည့် ဒေါ်ထုမေသည် ပါတီမှ တရားဝင်နုတ်ထွက်ခွင့်မရသေးသည့်အတွက် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရရှိဘဲ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်သာ ရွေးကောက်ခံရခြင်းဖြစ်သည်။
သို့သော် ဒေါ်ထုမေ အောင်နိုင်ရေးအတွက် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပံ့ပိုးဝန်းရံပေးသွားမည်ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
လွှတ်တော်အရေးစောင့်ကြည့်လေ့လာနေသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်သုတေသနအဖွဲ့ (Open Myanmar Initiative – OMI ) ၏ စစ်တမ်းများအရ ဒေါ်ထုမေသည် အမျိုးသားလွှတ်တော်တွင် အဆိုသုံးခုတင်သွင်းခဲ့ပြီး အဆိုအများဆုံးတင်သွင်းခဲ့သည့်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း နောက်တစ်ဦးဖြစ်သည့် ကိုတင်ထူးအောင်၏ အဖွဲ့အစည်းဖြစ်သည့် ရခိုင်အမျိုးသားကွန်ရက်မှာ ရွှေ့ပြောင်းရခိုင်အလုပ်သမားများအရေး၊ လူမှုကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းဖြစ်သည်။
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအတွက် ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်လိုသည်ဟု ကိုတင်ထူးအောင်က ပြောသည်။
“တိုင်းရင်းသားလူမျိုးများကာကွယ်စောင့်ရှောက်ရေးဥပဒေကို လက်တွေ့အကောင်အထည်ဖော်တာ သိပ်မတွေ့ရဘူး။ ကျွန်တော်တို့လက်ထက်မှာ ဒါကို အသက်ဝင်လာအောင် ဆောင်ရွက်ဖို့ လုပ်ပြီး တခြားဥပဒေပညာရှင်တွေ နဲ့တိုင်ပင်ပြီး ရှေ့ဆက်လို့ရအောင် တွန်းတွန်းတိုက်တိုက်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာရှိတယ်” ၎င်းက ပြောသည်။
တိုင်း၊ပြည်နယ်အတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးတစ်မျိုးသည် နိုင်ငံလူဦးရေ၏ သုည ဒသမ ၁ ရာခိုင်နှုန်းရှိပါက အဆိုပါတိုင်း၊ ပြည်နယ်အတွင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတစ်နေရာ ရွေးကောက်တင်မြှောက်နိုင်သည်။
လက်ရှိ တွင် နိုင်ငံလူဦးရေမှာ ၅၄ သန်းကျော်ဖြစ်သည့်အတွက် တိုင်းနှင့်ပြည်နယ်တစ်ခုအတွင်း တိုင်းရင်းသားလူမျိုးတစ်မျိုးသည် ၅၄,၀၀၀ ကျော်ရှိပါက တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ရွေးကောက်တင်မြှောက်နိုင်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံးတွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ နေရာ သတ်မှတ်ထားသည်။