
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ကုလာတန်မြစ်အတွင်း လုခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ်ကို ယမန်နေ့ (ဩဂုတ် ၁၁) နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ဒဏ်ရာရရှိသွားသည့် အမျိုးသမီးမှာ ကျောက်တော်မြို့နယ် ခပေါ်ကျေးရွာမှ အသက် ၄၄ နှစ်အရွယ် မြိုတိုင်းရင်းသူ ဒေါ်မသန်းရီဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ခပေါ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပန်းသာက Myanmar Now ကို ပြောသည်။
“သူက အိမ်ကို ဝက်တစ်ကောင်ဝင်လာလို့ လိုက်ထုတ်နေတာ။ လိုက်ထုတ်နေတဲ့အချိန်မှာ သူ့အိမ်နဲ့ သုံးပေလေးပေလောက်အကွာမှာ လက်နက်ကြီးကျည်တစ်လုံးကျကွဲတယ်။ ကွဲတဲ့နေရာနဲ့ သူနဲ့ဆိုရင် ပေ ၂၀ အကွာအဝေး ရှိတယ်။ ကျည်စက ညာဘက်လက်မောင်းမှာတစ်ချက်။ ညာဘက်နောက်ကျောကို တစ်ချက်ထိသွားတယ်” ဟု ဦးပန်းသာက ပြောသည်။
လက်နက်ကြီးကျည်များ ထပ်မံကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်းကြောက်လန့်နေကြသည်ဟုလည်း ၎င်းက ပြောသည်။
ကျောက်တော်မှ ချင်းပြည်နယ် ပလက်ဝအသွား ကုလားတန်မြစ်ကြောင်းတစ်နေရာဖြစ်သည့် မာလာကျေးရွာအုပ်စု သံပုရာထောင့်ကျေးရွာအောက်ဘက်တွင် တပ်မတော်စစ်ရေယာဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မာလာကျေးရွာသားတစ်ဦးကပြောသည်။
“စစ်ရေယာဉ်စက်ခန်းထဲက မီးခိုးထွက်ပြီးပါသွားတယ်။ လူတချို့လည်း ကျည်မှန်တယ်ဆိုပြီးတော့ လူတွေက ကောလာဟလသတင်းထွက်နေပါတယ်။ ကျနော်ကတော့ အတိအကျမသိဘူး” ဟု ထိုမာလာကျေးရွာသားက ပြောသည်။
နယ်မြေလုံခြုံရေးဆောင်ရွက်ရန် ကုလားတန်မြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့် တပ်မတော်စစ်ရေယာဉ်များသည် တင်းမကျေးရွာ၏ တောင်ဘက် မီတာ ၃၁၀၀ ခန့်အကွာသို့ အရောက်တွင် ရက္ခိုင့်တပ်တော်(AA) အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့၍ တပ်မတော်စစ်ရေယာဉ် အနည်းငယ်ပျက်စီးသွားပြီး စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု တပ်မတော်က သြဂုတ်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။