ဆောင်းပါး

အညာပေါ်တာ

ကလေးသုံးယောက်အဖေ ကိုအောင်ဇော်နိုင်* ပြီးခဲ့သည့် သုံးလလုံးလုံး အလုပ်နှင့်လက် ပြတ်ရသည်မရှိ။ မိုးလင်းမှ မိုးချုပ် နားရက်မရှိ အလုပ်လုပ်ခဲ့ရပြီး မွေးကင်းစကလေးနှင့် မိသားစုထံသို့ပင် ညအိပ်ညနေ တစ်ကြိမ်တစ်ခါမျှ အလည်အပတ်မရောက်နိုင်ခဲ့။

ထိုသုံးလအတွင်း ကိုအောင်ဇော်နိုင်က ကိုယ့်အလုပ်ကိုယ် စိတ်ပါလက်ပါလုပ်ခဲ့ရသည်တော့ မဟုတ်ခဲ့။

အညာတစ်ခွင်လှည့်လည်၊ လုယက်၊ သတ်ဖြတ်နေသည့် စစ်ကောင်စီစစ်ကြောင်းနောက် တကောက်ကောက်လိုက် အထုပ်ထမ်းရသူအဖြစ် အတင်းအဓမ္မခိုင်းစေခံခဲ့ရခြင်းဖြစ်သည်။

ကွန်မြူနစ်များနှင့် လူမျိုးစုလက်နက်ကိုင်တပ်များကို တိုက်ခိုက်ရန်အတွက် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက အရပ်သားတို့ကို အထုပ်ထမ်းပေါ်တာအဖြစ် အတင်းအဓမ္မစေခိုင်းရာတွင် ကျော်ကြားသည့် မြန်မာစစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နိုင်ငံအလယ်ပိုင်းမှ လက်နက်ကိုင်ဆန့်ကျင်သူများကို ချေမှုန်းသည့် စစ်ဆင်ရေးများတွင် အရပ်သားတို့ကို ဆက်လက် ခိုင်းစေ အသုံးပြုနေသည်။

အညာသားတို့သည်လည်း အခြားတိုင်းရင်းသားများနည်းတူ မြန်မာစစ်တပ်၏ ပေါ်တာများ ဖြစ်လာသည်။

ကိုအောင်ဇော်နိုင်သည် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ သာမန်ရွာသား တောင်သူတစ်ယောက်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ရရာလက်နက်စွဲကိုင် ခုခံကြရန် ရွာနီးချုပ်စပ်မှ မျက်နှာသိအများအပြားက ဆုံးဖြတ်ခဲ့သော်လည်း ကိုအောင်ဇော်နိုင်ကမူ ယခင်အတိုင်း ပေါက်တူးနှင့် တံစဉ်ကိုသာ ဆက်ကိုင်ခဲ့သူဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှ တော်လှန်ရေးတပ်သားများကို ၂၀၂၃ သြဂုတ်လအတွင်းက တွေ့ရစဉ်။

အညာဒေသတော်လှန်ရေးက မီးကျိုးမောင်းပျက်လက်နက်ကိုင်အဆင့်မှ မောင်းပြန်ရိုင်ဖယ်များ တပ်ဆင်ထားသည့် တပ်ရင်းများ ဖွဲ့စည်းနိုင်သည်အထိ အဆင့်မြင့်လာခဲ့ပြီးနောက် စစ်ကောင်စီကလည်း ရရာနည်းဖြင့် ချေမှုန်းရန် ကြိုးစားသည်။ ထိုအထဲတွင် တော်လှန်ရေးတပ်များ အားကောင်းသည့် ရွာများကို မီးရှို့ဖျက်ဆီးခြင်းကလည်း စစ်ကောင်စီတပ်သားတို့ သုံးကြသည့် ရက်စက်သည့်နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

ကိုအောင်ဇော်နိုင်၏ ကျေးရွာသည်လည်း စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကို လက်နက်ကိုင်တော်လှန်ရေး စတင်သည့် ၂၀၂၁ ခုနှစ် နှစ်လည်ပိုင်းကစပြီး အကြိမ်ကြိမ်ခံရသည်။ ရွာထဲ နေ၍မရတော့သည့်အဆုံး သားနှစ်ယောက်နှင့် ကိုယ်ဝန်ဆောင်သည် မိန်းမကို လက်ဆွဲကာ တောင်ယာစိုက်ခင်းထဲ တဲထိုးနေထိုင်ရတော့သည်။

ပြေးရင်းလွှားရင်း သုံးယောက်မြောက်သားကိုလည်း ထိုတဲထဲတွင် မွေးခဲ့သည်။ သားအငယ်ဆုံး မွေးပြီး သုံးပတ်ပင် မပြည့်သေးသည့်အချိန် ၂၀၂၃ ဇွန်လအတွင်း ယာခင်းထဲက သူ့တဲဆီသို့ မဖိတ်ခေါ်သည့် ဧည့်သည်များ ရောက်ရှိလာခဲ့သည်။

အိမ်ရှေ့ရောက်လာသူများက ရန်ကုန်မြို့အစွန်ဘက်ရှိ မှော်ဘီအခြေစိုက် စစ်ကောင်စီတပ်၊ တပ်မ (၇၇) လက်အောက် တပ်ရင်း (၇၀၁) မှ စစ်သားများဖြစ်ကြသည်။ ၎င်းတို့သည် ရေဦး-ခင်ဦး-ရွှေဘို အညာတစ်ကြော လှည့်ပတ်သွားကာ စစ်ဆင်ရေးအမည်တပ်ပြီး လုယက်သတ်ဖြတ်နေကြခြင်းဖြစ်သည်။

စစ်သားတို့က ကိုအောင်ဇော်နိုင်ကို တော်လှန်ရေးတပ်သား ဟုတ်မဟုတ် မိနစ်အနည်းငယ်ကြာ စစ်မေးခဲ့သည်။ သာမန်ရွာသားမှန်း သိသွားချိန်တွင်တော့ စစ်ကြောင်းနှင့် လိုက်ပြီး အထုပ်ထမ်းရန် ဆင့်ခေါ်ခံရရာ ရက်သားကလေးငယ်ကို အကြောင်းပြကာ မလိုက်လိုကြောင်း သူက ငြင်းဆိုခဲ့သည်။

ဥပဒေကြောင်းအရ အတင်းအဓမ္မလုပ်အားပေးရန် စေခိုင်းခြင်းက တရားမဝင်သည့်အပြင် ပြစ်မှုအဖြစ် မြန်မာနိုင်ငံတွင် ၁၉၉၉ ကတည်းက သတ်မှတ်ထားသော်လည်း ထင်ရာလုပ်နေသည့် စစ်ကောင်စီနှင့် ၎င်း၏ လက်နက်ကိုင်တို့က ဘာကိုမှ ဂရုမစိုက်။

“ကလေးလေး သနားပြီးများ ထားခဲ့မလားဆိုပြီး တောင်းပန်တာ။ တောင်းပန်လို့ ခြေထောက်နဲ့ ကန်ခံရတာပဲ။ စကားမပေါနဲ့ဆိုပြီး” ဟု ကိုအောင်ဇော်နိုင်က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေခြင်းကြောင့် တိမ်းရှောင်နေရသည့် ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

ထိုနေ့မှစပြီး နောက်ထပ်သုံးလနီးပါး ကြာအောင် ဗုံးသီးများ၊ ကျည်ဆန်များနှင့် စစ်တပ်အသုံးအဆောင်များကို ထည့်ထားသည့်အိပ်များကို လွယ်ပြီး စစ်ကောင်စီတပ်ခေါ်ရာ အညာတစ်ခွင် လှည့်ခဲ့ရသည်။

ပထမဆုံးရောက်ခဲ့သည်က မကျည်တုံဆိုသည့် ရွာလေးဖြစ်သည်။ ထိုရွာသည် စစ်တပ်က လက်နက်တပ်ပေးထားသည့် ပျူစောထီး ပြည်သူ့စစ်ရွာဟုလည်း သူက ဆိုသည်။ မကျည်တုံရွာ စစ်စခန်းတွင် တစ်ည၊ ခင်ဦးမြို့ပေါ်တွင် တစ်ည အိပ်ခဲ့ရပြီး ထို့နောက်တွင်တော့ ရေဦးမြို့စစ်စခန်းမှသည် စစ်ကိုင်းတိုင်းအနှံ့ ရောက်သွားရတော့သည်။

“တော်တော်များများ ရောက်တယ်၊ မြို့တွေ အကုန်မမှတ်မိဘူး။ ဘုန်းကြီးကျောင်းတွေ့ရင် မုခ်ပေါက်လေး ရေးထားတဲ့ ဘာရွာ၊ ဘာမြို့၊ အဲ့လိုလေးလောက် ကိုယ့်ဟာကိုယ် မှတ်ရတာ။ မေးလို့မရဘူး။ မေးရင် ဆူခံရတာ” ဟု ပေါ်တာသမား ကိုအောင်ဇော်နိုင်က ပြောသည်။

သွားသမျှခရီးတိုင်းက ခြေကျင်သာဖြစ်ပြီး အလင်းရောင်မြင်သည်နှင့် စထွက်ရသည်။ ညနေ မိုးချုပ်ချိန်မှ ရောက်သည့်ရွာ အိပ်ကြရသည်။ စစ်ကြောင်းတစ်ခုလုံးတွင် သူ့လိုအရပ်သားပေါ်တာ ၄၀ ခန့်ပါသည်ဟု ကိုအောင်ဇော်နိုင်က ပြောသည်။ တပ်စိတ် ၈ စိတ်ပါသည့် ယင်းစစ်ကြောင်းက ပေါ်တာများကို ခွဲတမ်းဖြင့် တပ်စိတ်များဆီ တာဝန်ချသည်။

ပေါ်တာတို့က စစ်သာတို့ ခိုင်းသမျှကို ကျွန်သဖွယ် လုပ်ပေးကြရသည်။

တစ်နေကုန် အထုပ်ထမ်း လမ်းလျှောက်ရပြီး ညဘက်စခန်းချချိန်တွင် ချက်ပြုတ်ကြွေးမွေးရပြန်သည်။ စားစရာကိုတော့ စစ်သားတို့က စခန်းချသည့်ရွာထဲ ဝင်ကာ ရှာဖွေကြသည်ဟု ၎င်းက ပြောသည်။

“အိုးတွေ ခွက်တွေ ယူလာ၊ ချက်ခိုင်း။ တစ်ခါတလေများ လူလေး ၁၅ ယောက်လောက် ရှိတာကို ၃၀ စာလောက် ချက်တယ်၊ ပြီးရင် ပျောက်တိပျောက်ပျက်နဲ့၊ သူတို့ပစ္စည်း၊ သူတို့လုပ်ရတာ မဟုတ်တိုင်း” ဟု ကိုအောင်ဇော်နိုင်က ပြောသည်။

စားသောက်ပြီးနောက် ညအိပ်ချိန်များတွင်တော့ စစ်သားတို့ အပိုင်စီးထားသည့် ရွာထဲမှ အိမ်တစ်အိမ်အိမ်တွင် လိုက်အိပ်ရသည်။ အိမ်အတွင်းတွေ့သည့် ခုတင်၊ တန်းလျားခုံများတွင် စစ်သားများ ဇိမ်ခံကြသော်လည်း ဖမ်းခေါ်ခံလာရသူများကတော့ ကြမ်းပြင်တွင်သာ မှေးစက်ရသည်။

တစ်ရက်နှစ်နပ်ဖြင့် ခိုင်းသမျှလုပ်၊ ကျွေးတာစား ပေါ်တာများကို စစ်သားများက မကြာခဏ ရိုက်နှက်ကြသည်ဟု ကိုအောင်ဇော်နိုင်က ဆိုသည်။

“တုတ်တွေ့ တုတ်နဲ့ရိုက်၊ သံချောင်းတွေ့ သံချောင်းနဲ့ရိုက်ပဲ၊ သူတို့က အပြစ်လုပ်တယ်လို့ ထင်ရင် ရိုက်တာပဲ။ ကျွန်တော်တော့ အရိုက်မခံခဲ့ရဘူး” ဟု သူက ဆိုသည်။

အထုတ်ထမ်း၊ ထမင်းချက်ဆိုသည့် စစ်တပ်ပေးသမျှဒုက္ခတို့ကို ကျန်းမာသန်စွမ်းသည့် ကျေးလက်နေ တောသူတောင်သားတစ်ယောက်ဖြစ်သည့်အတွက် သူ ကြိုးစားပြီး တောင့်ခံနိုင်ခဲ့သည်။ သူ့အတွက် မနိုင်ဝန်ထမ်းရသည့်အချိန်က လင်းနို့များကို ထမ်းပိုးရသည့်အချိန်ဖြစ်သည်ဟု ကိုအောင်ဇော်နိုင်က ပြောသည်။

“လင်းနို့” ဆိုသည့်က စစ်ကောင်စီတို့၏ စကားဝှက်တစ်ခုဖြစ်ပြီး “စစ်သားလူနာ” ကို ရည်ညွှန်းသည်။ တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရသူများကို ပေါ်တာတို့က ထမ်းရသည်။

တိုက်ခိုက်ခံရမည်ကို ကြောက်ရသည့် စစ်ကောင်စီတပ်များက တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် လူသွားလမ်းကို အသုံးမပြုရဲဘဲ စိုက်ခင်းများ၊ တောတန်းများထဲ ဖြတ်သန်းသွားလာလေ့ရှိသည်။ လင်းနို့သယ်ကြရသည့် ပေါ်တာတို့အတွက် တောလမ်းခရီးက ပိုပင်ပန်းစေခဲ့သည်။

သုံးလနီးပါးကြာသည့် ပေါ်တာဘဝတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရသည်ကို အကြိမ်ကြိမ်မြင်ဖူးသည်။ တိုက်ပွဲဖြစ်တိုင်း ကြောက်လန့်နေရုံမှတစ်ပါး၊ ပြောသလို နေကြရသည့် ကိုအောင်ဇော်နိုင်တို့ ဓားစာခံများဘဝက လုပ်နိုင်သည့်အရာမရှိခဲ့။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်တချို့ကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-96 Soldiers

ခရီးထွက်ပါက ပေါ်တာများကို စစ်ကြောင်းအလယ်တွင် ထားလေ့ရှိသည့် စစ်သားတို့က ‘မကြောက်နဲ့၊ မင်းတို့ ဘာမှ မဖြစ်ဘူး၊ ရှေ့ဆုံးရောက်နေတဲ့ သူတွေသာဖြစ်မှာ’ ဟု စစ်သားများက ဆိုသော်လည်း တော်လှန်ရေးတပ်သားတို့၏ တိုက်ခိုက်မှုဆိုသည်မှာ အရပ်လေးမျက်နှာမှသာမက မိုးပေါ်ကပါ ရောက်လာတတ်သည့်အတွက် စစ်ကောင်စီတပ်သားများနှင့် လက်တစ်ကမ်းတွင် နေရသည့် ကိုအောင်ဇော်နိုင်တို့ ကြောက်ခဲ့ရသည်။

တိုက်ပွဲများတွင် သူလိုက်ရသည့် စစ်ကြောင်းမှ ပေါ်တာတို့ ထိခိုက်ခဲ့ခြင်းမရှိဟု ကိုအောင်ဇော်နိုင်က ပြောသည်။

“ဖြစ်ရင် သူတို့စစ်သားတွေချည်းပဲ။ အစုလိုက်အပြုံလိုက်သေတာမျိုးတော့ မရှိပါဘူး။ တစ်ယောက်နှစ်ယောက်သေတာ၊ ဒဏ်ရာရတာတွေတော့ များလေ့ရှိတယ်” ဟု သူက ပြောသည်။

တိုက်ပွဲများအလယ် အကြိမ်ကြိမ် ရောက်ခဲ့သည့်နည်းတူ၊ ကျေးရွာများကိုဝင်၊ နေအိမ်များကို မီးရှို့၊ တော်လှန်ရေးသမားဟု စွပ်စွဲသတ်ပစ်ခြင်းများကိုလည်း ကိုအောင်ဇော်နိုင် ကြုံဖူးသည်။ ရွာများကိုဝင်၊ တိုက်ပွဲများဖြစ်၊ လူများဖမ်းခေါ်လာလျှင်လည်း သတ်ပစ်သည်က များကြောင်း၊ တစ်ပတ်လျှင် အနည်းဆုံး ၄ ကြိမ်ခန့်တော့ စစ်ကောင်စီတပ်သားတို့ လူသတ်ကြသည်ဟု ကိုအောင်ဇော်နိုင်က ဆိုသည်။

“PDF နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ့ရင် မီးရှို့တယ်။ အဲ့လိုဟာမျိုးတော့ အရပ်သားတွေကို မခိုင်းဘူး။ မြင်တော့ မြင်နေရတာပေါ့။ ဝင်တိုင်း ဝင်တိုင်း မလွတ်စတမ်းကိုပဲ ရှို့တာ။ နေ့ဝင်ပြီး မနက် ပြန်ထွက်ပြီဆိုမှ ရှို့တာ။ ဝင်ဝင်ချင်း တန်းမရှို့ဘူး” ဟု သူက ပြောသည်။

“ခုနက ခေါ်သွားတဲ့လူ သိလား။ အဲ့လူက ဘာ။ ရှင်းပစ်လိုက်ပြီ။ အဲ့လိုတွေ ပြောတယ်။ ကြုံရတယ်”

ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာ မီးရှို့ခံနေရသည်ကို ၂၀၂၂ ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ယင်းမာပင်သတင်းမှန်ပြန်ကြားရေး)

စတင် ဖမ်းဆီးခံရသည့်နေ့မှ စတင်ပြီး ရေတွက်ပါက သုံးလပြည့်ရန် ခြောက်ရက်အလို စက်တင်ဘာလအတွင်းတွင်မူ ဘယ်နေ့များ အသတ်ခံရမလဲဟု စိုးတထိတ်ထိတ်နေခဲ့ရသည့် ပေါ်တာသမားဘဝမှ ကိုအောင်ဇော်နိုင် ပြန်လွတ်မြောက်ခဲ့သည်။ သူအပါအဝင် ပေါ်တာများကို စစ်ကောင်စီက ရွှေဘိုမြို့အနီးတွင် ရှိသည့် အမှတ် (၈) လေ့ကျင့်ရေးတပ်အတွင်း ရောက်ရှိနေရာမှ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က ပေါ်တာတို့ကို စေတနာရှိ၍ လွှတ်ပေးလိုက်ခြင်းမဟုတ်ဘဲ၊ ၎င်းအခြေစိုက်ရာ မှော်ဘီသို့ ပြန်ရန် အမိန့်ကျလာသည့်အတွက် အသုံးမဝင်တော့၍ ပြန်လွှတ်ပေးသည်ဟုလည်း သူကပြောသည်။ ထိုစစ်ကြောင်း စစ်ကိုင်းတိုင်းအတွင်း ဆက်ရှိနေလျှင် သူ့ကို ဆက်လက် ကျွန်ပြု နှိပ်စက်နေဦးမည်ဟုလည်း သူက ယူဆသည်။

တော်လှန်ရေးသမားလည်း မဟုတ်၊ နိုင်ငံရေးလည်း မလုပ်သည့် ကိုအောင်ဇော်နိုင်က သူ့ကို ဖမ်းဆီးပြီး လနှင့်ချီ ထင်သလိုခိုင်းစေနှိပ်စက်ခဲ့သည့် စစ်တပ်ကို  မကျေနပ်။

ယင်းမကျေနပ်ချက်များကြောင့်ပင် စစ်တပ်က ပြန်လွှတ်ပေးချိန်တွင် ပေးလိုက်သည့် လမ်းခရီး အဆင်မပြေလျှင် သို့မဟုတ်   တခြားစစ်ကြောင်း ထပ်ဖမ်းသည်နှင့် ကြုံရလျှင် ဆက်သွယ်ရန် ပေးလိုက်သည့် ဖုန်းနံပါတ်ရေးထားသည့် စာရွက်ကိုပင် တပ်ပြင်ရောက်သည်နှင့် လွှင့်ပစ်ခဲ့သည်။

စစ်တပ်က ပြန်လွှတ်ပေးသည်နှင့် ရွှေဘိုနယ်အစွန်၊ ခင်ဦးနယ်အနီးမှ မိတ်ဆွေများရှိရာ ကျေးရွာများဆီ အပြေးသွားရသည်။ ထိုမှတစ်ဆင့် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများက ကိုအောင်ဇော်နိုင်တို့ကို လာခေါ်ကာ အိမ်ပြန်ပို့ပေးကြသည်။

ဒေသခံတော်လှန်ရေးတပ်ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ကိုအောင်ဇော်နိုင်အပါအဝင် စစ်တပ်က ဖမ်းခဲ့သူများမှာ တော်လှန်ရေးတွင် မပါဝင်ကြသူများဖြစ်သလို၊ တော်လှန်ရေးအကြောင်း စိတ်မဝင်စားသူများလည်း ဖြစ်သည်ဆိုသည်။

“ဒီလူတွေက ဘာမှ သိတဲ့လူတွေတော့ မဟုတ်ဘူး၊ သူတို့ဟာသူတို့ နေကြတဲ့သူတွေ။ သူတို့ကြုံတွေ့ခဲ့ရတာတွေတော့ ပြန်ပြောပြကြတယ်။ စစ်တပ်နဲ့ အဆက်အသွယ်လုပ်၊ သတင်းပေးတာမျိုး ရှိမရှိတော့ စောင့်ကြည့်ရမှာပါပဲ” ဟု ဗိုလ်နတ်ဆိုးက ဆိုသည်။

ယခုအခါ အိမ်ပြန်ရောက်သွားသည့် ကိုအောင်ဇော်နိုင်သည် သုံးလကြာ ပစ်ထားခဲ့ရသည့် လယ်ယာလုပ်ငန်းခွင်ထဲ ပြန်ဝင်ရသည်၊ ဝမ်းစာအတွက် စပါးစိုက်ရန် လယ်ထွန်ရင်း သဲသဲမဲမဲရွာမည့်မိုးကို သူမျှော်လင့်နေသည်။

(မှတ်ချက် – ကာယကံရှင် အမျိုးသား၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button