သတင်း

လက်နက်ကြီးကျည်ပေါက်ကွဲ၍ ရသေ့တောင်တွင် ကလေးနှစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မိုးစဲကျွန်းဒေသရှိ ကပ်ချောင်းကျေးရွာတွင် ဩဂုတ် ၁ ရက်က ရွာသားတစ်ဦး ရွာပြင်ပမှ တွေ့ရှိယူဆောင်လာသော လက်နက်ကြီးကျည်တစ်လုံးကို ရွာရှိလူငယ်များ ကြည့်ရှုနေစဉ် ပေါက်ကွဲခဲ့သဖြင့် လူငယ်နှစ်ဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း ကျေးရွာလူကြီးများက ပြောသည်။

ကပ်ချောင်းကျေးရွာသည် ရသေ့တောင်မြို့ နှင့် ၈ မိုင်ခန့်ဝေးပြီး သေဆုံးသူနှစ်ဦးမှာ ကပ်ချောင်းကျေးရွာနေ မောင်နေမျိုးလင်း (၁၆နှစ်) နှင့် မောင်မိုးနိုင်ဦး (၉ နှစ်) ဖြစ်ကာ ဒဏ်ရာရရှိသွားသူများမှာ မောင်ကျော်မြင့်သန်း (၁၆ နှစ်) ၊ မောင်ဇော်လှိုင်မောင် (၁၃ နှစ်)၊ မောင်နေတိုးလင်း (၁၁ နှစ်)၊ မောင်ဇော်နိုင် (၁၂ နှစ်) တို့ ဖြစ်သည်။

ကပ်ချောင်းကျေးရွာနေ ရွာသားတစ်ဦးသည် ချောင်းတွင် ငါးဖမ်းနေစဉ် လက်နက်ကြီးကျည်ဖူးတစ်လုံးတွေ့ရှိခဲ့ပြီး ထိုကျည်ဖူးကို သူ၏နေအိမ်ခြံဝင်းအတွင်း သဝင်ပင်ကြားတွင်ညှပ်ထားခဲ့ရာ အဆိုပါ လူငယ်များက ကိုင်တွယ်ထုခွဲကြည့်ရင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးထွန်းလှိုင်က Myanmar Now ကို ပြောသည်။

“ကလေးတွေက သွားကိုင်တာ။ နေပူကလည်းပြင်းနေတော့ အဲဒီမှာ ထပေါက်ကွဲတာ။ အကုန်လုံး တစ်ဝိုင်းတည်းမှာ ဖြစ်ကြတာပါ” ဟု ဦးဦးထွန်းလှိုင်က ပြောသည်။

အဆိုပါ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် မောင်နေမျိုးလင်းမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကာ မောင်မိုးနိုင်ဦး၊ မောင်ကျော်မြင့်သန်းနှင့် မောင်ဇော်လှိုင်မောင်တို့မှာ ဒဏ်ရာပြင်းထန်သည့်အတွက် ယမန်နေ့က စစ်တွေဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ကူညီပေးနေသူများက ပြောသည်။

ဒဏ်ရာပြင်းထန်သူများအနက် မောင်မိုးနိုင်ဦးမှာ ဝမ်းဗိုက်ကို ကျည်စဖောက်ဝင်ဒဏ်ရာဖြင့် စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ယနေ့ သြဂုတ် ၂ နံနက် ၁၀ နာရီခန့်အချိန်တွင် သေဆုံးခဲ့သည်ဟု စစ်ဘေးသင့် လူနာများ ကူညီရေးအုပ်စုအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။

“စစ်တွေဆေးရုံကို မနေ့က ညနေ ၇နာရီလောက်မှာ ရောက်လာကြတယ်။ … ဝမ်းဗိုက်မှာ အူနည်းနည်းထွက်နေတဲ့ ဒဏ်ရာရသွားတဲ့ မိုးနိုင်ဦးမှာ စိုးရိမ်ရတယ်ဆိုပြီး ဆရာဝန်တွေက အရေးပေါ်ကွဲစိပ်ကုသပေးကြတယ်။ မနေ့က ည ၁၁ နာရီလောက်မှ ခွဲစိပ်ကုသလို့ပြီးတယ်။ ကျည်စက ဝမ်းဗိုက်ကိုဖောက်ဝင်သွားတယ်ဆိုတော့ သူဒီနေ့ မနက် ၁၀ နာရီလောက်မှာဆုံးသွားပါတယ်” ဟု ဦးသန်းထွန်းကပြောသည်။

ဒဏ်ရာရရှိခဲ့သူများအနက် ကျန်နှစ်ဦးဖြစ်သည့် မောင်နေတိုးလင်းနှင့် မောင်ဇော်နိုင်တို့မှာ ဒဏ်ရာမပြင်းထန်သည့်အတွက် မိုးစဲကျွန်းကူတောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေသည်ဟု ရသေ့တောင်ရှိ ဘက္ကာနှင့် ညီအစ်ကိုများ ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားရာ နေရာဒေသများ၌ မိုင်းထိမှန်သူအများအပြားကိုတွေ့ရှိနေရပြီး ပြည်သူလူထုကို လက်နက်ကြီးကျည်များနှင့် မိုင်းအန္တရာယ် အသိပညာပေးမှုများလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“ဒီဟာကလည်း သူတို့က ရေထဲကနေရလာတယ်။ ဗုံးမှန်းလည်းမသိ ကလေးတွေက ကစားဖို့တစ်ခုကိုပဲ သိကြတာလေ။ အဲဒါကြောင့် တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ မိုင်း၊ လက်နက်ကြီးကျည်တွေရဲ့ အန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးမှုတွေကို များများလုပ်ပေးသင့်ပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၈ ဒီဇင်ဘာ နောက်ပိုင်းမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ ထိုတိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများလည်း များစွာရှိနေသည်။

Show More

Related Articles

Back to top button