၂၀၂၀ ရွေးကောက်ပွဲ၏ အရေးကြီးအကြိုကာလနေ့ရက်များ တစ်ရက်ပြီးတစ်ရက်ရောက်ရှိလာပြီဖြစ်သည်။ လူအများသိချင်နေကြသည့် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။ တစ်ဆက်တည်းပင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရုပ်သံမိန့်ခွန်းတစ်ခု ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းတင်ပြချက်လည်းဖြစ်သည်။
ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ပါတီအပေါ် သစ္စာရှိမှုကို ဦးစားပေးကာ ရွေးချယ်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။ အခြားသောအကြောင်းအရာများထက် အရေးကြီးဟန်ရှိပေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင်။ ထိုသို့ပြောဆိုပြီး ရက်အနည်းငယ်အတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်၏ သစ္စာရှိလူယုံတစ်ဦး ရုတ်တရက်ဆုံးပါးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး ဦးစိုးဝင်းသည် ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းတွင် နှလုံးရောဂါဖြင့် ရုတ်တရက်ဆုံးပါးခဲ့ခြင်းဖြစ်သည်။ အသက် ၅၉ နှစ်အရွယ် ဦးစိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အပါးတွင် အနီးကပ်ဆုံးလုံခြုံရေးအဖြစ် နှစ်ပေါင်း ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ တစ်နည်းအားဖြင့် အသက်ဆုံးသည့်တိုင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နောက်တစ်နည်းဆိုရသော် သက်ဆုံးတိုင်သစ္စာစောင့်သိခဲ့သူဖြစ်သည်။
ဦးစိုးဝင်း ရုတ်တရက်ဆုံးပါးခဲ့ခြင်းအပေါ် နီးစပ်သည့်အသိုင်းအဝိုင်းက ဝမ်းနည်းကြောင်းဆိုကြသည်။ သူ့အကြောင်းသိသူများက နှမြောတသ တမ်းတကြသည်။ ကြားရသူများက စုပ်တသပ်သပ်ဖြစ်ကြသည်။ ထိုထိုသော လူအများ၏ မှတ်ချက်များလည်း လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည်။ ဦးစိုးဝင်း၏ ရိုးသားမှု၊ သစ္စာစောင့်သိမှုကို ချီးမွမ်းကြသည်။ ဂုဏ်ယူကြသည်။
သစ္စာစောင့်သိမှုပြရုပ်၊ ရိုးသားမှုဂုဏ်ကို ဦးစိုးဝင်းက ဖော်ညွှန်းခဲ့လေသည်။
သစ္စာစောင့်သိမှုကို အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏ အနီးကပ်သက်တော်စောင့်တစ်ဦးက အသံတိတ်ဖော်ညွှန်းခဲ့ခြင်းပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံတော်တစ်ဦးအဖြစ် ကာလကြာရှည်ထမ်းဆောင်ခဲ့သော်လည်း အလုပ်တာဝန်အားလုံးကို အကောင်းဆုံးထမ်းဆောင်ခဲ့သူဟု ဦးစိုးဝင်းနှင့် နီးစပ်သူမိတ်ဆွေများက ပြောကြသည်။ မိသားစုကိုပင် ပဓာနမထားဘဲ ဒေါ်အောင်ဆန်းစုကြည်အပါးတွင်သာ အချိန်ပြည့်ရှိနေရန် ကြိုးစားခဲ့သူဖြစ်သည်ဟု ဆိုကြသည်။ အာဏာရပါတီဥက္ကဋ္ဌ၏ အနီးကပ်လူယုံ၊ နိုင်ငံတော်အကြီးအကဲတစ်ဦး၏ အနီးကပ်လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သော်လည်း ဦးစိုးဝင်းသည် မည်သည့်အခွင့်အရေး၊ အဆောင်အယောင်မျှ ရယူခံစားခဲ့ခြင်းမရှိဟု ဆိုကြသည်။
ထိုအချက်များကို ဦးစိုးဝင်း၏ ကျန်ရစ်သူမိသားစုဝင်များရှိရာ ရန်ကုန်မြို့ သာကေတရှိ နေအိမ်က သက်သေထူလျက်ရှိသည်။ အကျယ်အဝန်း ပေ ၂၀၊ ပေ ၆၀ မျှသာရှိသော အိမ်အိုအိမ်ဟောင်းတစ်လုံးသည်သာ ဦးစိုးဝင်းမိသားစုပိုင်ဖြစ်သည်။ ဦးစိုးဝင်း၏ သားသုံးယောက်ကိုလည်း ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သိန်းကသာ အများဆုံးကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရသည်။ ဦးစိုးဝင်းကား ဒေါ်အောင်ဆန်းစုကြည်အပါးတော်မြဲရန် နှစ်ပေါင်း ၂၀ ကျော် အိုးပစ်အိမ်ပစ်၊ မိသားစုကိုပစ်ကာ နေခဲ့သူဖြစ်သည်။
“သားသမီးတွေနဲ့ ပတ်သက်လို့ကတော့ ဘာတစ်ခွန်းမှ မပြောဘူး။ သားသမီးလေးတွေက သူ့ဟာသူလိမ္မာတယ်။ တစ်ခါမှလည်း မရိုက်ဖူးဘူး။ သူက သူ့သားသမီးတွေ အရမ်းချစ်တာ။ ဘာမှ ထွေထွေထူးထူး ပြောဆိုတာမျိုးလည်း မရှိဘူး။ သားသမီးတွေနဲ့လည်း ရင်အုပ်မကွာ သိပ်နေရတယ် မရှိဘူး” ဟု ဦးစိုးဝင်း၏ဇနီး ဒေါ်မြင့်မြင့်သိန်းက ပြောသည်။
ဒေါ်မြင့်မြင့်သိန်းတစ်ယောက် ဈေးသည်ဘဝဖြင့် ဦးစိုးဝင်းနှင့် စတင်ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ ဦးစိုးဝင်း ဆယ်တန်းနှစ်တွင် ဒေါ်မြင့်မြင့်သိန်းနှင့် အိမ်ထောင်ကျခဲ့သည်။ ဆယ်တန်းနှစ်ခါကျခဲ့သည့် ဦးစိုးဝင်းတစ်ယောက် အိမ်ထောင်သည်ဘဝဖြင့်ပင် ဆယ်တန်းအောင်ခဲ့သည်ဟု ဒေါ်မြင့်မြင့်သိန်းက ပြောသည်။ အိမ်ထောင်သက် ၃၈ နှစ်အတွင်း ဦးစိုးဝင်းတစ်ယောက် ဒေါ်အောင်ဆန်းစုကြည်နောက် လိုက်နေသည်က အနှစ် ၂၀ ကျော်ဖြစ်သည့်အတွက် သားသမီးများကို ဒေါ်မြင့်မြင့်သိန်းကပင် ဈေးရောင်းရင်း၊ စက်ချုပ်ရင်း ရှာဖွေကျွေးမွေးခဲ့ရသည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်နောက်လိုက်တာ အနှစ် ၂၀ ကျော်ပြီ။ ကိုယ်ကလည်းသဘောကျတော့ အားပေးတာပေါ့။ ဘယ်လိုစိတ်ထားမျိုးနဲ့ ပါရမီဖြည့်ခဲ့လဲဆို ပြောလို့လည်း မရဘူးလေ။ ပြောလို့မရတော့တဲ့အတူ မထူးတော့ဘူးဆိုပြီး လွှတ်ထားလိုက်တယ်။ မိသားစုနဲ့ အန်တီ့နား (ဒေါ်အောင်ဆန်းစုကြည်) ဆို ဟိုက ပထမ၊ မိသားစုနဲ့နေတာက ဒုတိယပေါ့။ အဲလောက်ထိ စိတ်က ပြင်းပြတယ်။ အန်တီ့နားမှာနေပြီး စောင့်ရှောက်ချင်တဲ့စိတ်ကများတယ်” ဟု ဒေါ်မြင့်မြင့်သိန်းက ပြောသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြယုဂ် (Myanmar’s Democracy Icon) ဟု တင်စားခဲ့ကြသည့် အလွန်ထင်ရှားကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံတော်ဖြစ်ခဲ့သော်လည်း ဦးစိုးဝင်းသည် ပါတီဝင်တစ်ဦးမဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ တူဖြစ်သူ ဦးအောင်ကျော်ဦးက ဦးစိုးဝင်းကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် ၅၄ သို့ ခေါ် ဆောင်ခဲ့ခြင်းဖြစ်သည်။
“သူက နိုင်ငံရေးလောကထဲကမဟုတ်ဘူး။ အခု ဒီမှာ ဦးအောင်ကျော်ဦးဆိုတာက ဒေါ်ခင်ကြည်ရဲ့မြေး တော်မှာပေါ့။ သူခေါ်လာတာ။ ခြံထဲကို သူကခေါ်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဆီမှာ အပ်ခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ကို လိုလိုလားလားလက်ခံပြီးတော့ တောက်လျှောက် အခု သေတဲ့အထိကို တွဲလုပ်လာတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းဓာတ်ပုံဆရာ ကိုဆန်နီက ပြောသည်။
ကိုဆန်နီနှင့် ဦးစိုးဝင်းတို့သည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည်။ ခြံအမှတ် ၅၄ တွင် အတူတကွလုပ်ကိုင်ခဲ့ရသည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များတွင်လည်း နှစ်ပေါင်းများစွာ အတူတကွ လိုက်ခဲ့ရသည်။
၁၉၉၄ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းအိမ်သို့ ဦးစိုးဝင်း စတင်ရောက်ရှိခဲ့ပြီး ခြံအမှတ် ၅၄သို့ မရောက်ခင်က ဦးစိုးဝင်းသည် ဒေါ့ဂျစ်ကားမောင်းသမားအဖြစ် လုပ်ကိုင်ခဲ့သည်ဟု ကိုဆန်နီက ပြောသည်။
“အဓိကတော့ စိတ်ဓာတ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို သူအရမ်းလေးစားတယ်။ ချစ်တယ်။ သူပြောသွားတဲ့အတိုင်းပဲ သေတဲ့အထိ သူလုပ်သွားမယ်ဆိုတဲ့စကားရှိတယ်။ ခုလည်း သေတဲ့အထိ လုပ်သွားတာပဲလေ။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်၊ လေးစားတယ်၊ မြတ်နိုးတယ်၊ ဒါပဲ။ အဲဒီစိတ်ဓာတ်ကတော့ သူ့မှာ အပြည့်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အသက်တောင်ပေးမယ်ပေါ့ သူဆုံးဖြတ်ထားတာ” ဟု ဦးဆန်နီက ပြောသည်။
‘သာကေတက နှလုံးလှလူမိုက်ကြီး’ ဟု ဆိုကြသော်လည်း ဦးစိုးဝင်းမှာ စိတ်ရင်းကောင်းသူ၊ ရိုးသားသူဖြစ်သည်။ စစ်အာဏာရှင်လက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အချိန်က တက္ကသိုလ်ရိပ်သာလမ်းသည်ပင် လူအများသွားခွင့်မရှိသည့်နေရာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်းနေထိုင်သူများအတွက် အန္တရာယ်မှာ ဆိုဖွယ်ရာမရှိပေ။ ထိုသို့အန္တရာယ်များသော ခက်ခဲသော အခြေအနေကြားမှ ထူးဆန်းအံ့ဩဖွယ်ကိစ္စရပ်တစ်ခုရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ အနီးကပ်လုံခြုံရေးများနှင့် နေအိမ်ခြံဝင်းပြင်ပတွင် လုံခြုံရေးယူထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ပကတိရန်သူများပင်ဖြစ်သည်။ နေအိမ်အဝင်အထွက်ကို တာဝန်ကျရဲတပ်ဖွဲ့က စောင့်ကြည့်ရသည်၊ စစ်ဆေးရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံတော် ဦးစိုးဝင်းမှာ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းအတွင်း ရောက်ရှိလုပ်ကိုင်နေပြီဖြစ်သည်။ တစ်ခါတစ်ရံ ဈေးသွားဈေးဝယ် အပြင်ထွက်ရသည်လည်းရှိသည်။
ခြံအမှတ် ၅၄ တာဝန်ကျရဲအရာရှိနှင့် ဦးစိုးဝင်းတို့ ထိုအချိန်ကတည်းကပင် မျက်မှန်းတန်းမိကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ၁၉၉၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ တာဝန်ကျခဲ့သည့် ထိုရဲအရာရှိနှင့် ဦးစိုးဝင်းတို့သည် ယနေ့အချိန်တွင် အယုံကြည်ရဆုံးသော မိတ်ဆွေရင်းချာများ ဖြစ်သည်။
ခြံအမှတ် ၅၄ တွင် တစ်ဦးကိုတစ်ဦး စောင့်ကြည့်လေ့လာနေရလင့်ကစား တစ်ဦးအပေါ်တစ်ဦး ခိုင်ကျည်သော မေတ္တာဓာတ်နှင့် ယုံကြည်လေးစားမှုတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်မှ ယနေ့ထက်တိုင်ဖြစ်သည်။
“အဲဒီကတည်းက ခင်နေကြတာပဲ။ သူတို့လည်း သူတို့အပိုင်းသူတို့ထမ်းဆောင်တယ်၊ ကျွန်တော်တို့လည်း ကျွန်တော်တို့အပိုင်းထမ်းဆောင်တယ်။ အဲဒီမှာနေကတည်းက UFL မှာ အင်္ဂလိပ်စာသင်တန်းလေး တက်တော့လည်း ဆုံဖူးပါတယ်” ဟု အဆိုပါရဲအရာရှိဟောင်းက ပြောသည်။
ထိုရဲအရာရှိသည် ဒုရဲအုပ်၊ ရဲအုပ်၊ ရဲမှူး စသည့် ရာထူးအဆင့်ဆင့်ဖြင့် ရဲတပ်ဖွဲ့တွင် ၃၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးတစ်ယောက်ဖြစ်နေသည့်အတွက် ထိုရဲအရာရှိ၏ အမည်ကိုမူ ဤနေရာတွင် ဖော်ပြနိုင်ခြင်းမရှိပါ။
“အများသိကြတဲ့အတိုင်းပါပဲ ဦးစိုးဝင်းက တကယ်ကို ရိုးစင်းတယ်၊ ဖြူစင်တယ်၊ သစ္စာရှိတယ်။ နိုင်ငံတော်အတိုင်ပင်ခံအပေါ်မှာ သစ္စာခံပြီး ဘာပဲလုပ်ရလုပ်ရ ကျေနပ်နေတဲ့သူပါ။ အင်မတန်ကိုပေးဆပ်ပြီး သစ္စာရှိသူပါ။ ကျွန်တော်လည်း အင်မတန်လေးစားတယ်၊ ဒါကြောင့်လည်း သူနဲ့ခင်တာပါ” ဟု ထိုအရာရှိဟောင်းက သူ၏အရင်းနှီးဆုံးသော မိတ်ဆွေတစ်ဦးဖြစ်သည့် ဦးစိုးဝင်းအကြောင်း အားပါးတရ ပြောပြသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။ အနီးကပ်လုံခြုံရေးဦးစိုးဝင်းလည်း ထက်ကြပ်မကွာ လိုက်ပါခဲ့ရသည်။ လွှတ်တော်တက်ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးအပါးတွင် အထုပ်ဆွဲလျက် ဦးစိုးဝင်းကို တွေ့မြင်ရသည်။
ဦးစိုးဝင်းနှင့်ပတ်သက်၍ ပြောစမှတ်တွင်စရာအဖြစ်အပျက်တစ်ခု ထိုအချိန်တွင်ဖြစ်ခဲ့သည်။ သာမန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းနှင့် တွေ့ဆုံမည့်အချိန်တွင် ဖြစ်သည်။ သူရဦးရွှေမန်း၏ PSO (ကိုယ်ရေးအရာရှိ) က ဝင်ခွင့်မပြုသည်ကို ဦးစိုးဝင်းပြန်ပြောခဲ့သည်စကားက လူအများအမှတ်ရစရာ ဖြစ်ခဲ့သည်။
“ခင်ဗျားရဲ့ခေါင်းဆောင်က ဦးရွှေမန်း၊ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်လိုက်၊ ကျွန်တော့်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်။ အဲဒီတော့ ခင်ဗျားက ကျွန်တော့်ကို တားပိုင်ခွင့်မရှိဘူး။ ခင်ဗျားဝင်မယ်ဆို ကျွန်တော်လည်းဝင်ရမယ်။ ကျွန်တော့်ကို ပေးမဝင်ဘူးဆိုရင် ခင်ဗျားလည်း မဝင်ရဘူး” ဟု ဦးစိုးဝင်းက ပြတ်ပြတ်သားသားမာမာထန်ထန် ပြောခဲ့သည်။
“အဲဒီအချိန်က အခုလိုမဟုတ်သေးဘူးလေ။ ကျွန်တော်တို့အတွက် အရမ်းကို တင်းတင်းကျပ်ကျပ်ရှိနေသေးတဲ့ကာလ။ ဒေါ်အောင်ဆန်းစုကြည်တောင် Rule of Law (တရားဥပဒေစိုးမိုးရေး) ကော်မတီဥက္ကဋ္ဌ မဖြစ်သေးဘူး။ အဲလိုပြောတာကို ဦးရွှေမန်းသိသွားတော့ ပေးဝင်ဖို့ ခွင့်ပြုလိုက်တယ်။ အဲဒါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးခန်းမှာ ဖြစ်ခဲ့တဲ့သာဓကပေါ့” ဟု ဦးစိုးဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်သွားလေရာ လိုက်ခဲ့ရသည့် မှတ်တမ်းဓာတ်ပုံဆရာ ကိုမိုးဇော်သိန်း ခေါ် ကိုဘိုဘိုက ပြောပြခြင်းဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးနီးပါးသို့ မဲဆွယ်စည်းရုံးရေးခရီးထွက်ခဲ့သည်။ ဦးစိုးဝင်းလည်း ဒေါ်အောင်ဆန်းစုကြည်သွားလေရာနောက်တော်ပါးက ထက်ကြပ်မကွာ။ မြောက်မြားလှစွာသော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများတွင် ဦးစိုးဝင်းပါလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့မှ၊ ဘေးမှ၊ နောက်မှနေ၍ အစဉ်သဖြင့် အနီးကပ်ရှိနေသူဖြစ်သည်။
ရိုးသားပြီး စိတ်သဘောထားကောင်းသူဟု အများကသတ်မှတ်ကြသည့် ဦးစိုးဝင်းသည် အလုပ်လုပ်ရာတွင် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပါက မည်သူ့ကိုမဆို ပြတ်ပြတ်သားသား ပြောဆိုဆက်ဆံလေ့ရှိသည်ဟု ခြံအမှတ် ၅၄ က ဦးစိုးဝင်း၏လုပ်ဖော်ကိုင်ဖက်ဟောင်း ကိုဆန်နီက ပြောသည်။
“သူကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒါဆိုရင်ဒါပဲ။ ဘဘဦးတင်ဦးလို လူကြီးတွေတောင် မရဘူး။ မဝင်နဲ့ဆို မဝင်နဲ့ပဲ။ လူချင်းခင်တာ ခင်တာတစ်ပိုင်း၊ အလုပ်ပိုင်းမှာတော့ သူက ဘယ်သူ့ကိုမှ မျက်နှာမထောက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ကျန်တာ ဘာမှဂရုမစိုက်ဘူး၊ သူ့မိသားစုကို ပြန်တောင်လှည့်ကြည့်တာမဟုတ်ဘူး” ဟု သူက ပြောသည်။
ဦးစိုးဝင်း၏ပုံစံက မဲမဲပုပု တောင့်တောင့်နှင့် လူမိုက်ပုံစံဖြစ်နေသော်လည်း နှလုံးသားနူးညံ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အသက်ပေးရန် ဆုံးဖြတ်ထားသူဖြစ်ကာ မည်သူနှင့်မတူအောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာစောင့်သိသူဖြစ်ရာ ဦးစိုးဝင်းဆုံးပါးခဲ့ခြင်းက လွန်စွာ နှမြောစရာကောင်းသည်ဟုလည်း ကိုဆန်နီက ဆိုသည်။
“ဒီနေရာမှာတော့ ထဲထဲဝင်ဝင်နဲ့ ယုံကြည်စိတ်ချရတဲ့လူတစ်ယောက် ဆုံးရှုံးတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုစိုးဝင်းကို ယုံကြည်စိတ်ချတယ်လေ။ ဒီနေရာမှာ တခြားလူတစ်ယောက်ဆိုလည်း ကိုစိုးဝင်းလို သိပ်အဆင်မပြေဘူးပေါ့နော်။ သူ့လိုလူမျိုးကလည်း ရဖို့မလွယ်တော့ဘူး” ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံတော် ဦးစိုးဝင်း၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့ရှိ ရေဝေးသုသာန်တွင် ယနေ့ မီးသင်္ဂြိုဟ်ခဲ့ပြီဖြစ်သည်။