သတင်း

တရားဟောဆရာဒေးဗစ်လားအမှု ဩဂုတ် ၆ တွင် အမိန့်ချမည်

အစိုးရ၏ ကိုဗစ်နိုင်တင်း (Covid-19) ရောဂါကာကွယ်ရေး အရေးပေါ်ညွှန်ကြားချက်ကို မလိုက်နာသဖြင့် တရားစွဲဆိုခံထားရသော တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း အမှုကို နှစ်လကျော်ကြာ စစ်ဆေးပြီးနောက် ဩဂုတ် ၆ တွင် အပြီးသတ်အမိန့်ချမည်ဟု မရမ်းကုန်းမြို့နယ်တရားရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။ 

တရားလိုဘက်က တင်ပြသည့်သက်သေ ၁၂ ဦးနှင့် စွပ်စွဲခံရသူများက တင်ပြသည့်သက်သေ ၈ ဦး စုစုပေါင်း ၂၀ ဦးကို စစ်ဆေးပြီးနောက် ယနေ့ (ဇူလိုင် ၂၃) တွင် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်တင်ခဲ့ကြောင်း စွပ်စွဲခံရသူများ၏ရှေ့နေ ဦးအောင်ကြည်ဝင်းက ပြောသည်။

စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်တေးသံသွင်း) တို့သည် ကိုဗစ်ကာလအတွင်း လူစုလူဝေး မပြုလုပ်ရန် တားမြစ်ချက်ကို ချိုးဖောက်ခဲ့သဖြင့် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခံထားရသည်။ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ “ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင်” ကျူးလွန်သူကို ထောင်ဒဏ် ၃ နှစ် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၎င်းတို့နှစ်ဦးသည် ကိုဗစ်နိုင်တင်းကပ်ရောဂါကာလ ဧပြီလဆန်းပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ညီအစ်ကိုများအသင်းတော်ကျောင်း၏ အခန်းတစ်ခန်းတွင် “လူစုလူဝေး” နှင့် နှစ်သိမ့်ဓမ္မတေး သီဆိုဆုတောင်းပြီး လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့မှုကြောင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ 

၎င်းတို့သည် ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရသည့်အတွက် ကုသမှုနှင့် အသွားအလာကန့်သတ်မှု ခံယူခဲ့ပြီးနောက် မေ ၂၀ မှစ၍ အချုပ်ဖြင့် တရားရင်ဆိုင်နေခဲ့သည်။ 

ဒေးဗစ်လားသည် ကနေဒါနိုင်ငံ တိုရန်းတို့မြို့ အခြေစိုက် မြန်မာပြည်ဖွား ခရစ်ယာန်တရားဟောဆရာ တစ်ဦးဖြစ်ပြီး ကမ္ဘာအနှံ့လှည့်လည် ဟောပြောလျက်ရှိသည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ သို့သော်လည်း ၎င်း၏ ဟောပြောချက်များမှာ မြန်မာခရစ်ယာန်အသိုင်းအဝိုင်းများကြားတွင် ဝေဖန်ခံနေရပြီး အငြင်းပွားဖွယ် ဖြစ်နေသည်။

ကိုဗစ်နိုင်တင်းရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် လူစုလူဝေး မပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံး၏ မတ် ၁၃ ကြေညာချက် အပါအဝင် အစိုးရ၏ အရေးပေါ်တုံ့ပြန်ရေး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သဖြင့် တရားဟောဆရာ ဒေးဗစ်လား၊ ဦးဝေထွန်း၊ သင်းအုပ်ဆရာ စောကွယ်ဝါး၊ အမှုတော်ဆောင် စောရေဂန်ဒီတို့ကို ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ဧပြီလလယ်က အမှုဖွင့်တရားစွဲဆိုခဲ့သည်။

၎င်းတို့လေးဦးက ဦးဆောင်ပြုလုပ်ခဲ့သည့် ဘာသာရေးဆိုင်ရာစုဝေးမှုများသို့ တက်ရောက်ခဲ့သူများ အပါအဝင် တက်ရောက်ခဲ့သူများနှင့် အနီးကပ်ထိတွေ့မှုရှိသူ အနည်းဆုံး ၇၂ ဦးတွင် ကိုရိုနာဗိုင်းရပ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကိုဗစ်နိုင်တင်းအခြေအနေအစီရင်ခံစာအရ သိရသည်။

Show More

Related Articles

Back to top button