သတင်း

တပ်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ တောင်သူ ၁၀၅ ဦးကို တရားစွဲဆို 

တပ်ပိုင်မြေကို ကျူးကျော်သည်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်းမှ တောင်သူ ၁၀၅ ဦးကို တပ်မတော်က ယနေ့ (ဇူလိုင် ၁၃) မြို့နယ်တရားရုံးတွင် တရားမကြီးအမှုအနေဖြင့် တရားစွဲတင်ခဲ့သည်။ 

အမှတ် (၁၂၁) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း ပိုက်နက်ကို ကျူးကျော်နေသည်ဟုဆိုကာ အဆိုပါတပ်မှ ဗိုလ်ကြီးဇော်ဝင်းနိုင်က တရားလိုလုပ်ပြီး စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာမှ တောင်သူ ၅၁ ဦးနှင့် ညောင်ဝန်းကျေးရွာမှ တောင်သူ ၅၄ ဦး စုစုပေါင်းတောင်သူ ၁၀၅ ဦးကို တပ်ပိုင်မြေမှဖယ်ပေးရန် တရားရုံးမှတဆင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ 

တပ်ပိုင်မြေတွင် ကျူးကျော်နေထိုင်ခြင်းမှ ထွက်ခွာပေးရန် တပ်မတော်မှ အကြောင်းကြားစာ သုံးကြိမ်ပေးပို့ခဲ့ပြီး ဇူလိုင် ၈ တွင် တရားစွဲဆိုမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။ 

“ဒီနေ့က တရားပြိုင်တောင်သူတွေကို ဆင့်ခေါ်ပြီး ရုံးရောက်လာရမယ့်နေ့ပေါ့၊ တပ်မတော်က တောင်သူတွေကို ကျူးကျော်နေထိုင်မှုနဲ့ ခြံစည်းရိုးခတ်ထားမှုတွေကို ထွက်ခွာပေးစေလိုကြောင်း တရားစွဲတာပါ”ဟု စဉ့်ကူးမြို့နယ်တရားရုံးမှ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးစိုးလှိုင်ထွန်းက သတင်းမီဒီယာများကို ပြောသည်။

တပ်မတော်ပိုင်မြေ ၂,၀၉၁ ဧကရှိသည့်အနက် ရွာမြေအဖြစ် ၇၅ ဧက စွန့်လွှတ်ပေးထားသော်လည်း တောင်သူများက စွန့်လွှတ်မြေနှင့် ဆက်စပ်နေရာများတွင် တိုးချဲ့နေထိုင်စိုက်ပျိုးကြခြင်းကြောင့် တရားစွဲရခြင်းဖြစ်သည်ဟု တရားလိုဖြစ်သူ ဗိုလ်ကြီးဇော်ဝင်းနိုင်က ပြောသည်။ 

“စွန့်လွှတ်မြေနေရာနဲ့ ဆက်စပ်တဲ့ နေရာတွေမှာ လူနေအိမ်တွေ ဆောက်နေတဲ့အတွက် စွဲတာပါ။ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထွက်ပေးဖို့ အကြောင်းကြားခဲ့ပြီးသား။ ထွက်မပေးလို့ စွဲတာပါ”ဟု ၎င်းက ပြောသည်။ 

တရားစွဲဆိုသည့်အဖွဲ့အစည်းမှဖြစ်သောကြောင့် အလုံးစုံပြောရေးဆိုခွင့်မရှိဟုလည်း ဗိုလ်ကြီးဇော်ဝင်းနိုင်က ပြောသည်။

တပ်မတော်က ၁၉၇၂ ခုနှစ်မှစ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက်ဆိုကာ လက်ညှိုးထိုးသိမ်းယူခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် Great Wall ကုမ္ပဏီကို အငှားချခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်မှစ၍ ထိုကုမ္ပဏီက မလုပ်ကိုင်တော့သဖြင့် လစ်လပ်နေခဲ့ကြောင်း၊ တောင်သူများက ပြန်လည်တောင်းဆိုသည့်အတွက် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီး) က စွန့်လွှတ်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ထိုမြေများတွင် ရွာသူရွာသားများ ထွန်ယက်စိုက်ပျိုးနေခြင်းဖြစ်ကြောင်း ညောင်ဝန်းကျေးရွာမှ တောင်သူ ဦးစိန်ဌေးက ပြောသည်။

“သိမ်းစဉ်ကလည်း တံစက်မြိတ်ကစ လက်ညှိုးထိုးသိမ်းသွားတယ်။ အဲဒီတုန်းကတော့ စစ်အာဏာရှင်ခေတ်ဆိုတော့ ကြောက်ခဲ့တာပေါ့၊ အခု ပွင့်လင်းမြင်သာတဲ့ခေတ်မှာတော့ တောင်သူတွေက ကိုယ့်မြေကို ပြန်တောင်းဆိုလုပ်ကိုင်ခဲ့တယ်၊ အဲဒီမှာ တရားစွဲခံရတယ်”ဟု ဦးစိန်ဌေးက ပြောသည်။ 

“တပ်မတော်ဟာ ပြည်သူပြည်သားတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ရမယ်။ ဒီလို မြေယာတွေ လိုက်သိမ်းဖို့ ဖွဲ့စည်းပေးထားတာ မဟုတ်ပါဘူး။ ကြားလို့လည်းမကောင်းပါဘူး” ဟု ၎င်းက ပြောသည်။

တပ်သိမ်းမြေမူဝါဒအရ သိမ်းဆည်းဒေသများတွင် တပ်မတော်ဆိုင်ရာ အဆောက်အအုံများရှိလျှင်သော်လည်းကောင်း ရိက္ခာဂိုဒေါင်နှင့် လေ့ကျင့်ရေးကွင်းရှိလျှင်သော်လည်းကောင်း လိုအပ်သလောက် သိမ်းယူပြီး ကျန်မြေများကို မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ရမည်ဖြစ်ပြီး ဘိုးဘွားပိုင်မြေများ သိမ်းယူခံရခြင်းအပေါ် ဒေသခံတောင်သူများက ဝေဖန်ခဲ့ကြသည်။ 

“ဒီကွင်းမှ လုပ်မစားရရရင် ကျွန်တော်တို့မှာ လုပ်စား နေထိုင်စရာ မရှိပါဘူးဗျာ”ဟု ငွေတောင်ကျေးရွာမှ ကိုမိုးဝင်းဌေးက ပြောသည်။

စဉ့်ကူးမြို့နယ်တရားရုံးသို့ တရားစွဲခံထားရသည့် တောင်သူ ၁၀၀ ကျော်နီးပါး လာရောက်ခဲ့ကြသည်။ အဆိုပါနေရာများကို တပ်မတော်က သိမ်းယူခဲ့ခြင်းသည် ဥပဒေနှင့် မညီကြောင်း ငွေတောင်ကျေးရွာ တာဝန်ခံ ဦးနိုင်နိုင်ထွန်းက ပြောသည်။ 

ဓာတ်ပုံ – ရန်မိုးနိုင် (Myanmar Now)

“တိုင်းအစိုးရရဲ့ ၂၀၁၇ မြေလွတ်မြေရိုင်းနဲ့ အခြားနည်းသုံးစွဲခွင့်ကျတယ်ဆိုပြီး ပြန်လာသိမ်းယူတာပါ။ မြေလွတ်မြေရိုင်း လျှောက်ထားရင်လည်း မြေလွတ်မြေရိုင်းဥပဒေအရ ရပ်ကျေးကိုလာပြီး ထောက်ခံချက်ရယူရမယ်။ တောင်သူတွေက ကန့်ကွက်လွှာတွေ တင်ရမယ်။ မြေစာရင်းကိုမေးကြည့်တော့ ဒါတွေ ဘာတစ်ခုမှ မရှိခဲ့ဘူး။ ဥပဒေအရ မလုပ်ခဲ့ဘူး”ဟု ၎င်းက ဆိုသည်။

“ဒီနေ့ ကျေးရွာတာဝန်ခံတစ်ယောက်အနေနဲ့ မတရားမှုကို လာရောက်ဝန်းရံပါတယ်။ ကိုယ့်ရွာမြေမှာ ကိုယ်နေတာ ကျူးကျော်မှုလား” ဟုလည်း ဦးနိုင်နိုင်ထွန်းက ပြောသည်။

အဆိုပါမြေနေရာ အငြင်းပွားနှင့်ပတ်သက်ပြီး စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် တပ်မတော်ပိုင်ဆိုသော အထောက်အထားမရှိဟု ဆိုသည်။ 

“သူတို့ နှုတ်နဲ့သိမ်းထားတဲ့နေရာတွေကို တောင်သူတွေက မလုပ်ဘဲနဲ့ အဲဒီနေရာရဲ့ အခြားတစ်နေရာမှာ လုပ်ခဲ့တယ်။ တကယ်သိမ်းခဲ့တဲ့နေရာလည်း မဟုတ်ဘူး။ အခု မြေလွတ်မြေရိုင်းလျှောက်ထားပြီး အဲဒီစာရွက်လေးတစ်ရွက်နဲ့ပဲတောင်သူတွေကို တရားစွဲတာ ဥပဒေနှင့်မညီဘူး”ဟု ၎င်းက ပြောသည်။

တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်ခြင်းမှ ဖယ်ရှားရန် တပ်မတော်က တရားမကြီးအမှုအနေဖြင့် စွဲဆိုထားသည့် အဆိုပါအမှုအတွက် နောက်တစ်ကြိမ်ရုံးချိန်းကို ဇူလိုင် ၂၈ သို့ ဆင့်ခေါ်ထားသည်ဟု စဉ့်ကူးမြို့နယ်တရားရုံး တာဝန်ရှိသူက ပြောသည်။

ပြင်ဦးလွင်မြို့နယ် ကျွဲနဖားကြိုးဝိုင်းရှိ လွန်ကောင်းကျေးရွာအုပ်စုမှ တောင်သူခုနစ်ဦးကိုလည်း အမှတ် ၁၂၁ ထောက်ပို့တပ်မှ ဗိုလ်ကြီးဇော်ဝင်းနိုင်ကပင် ၂၀၁၉ မေလအတွင်း အလားတူတရားစွဲဆိုထားသည်။ အဆိုပါအမှုသည်လည်း ယနေ့အချိန်ထိ ပြီးပြတ်ခြင်း မရှိသေးပေ။ 

Show More

Related Articles

Back to top button