ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးမှ အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသည့် အမှုနှင့်ပတ်သက်ပြီး ကာယကံရှင်အမျိုးသမီးက တရားလိုပြုလုပ်ကာ စစ်တွေမြို့ အမှတ်( ၁ ) ရဲစခန်းတွင် ယမန်နေ့က အမှုဖွင့်လိုက်သည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး စစ်တွေမြို့၊ အမှတ်( ၁ )ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု) ၊ ပုဒ်မ ၃၆၆ (အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်မှု) ၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရန်အတွက် အားပေးမှု ) တို့ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအမျိုးသမီးဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် ဒေါ်မြသူဇာက ပြောသည်။
“အမှုဖွင့်တဲ့ အခြေအနေက အမှန်အကန်ထွက်ဆိုတာကို ကျွန်မက လိုလားချက်ရှိပါတယ်။ အဲဒါကြောင့်လည်း ရဲရဲဝံ့ဝံ့နဲ့ အမှန်အကန်ကို ကျွန်မ ထွက်ဆိုတယ် ”ဟု သားသမီး လေးယောက်၏ မိခင်ဖြစ်သူ ကာယကံရှင်အမျိုးသမီးက ပြောသည်။
လွန်ခဲ့သည့် ဇွန် ၂၉ ၊ညနေ ၆ နာရီတွင် တပ်မတော်စစ်ကြောင်းတစ်ခုသည် ဦးဂါကျေးရွာသို့ သေနတ်ပစ်ဖောက် ရောက်ရှိလာပြီးနောက် ရွာသူရွာသားအများစုသည် တခြားကျေးရွာများသို့ တိမ်းရှောင်ထွက်ပြေးသွားကြသည်။
အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသမီးသည် ရွာသားများ ထွက်ပြေးကြသော်လည်း ၎င်း၏သမီးမှာ ကလေးမွေးဖွားထားသည်မှာ ခြောက်ရက်ခန့်သာရှိသေးသောကြောင့် သမီးအတွက် စိုးရိမ်ပြီး ထွက်ပြေးခြင်း မပြုလုပ်ခဲ့ဘဲ အိမ်ထဲတွင် ပုန်းခိုနေကြသည်ဟု ဆိုသည်။
ထို့နောက် တပ်မတော်စစ်ကြောင်းသည် ရွာထဲတွင် တစ်အိမ်တက်ဆင်း စစ်ဆေးမှုပြုလုပ်လာပြီး ည ၁၁ နာရီခန့်တွင် ၎င်း၏ နေအိမ်သို့ တပ်မတော်သား လေးဦး ရောက်ရှိလာခြင်းဖြစ်ပြီး ကလေးငိုသည့်အခါ ယင်းအိမ်တွင် လူရှိနေသည်ကို သိရှိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုစတင်တော့သည်ဟု ယင်းအမျိုးသမီးက ပြောသည်။
ယင်းအမျိုးသမီးကို မှတ်ပုံတင်မှာ မသင်္ကာစရာရှိသည်ဟုဆိုကာ အိမ်ခြံဝင်းအတွင်းမှ အခြားနေအိမ်တစ်အိမ်သို့ ဆွဲခေါ်သွားပြီး မှတ်ပုံတင်အကြောင်းကို ထပ်မံစစ်ဆေးပြီး “အစ်မကို လမ်းနှစ်လမ်း ရွေးခွင့်ပေးမယ်ပြောတယ်”ဟု တပ်မတော်သားများ၏ ပြောပြချက်ကို ပြန်လည်ပြောပြသည်။
“တစ်လမ်းက အစ်မ ထွက်ပြေးလို့ရှိရင် သေနတ်နဲ့ ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတစ်လမ်း၊ တစ်လမ်းကတော့ အစ်မရဲ့ ခန္ဓာကို တောင်းဆိုခွင့် တစ်လမ်းရှိပါတယ်။ ဆိုတော့ ကျွန်မ ထွက်ပြေးဖို့ ကြံစည်နေတဲ့အချိန်မှာ အမျိုးသား နှစ်ဦးက နောက်တစ်ယောက် ရှေ့တစ်ယောက် သေနတ်နဲ့ ဓားနဲ့ ခြိမ်းခြောက်ပြီး ထွက်ပြေးရင် သူပုန်လို့ သတ်မှတ်ပြီး ပစ်မိဖို့ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ခြိမ်းခြောက်တဲ့အချိန်မှာ ကျွန်မကို အမျိုးသားသုံးဦးက မုဒိမ်းမှု၊ အဓမ္မကျင့်ပါတယ်”ဟု ယင်းအမျိုးသမီးက ဆက်လက်ဆိုသည်။
ထို့နောက် ကျန်ရှိလိုက်သည့် တပ်မတော်သားတစ်ဦးထံသို့ အဆိုပါအမျိုးသမီးကို ခေါ်ယူသွားကာ ၎င်းကို ကျပ်ငွေနှစ်သောင်း အတင်းပေးပြီး သတင်းမပေါက်ကြားရန် သတိပေးပြီး ပြန်လွှတ်လိုက်သည်။ ယင်းတပ်သားများသည် ထပ်မံပြီး အိမ်သို့ လာရောက်ကာ အသက် ၁၉ နှစ်အရွယ်ရှိ ကလေးမွေးစမိခင်ကို စစ်ဆေးစရာ ရှိသည်ဟု ဆိုကာ ခေါ်ထုတ်သွားသည်ဟု ဆိုသည်။
“ကျွန်မသမီးလေးကို ကျွန်မကြုံတွေ့ခဲ့ရတဲ့အိမ်ကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ကျွန်မလိုမျိုး ဓားထောက်၊ သေနတ်ထောက်ပြီး စစ်သားတစ်ဦးက အဓမ္မပြုကျင့်ဖို့ ကြံစည်ပါတယ်။ ကြံစည်နေတဲ့အချိန်မှာ ကျွန်မကလည်း ကျွန်မယောက္ခမကို ကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုပြောပါတယ်။ ကျွန်မသမီးလေးကို ဒီလို မကြုံတွေ့ရပါစေနဲ့လို့ ကျွန်မက ယောက္ခမကို အမျိုးမျိုးတောင်းပန်ပြီး သမီးဆီ သွားဖို့ခိုင်းပါတယ်။အဲဒီလူတွေ ကျွန်မယောက္ခမလာတာမြင်ပါတယ်။ အပြင်က တစ်ယောက်က ကင်းသဘောနဲ့ အပြင်ကလူ လာ၊မလာ ကြည့်နေပါတယ်။ ကျွန်မ ယောက္ခမသွားတဲ့အချိန်မှာ သမီးလေး အဓမ္မပြုကျင့်မခံခဲ့ရဘဲ ပြန်လွတ်မြောက်လာတယ်”ဟု မုဒိမ်းကျင့်ခံခဲ့ရသည်ဆိုသော အမျိုးသမီးက ပြောသည်။
ယင်းနေ့တစ်ညလုံး စိုးရိမ်စိတ်များဖြင့် မအိပ်နိုင်ခဲ့ဘဲ ရွာမှတပ်မတော်သားများ မသိလိုက်သည့်အချိန်တွင် နီးစပ်ရာကျေးရွာများမှ တစ်ဆင့် စစ်တွေမြို့သို့ ထွက်ခွာလာခြင်းဖြစ်သည်။ ၎င်းကို စစ်တွေမြို့ရှိ အမျိုးသမီးအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေပြီး အမှုဖွင့်ခြင်းကြန့်ကြာရခြင်းမှာ ယင်းအမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာအားပေးမှုများ ပြုလုပ်ပေးနေရသောကြောင့်ဟု ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
အဆိုပါ အမျိုးသမီးက အမှုဖွင့်လှစ်လိုက်သော်လည်း “ကျွန်မရဲ့ လုံခြုံမှု၊ ကျွန်မမိသားစုရဲ့ လုံခြုံမှု၊ ဘယ်လိုလုံခြုံမှာလဲဆိုတာကို သိပ်ကြောက်လန့်ပြီး အမျိုးမျိုးအဖုံဖုံကို တွေဝေနေပါတယ်။ ကျွန်မကတော့ သိပ်ကြောက်လန့်နေပြီ ”ဟု ဆိုသည်။
တပ်မတော်ဘက်ကတော့ အဆိုပါကိစ္စမှာ “ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် လုပ်ကြံဖန်တီးသည့်သတင်း ”ဟု ဇူလိုင် ၂ က ထုတ်ပြန်ခဲ့သည်။
တပ်ဘက်မှ ထုတ်ပြန်ချက်တွင် ” တပ်မတော်စစ်ကြောင်းတစ်ခုသည် ဇွန်လ ၃၀ ရက် ညနေ ၇ နာရီတွင် အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၈ နာရီတွင် ရွာ၏မြောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကာ ရွာမြောက်ဘက် မီတာ ၂၅၀ ခန့်ရှိ သရက်တောအတွင်း၌သာ အခြေပြုခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရွာအတွင်းသို့ ဝင်ရောက်၍ အကြမ်းဖက်သောင်းကျန်းသူတို့၏ သတင်းအား မေးမြန်းခဲ့ကြောင်း” ဖော်ပြထားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူများနှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး ပုဒ်မ ၃၆၆ အရ ပြစ်မှုထင်ရှားပါက ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရန်အတွက် အားပေးမှု ) မှာ တရားသူကြီး၏ ဆင်ခြင်တုံတရားအရ ပြစ်မှုကျူးလွန်သူ နည်းတူဖြစ်စေ ပြစ်ဒဏ်လျော့၍ဖြစ်စေ ချမှတ်နိုင်သည်။