
၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) က အသင့်ဖြစ်နေပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲများနှင့်မတူသည့် ရွေးကောက်ပွဲဖြစ်လာမည်ဟု ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။
“ပြည်သူတွေအနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ရွေးကောက်ပွဲ အောင်မြင်မှုရရှိလာတဲ့ ပါတီများရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာသုံးသပ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကတော့ ၂၀၁၅ ရွေးကောက်ပွဲကလို ပါတီတစ်ခုတည်းကပဲ များများစားစား တောင်ပြိုကမ်းပြိုမနိုင်နိုင်ဘူး” ဟု နေပြည်တော်ရှိ ၎င်း၏နေအိမ်တွင် Myanmar Now နှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းတည်ထောင်ထားသည့် (UBP) ပါတီသည် မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် ပါတီရုံးခွဲများ ဖွင့်လှစ်ထားပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ပေါင်း ၉၀၀ အထိ ရှိသည်ဟုဆိုသည်။
ပါတီစတင်ထူထောင်စဉ်ကတည်းက ပါတီဝင်အင်အားတိုးပွားရေးနှင့် ပါတီအောင်နိုင်ရေးကိုသာ အဓိကထားဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိပြီးနောက် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ထားသည်ဟု သူရဦးရွှေမန်းက ပြောသည်။
“ပါတီတစ်ခုတည်းကနေ တောင်ပြိုကမ်းပြိုမနိုင်ဘူးဆိုတဲ့ ခန့်မှန်းချက်ကတော့ တော်တော်မှန်နိုင်ပါတယ်။ မိမိတို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့လည်း မဲဆန္ဒနယ်များရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အောင်မြင်ဖို့ မျှော်မှန်းထားပါတယ်။ အဲဒီလိုမျှော်မှန်းထားတာလည်း ရမ်းပြီးတော့ မျှော်မှန်းထားတာမဟုတ်ဘဲနဲ့ သေချာစနစ်တကျ သုံးသပ်ပြီးတော့မှ မျှော်မှန်းထားတာပါ” ဟု ၎င်းက ပြောသည်။
နိုင်ငံရေးပါတီပေါင်း ၁၀၀ နီးပါးရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပါဝင်ယှဉ်ပြိုင်နိုင်သည့် ပါတီသည် လက်ငါးချောင်းပင် မပြည့်ဟုလည်း စစ်အစိုးရလက်ထက်တွင် နံပါတ်သုံးအဆင့် အဆင့်မြင့်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းခဲ့သူ သူရဦးရွှေမန်းက ပြောသည်။
တစ်ပါတီတည်းက အများစုအနိုင်ရပြီး အဆုံးအဖြတ်လုပ်ခွင့်ရှိခဲ့ပါက တစ်ပါတီအာဏာရှင်ဆန်ဆန် ပုံစံမျိုး ဖြစ်သွားနိုင်သည့်အတွက် အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့ ညွန့်ပေါင်းအစိုးရသည်သာ နိုင်ငံအတွက် အဆင်ပြေနိုင်သည်ဟုလည်းဆိုသည်။
“ညွန့်ပေါင်းအစိုးရပေါ်လာမယ်ဆိုရင် တိုင်းပြည်အတွက်လည်း ကောင်းတယ်။ ဒီထက်ပိုပြောရမယ်ဆိုရင် လွှတ်တော်အတွက်လည်း ကောင်းတယ်။ အစိုးရအတွက်လည်း ကောင်းတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် မည်သည့်နိုင်ငံရေးပါတီကိုမျှ အဓိကပြိုင်ဘက်အဖြစ် စဉ်းစားမထားဘဲ နိုင်ငံသားများအကျိုးစီးပွားအတွက် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်နှင့်မဆို ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည်ဟုလည်း ၎င်းက ဆိုသည်။
၎င်း၏ပါတီတွင် အခြားနိုင်ငံရေးပါတီများမှ ပါတီဝင်ဟောင်းများလည်း ပါဝင်နေသည့်အတွက် ပါတီစုံဟုပင် ဆို၍ရသော်လည်း တပ်မတော်သားများ ပါဝင်လာစရာအကြောင်းမရှိဟုလည်းဆိုသည်။
“UBP ကတော့ လွတ်လပ်ပြီးတော့ နိုးကြားတက်ကြွတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်သားတွေ ဒီမှာ ပါလာစရာအကြောင်းမရှိပါဘူး။ UBP မှာ အနီကလည်းပါမှာပဲ။ အနီမှာနေခဲ့တဲ့သူတွေ။ အစိမ်းကလည်း ပါမှာပဲ။ အပြာကလည်း ပါမှာပဲ။ အခြားဟာတွေလည်းရှိပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။
တပ်တွင်းမဲရုံများ အပြင်ထုတ်ခြင်းသည် ကောင်းမွန်သည့်ကိစ္စဖြစ်ပြီး တပ်မတော်သားများအနေဖြင့် မှန်မှန်ကန်ကန်ရွေးချယ်နိုင်မည့် အခွင့်အရေးကို ကောင်းစွာအသုံးပြုစေချင်သည်ဟုလည်း တပ်မတော်ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်းဖြစ်သည့် သူရဦးရွှေမန်းက ပြောသည်။
ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်းထောင်ချီ အသုံးပြုသွားမည်ဟု ထုတ်ဖော်ပြောကြားထားသည့် UBP ပါတီခေါင်းဆောင်က မိသားစုစီးပွားရေးနှင့် မည်သည့်အကျိုးစီးပွားပဋိပက္ခမျှ မရှိဘဲ ၎င်း၏ ပိုင်ဆိုင်မှုသည် “ဥပဒေနှင့်အညီသာ” ဖြစ်သည်ဟုလည်း Myanmar Now ကို ပြောကြားခဲ့သည်။