ဆောင်းပါး

နိုင်ငံခြားအရက်စျေးကွက်အဖွင့် ဘယ်သူတွေ အမြတ်ထွက်မလဲ

ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကန့်သတ်ပိတ်ပင်ခဲ့သည့် နိုင်ငံခြားအရက်တင်သွင်းခွင့်ကို ယခုနှစ် မေလတွင် တရားဝင်ခွင့်ပြုလိုက်ပြီးနောက် မြန်မာကုမ္ပဏီများက နိုင်ငံခြားအရက် တရားဝင်တင်သွင်းရောင်းချနိုင်ရန် လုံးပန်းလာပြီဖြစ်သည်။

နိုင်ငံခြားအရက်အပါအဝင် ဘီယာ၊ စီးကရက်၊ ဝိုင်နှင့် စစ်လက်နက်ကဲ့သို့ ပစ္စည်းများကို ပြည်ပမှတင်သွင်းခွင့်မပြုသည့် ကုန်ပစ္စည်းစာရင်းတွင် ထည့်သွင်း၍ ၁၉၉၆ မှစ၍ ပိတ်ပင်ထားခဲ့သည်။ နိုင်ငံခြားအရက်ကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားများ သောက်သုံးနိုင်ရန် အကောက်ခွန်လွတ်ဆိုင်များ၊ ဟိုတယ်များတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့်သာ ကန့်သတ်ခွင့်ပြုထားခဲ့သည်။

ပြောင်းလဲလာသည့်လူမှုဘဝပုံစံနှင့် ခရီးသွားလုပ်ငန်းပွင့်လင်းလာမှုကြောင့် အရက်နှင့် ဝိုင်လိုအပ်ချက်ရှိသဖြင့် နိုင်ငံခြားဖြစ်ဝိုင်ကို ၂၀၁၅ မတ်တွင် တင်သွင်းခွင့်ပြုခဲ့ပြီး ယခုအခါ နိုင်ငံခြားအရက်တင်သွင်းခွင့်ကိုပါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထပ်မံဖြေလျှော့လိုက်သည်။

မှောင်ခိုအရက်၊ ပြည်တွင်းထုတ်အရက်များ စိုးမိုးထားသည့် ပြည်တွင်းယမကာစျေးကွက်တွင် နိုင်ငံခြားအရက် တင်သွင်းခွင့်ပြုခြင်းသည် အရေးပါသည့် အပြောင်းအလဲတစ်ခုဖြစ်ကြောင်း ယမကာနှင့်ဆက်စပ်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

တရားဝင်တင်သွင်းခွင့်ကြောင့် နိုင်ငံအခွန်ဘဏ္ဍာ ပိုမိုရရှိနိုင်ပြီး မှောင်ခိုဈေးကွက်ကို လျှော့ချနိုင်မည်ဟု ယမကာရောင်းချသည့် လုပ်ငန်းရှင်များက မျှော်လင့်ကြသည်။ သို့သော် တင်သွင်းခွင့်မူဝါဒအရ သတ်မှတ်ထားသည့် အရက်တစ်လီတာအတွက် အနိမ့်ဆုံးတန်ဖိုးပေါ် အခွန်အခများ ထပ်ဆောင်းပေါင်းထည့်ပြီးလျှင်  ဈေးကွက်အတွင်း ရောက်လာမည့်တန်ဖိုးမှာ သောက်သုံးသူအများစု လက်လှမ်းမမီနိုင်သဖြင့် ပြည်တွင်းစျေးကွက်နှင့် သဟဇာတမဖြစ်ကြောင်း၊ အနိမ့်ဆုံးတန်ဖိုးကို စဉ်းစားသုံးသပ်ရန်လိုကြောင်း ဝေဖန်မှုများလည်း ရှိသည်။

တင်သွင်းခွင့် ဖြေလျှော့မှု

အရည်အသွေး အာမခံနိုင်သောကုန်စည်ကို သုံးဆောင်နိုင်ရန်၊ တရားမဝင်အရက်တင်သွင်းမှုကို ထိန်းချုပ်နိုင်ရန်၊ သတ်မှတ်အခွန်အခများ အပြည့်အဝ ရရှိနိုင်ရန်နှင့် စျေးကွက်လိုအပ်ချက် ဖြည့်ဆည်းရန် ရည်ရွယ်ပြီး နိုင်ငံခြားအရက်ကို တရားဝင်တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၂၅ တွင် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းစျေးကွက် လိုအပ်ချက်ရှိသဖြင့် နိုင်ငံခြားဖြစ်အရက်ကို တရားဝင်တင်သွင်းရောင်းချခွင့်ပြုရန် ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်အထိ အစိုးရသက်တမ်းနှစ်ဆက်အတွင်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က Myanmar Now ကို ပြောသည်။

“ခေတ်အခြေအနေရ ဖြေလျှော့မှုတွေ ဆက်လုပ်ရတာ” ဟု ၎င်းက ပြောသည်။

နိုင်ငံခြားအရက်တင်သွင်းခွင့်ကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ တည်ထောင်ထားသည့် ပြည်တွင်းကုမ္ပဏီကိုသာ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး နိုင်ငံခြားယမကာဖြန့်ဖြူးရေးကုမ္ပဏီများကို တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်ခွင့် မပြုထားပေ။

တင်သွင်းလိုသည့်ကုမ္ပဏီသည် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ထားပြီး သက်တမ်းတစ်နှစ်ရှိသည့် ယမကာတင်သွင်းခွင့်မှတ်ပုံတင်ကို စီးပွားကူးသန်းဝန်ကြီးဌာနတွင် သီးသန့်လျှောက်ထားရမည် ဖြစ်သည်။

တင်သွင်းခွင့်လျှောက်ထားသည့် ကုမ္ပဏီသည် ယင်းတင်သွင်းလိုသည့် အရက်ကို ထုတ်လုပ်ဖြန့်ဖြူးသည့် နိုင်ငံခြားကုမ္ပဏီနှင့် အမှတ်တံဆိပ်အတွက် တစ်ဦးတည်းဖြန့်ဖြူးရောင်းဝယ်ခွင့် (Exclusive Distributorship) သို့မဟုတ် တစ်ဦးတည်းရောင်းဝယ်ခွင့် (Exclusive Dealership) စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ရမည်။ လျှောက်ထားသည့်ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဦးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပေးသော နိုင်ငံခြားအရက် လက်ကားရောင်းချခွင့်လိုင်စင် (FL11) ရှိရန်လည်း လိုအပ်သည်။   

ဇူလိုင် ၃ အထိ ကုမ္ပဏီလေးခုကို နိုင်ငံခြားအရက်တင်သွင်းခွင့်မှတ်ပုံတင် ထုတ်ပေးထားပြီး ကုမ္ပဏီများက အပြိုင်အဆိုင်လုပ်နေချိန် ဖြစ်သည့်အတွက် မည်သည့်ကုမ္ပဏီ၊ မည်သည့်အရက်အမှတ်တံဆိပ်တင်သွင်းမည်ကို ပြောပြမရကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းနိုင်က ပြောသည်။

နိုင်ငံခြားအရက်ကို ရန်ကုန်ဆိပ်ကမ်းနှင့် ရန်ကုန်လေဆိပ်တို့မှသာ တင်သွင်းရမည်ဖြစ်ပြီး အရက်တစ်လီတာလျှင် ဆိပ်ကမ်းအရောက်တန်ဖိုး (CIF) ၈ ဒေါ်လာနှင့်အထက်စျေးရှိသည့်အရက်ကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ ဘားဆိုင်တစ်ခု၌ ရောင်းချနေသည့် နိုင်ငံခြားဖြစ်အရက်အမှတ်တံဆိပ်များ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

မှောင်ခိုခေတ်နှင့် အရက်တု

နိုင်ငံခြားအရက်အပါအဝင် အရက်ထုတ်လုပ်ရောင်းချခွင့်နှင့်ပတ်သက်ပြီး  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယစ်မျိုးလိုင်စင်အမျိုးအစား ၄၀ ကျော် သတ်မှတ်ခွင့်ပြုထားသည်။

ပြည်ပမှတင်သွင်းသည့် နိုင်ငံခြားအရက်ပြင်းကို ပေါင်းစပ်ခွင့်၊ ရောနှောခွင့်၊ အနံ့ထည့်ခွင့်၊ အရောင်ဆိုးခွင့်လိုင်စင် (FL 4)၊ နိုင်ငံခြားအရက်ပြင်း ပုလင်းသွတ်ခွင့်လိုင်စင် (FL 5)၊ နိုင်ငံခြားအရက်လက်ကားရောင်းချခွင့်လိုင်စင် (FL 11)၊ နိုင်ငံခြားအရက်ကို ကုန်စုံဆိုင်တွင် လက်လီလက်ကားရောင်းချခွင့်ရှိပြီး ဆိုင်ဥပစာတွင် သောက်သုံးခွင့်မရှိသည့် လိုင်စင် (FL 12)၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင်သောက်သုံးရန် လက်လီရောင်းချခွင့်လိုင်စင် (FL 15) စသည်ဖြင့် ပါဝင်သည်။

နိုင်ငံခြားအရက်များနှင့်ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်လီလက်ကားရောင်းချလိုင်စင်များ ထုတ်ပေးထားသော်လည်း စီးပွားကူးသန်းဝန်ကြီးဌာနက တင်သွင်းခွင့် ပိတ်ပင်ထားသဖြင့် ရောင်းချခွင့်ရှိသော်လည်း ရောင်းရန်ကုန်ပစ္စည်း မရှိသကဲ့သို့ ဖြစ်နေသည်။

ထို့ကြောင့် နိုင်ငံခြားအရက်မျိုးစုံကို နယ်စပ်မြို့များကဲ့သို့ မှောင်ခိုလမ်းကြောင်းမှ တင်သွင်းလာပြီး ရောင်းချနေသည့် ဈေးကွက် ပေါ်ပေါက်လာသည်။ နိုင်ငံခြားအရက်ကိုမှ သောက်သုံးလိုသည့် မြန်မာနိုင်ငံသားနှင့် နိုင်ငံတကာခရီးသွားဧည့်သည်များကို ပစ်မှတ်ထားသည့် စားသောက်ဆိုင်များ၊ ဘားများ၊ အဖျော်ယမကာဆိုင်များသည်လည်း နိုင်ငံတစ်ဝန်း အထူးအသဖြင့် ရန်ကုန်မြို့တွင် တစ်နှစ်ထက်တစ်နှစ် များပြားလာရာ ယင်းဆိုင်များသည် မှောင်ခိုအရက်ကို အားထားနေရသည်။

“အရက်သာ ရောင်းနေတာ ဒီပစ္စည်းတွေက တရားဝင်သွင်းထားလား၊ မသွင်းထားဘူးလားဆိုတာ မသိဘူး။ တစ်ခါတလေကျရင် ဒီပစ္စည်းတွေ ဝင်ဖမ်းတာရှိတယ်။ အခုကတော့ တရားဝင်သွင်းခွင့်ရတယ်ဆိုတော့ FL လိုင်စင် ဆောင်နေတဲ့လုပ်ငန်းတွေက အခွန်အခတွေပေးပြီးတော့ အခုဆိုရင် တရားဝင်ရောင်းလို့ရသွားတာပေါ့” ဟု မြန်မာနိုင်ငံ အဖျော်ယမကာ ကျွမ်းကျင်ဖျော်စပ်သူများအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းအေးက ပြောသည်။

နိုင်ငံခြားအရက်အမျိုးမျိုးကို ပြည်တွင်း၌ ရွေးချယ်သောက်သုံးရန် ဖန်တီးပေးနိုင်ခြင်းကြောင့် အခွန်ငွေ ပိုမိုရရှိနိုင်ပြီး နိုင်ငံခြားခရီးသွားများ၏ ငွေကြေးသုံးစွဲမှုလည်း ပိုတက်လာနိုင်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ဆိုသည်။

“ဘက်ပေါင်းစုံက အမျိုးမျိုးလုပ်ထားရင် သူတို့အိတ်ကပ်ထဲက ပိုက်ဆံပိုရတာပေါ့။ ဒီဟာက မရှိဘူး၊ ဟိုဟာက မရှိဘူးဆိုရင် ရှိတဲ့နေရာ သွားသောက်မှာ။ ရှိတဲ့နေရာမှာ သွားဖြုန်းမှာပေါ့။ ဒါတွေက လုပ်ပေးဖို့ လိုအပ်တယ်”ဟု ၎င်းကပြောသည်။ 

နိုင်ငံခြားအရက်စျေးကွက်နှင့်ပတ်သက်၍ တိကျသည့် အချက်အလက်များ မရှိသေးသော်လည်း တစ်နှစ်လျှင် နိုင်ငံခြားအရက်ရောင်းအားမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။ 

ကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိသည့် နိုင်ငံခြားအရက်များက မှောင်ခိုလမ်းကြောင်းမှ ဝင်နေသဖြင့် နိုင်ငံတော်က ရထိုက်သည့် အခွန်ဘဏ္ဍာများစွာလည်း ဆုံးရှုံးနေသည်။ အဆိုပါ ပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့် အခွန်ကောက်ခံနိုင်လျှင် ကန်ဒေါ်လာသန်း ၂၀ ခန့် ရနိုင်မည်ဖြစ်သည်။

နိုင်ငံခြားဖြစ်အရက် မှောင်ခိုဈေးကွက်အပြင် နာမည်ကြီးအမှတ်တံဆိပ်ပါပုလင်းကို အရည်ပြောင်းလဲထည့်ပြီး ရောင်းချသည့် ဈေးကွက်လည်းရှိသည်။ ၂၀၁၆ ဒီဇင်ဘာက လှိုင်မြို့နယ် အမှတ် (၂) ရပ်ကွက်တွင် နာမည်ကြီးနိုင်ငံခြားအရက်အတုပြုလုပ်သူ ၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ဖူးသည်။ ယခုကဲ့သို့ နိုင်ငံခြားအရက် တရားဝင်တင်သွင်းခွင့်ကြောင့် အရက်အတုပြုလုပ်သည့်ဈေးကွက်လည်း လျော့ကျသွားနိုင်သည်ဟု လုပ်ငန်းရှင်များနှင့် ဆိုင်ပိုင်ရှင်များက ခန့်မှန်းကြသည်။

ရန်ကုန်မြို့ ဘားဆိုင်တစ်ခု၌ ရောင်းချနေသည့် နိုင်ငံခြားဖြစ်အရက်အမှတ်တံဆိပ်များ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ပြည်တွင်းက အသာစီးယူထားသည့် ယမကာဈေးကွက်

နိုင်ငံခြားအရက်ကို တရားဝင်တင်သွင်းခွင့်ပြုလိုက်ခြင်းသည် နှစ်ပေါင်းများစွာ ပြည်တွင်းစျေးကွက်တွင် ကြီးစိုးထားသည့် ပြည်တွင်းအရက်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင် ၇၁ ခု ခွင့်ပြုပေးထားပြီး ထိုအရက်ထုတ်လုပ်ငန်းများက ပြည်တွင်းစျေးကွက်လိုအပ်ချက်ကို အဓိက ဖြည့်ဆည်းနေခြင်းဖြစ်သည်။ ပြည်တွင်းထုတ်အရက်စျေးနှုန်းမှာ အနည်းဆုံး ကျပ် ၁,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင်ရှိပြီး အမှတ်တံဆိပ်ပေါင်း ထောင်ချီရှိကြောင်း မြန်မာနိုင်ငံယမကာလုပ်ငန်းရှင်များအသင်းနှင့် အရက်ရောင်းချသူများက ဆိုသည်။

ပြည်တွင်းယမကာစျေးကွက်၏ ၇၀ % ကို Grand Royal အမှတ်တံဆိပ်ဝီစကီက စိုးမိုးထားပြီး အရက်ချက်လုပ်ခြင်း၊ ပုလင်းသွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ လုပ်ကိုင်ကြောင်း Grand Royal အုပ်စု၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းဝီစကီလုပ်ငန်း၏ အစုရှယ်ယာ ၇၅ % ကို ထိုင်းအခြေစိုက် အစားအသောက်နှင့် အဖျော်ယမကာထုတ်လုပ်သည့်ကုမ္ပဏီ Tha‌iBev Group က ဝယ်ယူထားသည်။ 

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ နိုင်ငံခြားအရက်တင်သွင်းခွင့်ပိတ်ပင်ထားခြင်းမှာ Grand Royal အုပ်စုနှင့် ပြည်တွင်းယမကာလုပ်ငန်းရှင်များက အကြံပြုထားခြင်းကြောင့်ဖြစ်သည်ဟု ထင်မြင်ဝေဖန်မှုများလည်း ရှိသည်။  မြန်မာနိုင်ငံယမကာလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းသော်ကမူ ယင်းထင်မြင်ချက်မှာ မမှန်ကန်ဘဲ ပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် နိုင်ငံခြားအရက်တင်သွင်းခွင့်မူဝါဒကို ကြိုဆိုကြောင်း ပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များသည် သတ်မှတ်အခွန်အခပေးသွင်းရသည့်အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အရက်ထုတ်လုပ်ခွင့်နှင့်ဆိုင်သောလုပ်ငန်းလိုင်စင်၊ စည်ပင်နှင့် စက်မှု စသည့်လိုင်စင်များ ရှိရမည်ဖြစ်သော်လည်း နိုင်ငံခြားအရက်တင်သွင်းသူများသည် ဖြန့်ချိခွင့်လိုင်စင်ရရှိရုံဖြင့် ဖြန့်ဖြူးနိုင်ခြင်းကြောင့် သတ်မှတ်ထားသည့် တင်သွင်းခွင့်လုပ်ထုံးလုပ်နည်း၊ အခွန်အခပေးဆောင်မှုကို စနစ်တကျ လိုက်နာရန်လိုကြောင်း ၎င်းကဆိုသည်။

“ဒီလိုမျိုး Level playing field (ရေပြင်ညီပြိုင်ကွင်း) တစ်ခုမှာ ပြိုင်ဆိုင်ဖို့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေ ဘာမှအခက်အခဲမရှိဘူး။ အခုတင်သွင်းခွင့်ပြုလိုက်တဲ့ အရက်တွေဆိုတာလည်း သူဟာနဲ့သူ စျေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်သွားမှာပဲ” ဟု ဦးဝင်းသော်က ပြောသည်။

မြန်မာနိုင်ငံယမကာလုပ်ငန်းရှင်များအသင်းတွင် အဖွဲ့ဝင် လုပ်ငန်းရှင်ပေါင်း ၂၀၀ ကျော် ရှိသည်။

အရက်စက်ရုံတစ်ခုနှင့် ဖြန့်ဖြူးရေးရုံးခွဲပေါင်းတစ်ဒါစင်ခန့် ဖြန့်ကြက်ထားသည့် Seagram Myanmar ကုမ္ပဏီမှာလည်း မြန်မာနိုင်ငံတွင် ထင်ရှားသည့် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး High Class၊ Imperial Blue နှင့် 100 Pipers အရက်အမှတ်တံဆိပ်သုံးမျိုးကို ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

Seagram Myanmar ကုမ္ပဏီကို ပြင်သစ်အခြေစိုက် ဝိုင်နှင့် ယမကာထုတ်လုပ်သည့် Pernod Ricard ကုမ္ပဏီ၊ ရိုးမအုပ်စုနှင့် ဝင်းညီအစ်ကိုများကုမ္ပဏီအုပ်စုတို့က ၂၀၁၉ တွင် ဖက်စပ်ထူထောင်ခဲ့သည်။ Pernod Ricard ကုမ္ပဏီသည် နာမည်ကျော် Chivas Regal ၊ Royal Salute ၊ Ballantine’s ၊ The Glenlivet ၊ Jameson နှင့် Absolut vodka အမှတ်တံဆိပ်များကို ထုတ်လုပ်နေသော ကမ္ဘာကျော်ယမကာကုမ္ပဏီတစ်ခု ဖြစ်သည်။

ထို့အပြင် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) လက်အောက်တွင် အရက်ချက်စက်ရုံများ လည်ပတ်လုပ်ကိုင်နေပြီး တပ်မတော်သားများအတွက် Army Rum အမှတ်တံဆိပ်ယမကာကို ထုတ်လုပ်ရောင်းချသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းအရက်စက်ရုံအများစုသည် တစ်ပိုင်တစ်နိုင်လည်ပတ်လုပ်ကိုင်ခဲ့ပြီး အရက်ထုတ်လုပ်မှုနည်းစနစ် မဖွံ့ဖြိုးခဲ့သဖြင့် ထုတ်ကုန်အရည်အသွေးမြှင့်တင်ရန်နှင့် စျေးကွက်ချဲ့ထွင်ရန်အားနည်းခဲ့သည်ဟု ဦးဝင်းသော်က ပြောသည်။

အရက်ထုတ်လုပ်ငန်း ၁၀  ခုခန့်ကသာ ပုံမှန်လည်ပတ်နိုင်ပြီး ၎င်းကုမ္ပဏီထုတ်အရက်များက စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနေပြီး ထုတ်လုပ်မှုမှာ ဝယ်လိုအားထက် အဆမတန်များပြားနေသည်ဟု မြန်မာနိုင်ငံယမကာလုပ်ငန်းရှင်များအသင်းက ၂၀၂၀ မေလလယ်ပိုင်းတွင် ထုတ်ပြန်ထားသည်။

နိုင်ငံခြားအရက်တင်သွင်းမှုကို စနစ်တကျ မထိန်းချုပ်နိုင်လျှင်မူ ပြည်တွင်းအရက်ထုတ်လုပ်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုရှိလာမည်ဟုလည်း အဆိုပါအသင်းက ပြောသည်။

စီးပွားကူးသန်းဝန်ကြီးဌာန လက်ထောက်အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်ကမူ နိုင်ငံခြားဖြစ်အရက်တင်သွင်းခွင့်ကြောင့် ပြည်တွင်းထုတ်အရက်စျေးကွက်ကို မထိခိုက်ရန် အကာအကွယ်ပေးထားကြောင်း ပြောဆိုထားသည်။

ပြည်တွင်းထုတ်အရက်တစ်ပုလင်း၏ အမြင့်ဆုံးဈေးမှာ ၁၀,၀၀၀ ဝန်းကျင်ဖြစ်ပြီး ယင်းနှုန်းထားထက် ပိုများသည့် နိုင်ငံခြားအရက်ကိုသာ တင်သွင်းခွင့်ပြုလိုက်သောကြောင့် ပြည်တွင်းထုတ်အရက်များသည် မူလပိုင်ဆိုင်ပြီးသား စျေးကွက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေးပိုကောင်းသည့် နိုင်ငံခြားအရက်သောက်လိုလျှင် တန်ဖိုးတစ်ခုပေးရမည်ဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။

ရန်ကုန်မြို့ ဘားဆိုင်တစ်ခု၌ ရောင်းချနေသည့် နိုင်ငံခြားဖြစ်အရက်အမှတ်တံဆိပ်များ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

မည်ကာမတ္တ တံခါးဖွင့်ခြင်းလော

နိုင်ငံခြားအရက်တင်သွင်းခွင့်ကြောင့် အခွန်ငွေ ပိုရနိုင်သကဲ့သို့ စားသုံးသူများအတွက် အရည်အသွေးကောင်းသည့်  အရက်များရွေးချယ်နိုင်မည့် ကောင်းကျိုးများရှိသော်လည်း အရက်တင်သွင်းခွင့်ဆိုင်ရာ ကန့်သတ်ချက်များကြောင့် အရက်စျေးနှုန်းများ ပိုမိုမြင့်တက်လာဖွယ်ရှိနေသည်။

အထူးသဖြင့် ပြည်တွင်းထုတ်စျေးကွက်ကို မထိခိုက်ရန် အရက်တစ်လီတာ၏ ဆိပ်ကမ်းအရောက်တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒေါ်လာအထက် အရက်များကိုသာ သွင်းခွင့်ပြုမည်ဖြစ်သောကြောင့် ယင်းတန်ဖိုးအပေါ် အကောက်အခွန်၊ အထူးကုန်စည်ခွန်များ ထည့်ပေါင်းလိုက်ပါက သောက်သုံးသူအများစု လက်လှမ်းမမီနိုင်သည့် စျေးနှုန်းဖြစ်သွားနိုင်သည်။

မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းမဟုတ်သောကြောင့် အရက်ကို အကောက်ခွန်နှုန်းထား ၅၀ % အထိ ကောက်ခံပြီး အရက်တစ်လီတာတန်ဖိုးအလိုက် အထူးကုန်စည်ခွန်မှာ အများဆုံး ၆၀ % ရှိရာ အခွန်နှစ်ရပ်ပေါင်းလျှင် ၁၁၀ % ရှိမည်ဖြစ်သည်။ ထို့ကြောင့် သွင်းလာသည့်နိုင်ငံခြားဖြစ်အရက်သည် စျေးကွက်ထဲရောက်သည့်အခါ နှစ်ဆခန့် ဖြစ်လာမည်ဖြစ်သည်။

အကြမ်းဖျင်းအားဖြင့် မြန်မာငွေ ၁၀,၀၀၀ ကျပ်နှင့်ညီမျှသည့် အရက်သည် အကောက်ခွန်နှင့် အထူးကုန်စည်ခွန် ဆောင်ပြီးပါက ၂၁,၀၀၀ ဝန်းကျင်အထိ စျေးမြင့်သွားလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူလတ်တန်း အသိုင်းအဝိုင်းတွင် အကြိုက်များသည့် စကော့တလန်ဝီစကီ ဂျော်နီဝေါ့ကား (Black Label) တစ်လုံးစျေးနှုန်းသည် လက်ရှိတွင် ကျပ် ၃၀,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေရာ အဆိုပါအမှတ်တံဆိပ်ကို တင်သွင်းခွင့်ရသည့်ကုမ္ပဏီက အခွန်ဆောင်ပြီး ဈေးကွက်အတွင်း ပြန်လည်ရောင်းချသည့်အခါ ကျပ် ၇၀,၀၀၀ နီးပါး ရှိသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စျေးကွက်ဝေစုအများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံခြားဖြစ်အရက်အမှတ်တံဆိပ်မှာ စကော့ဝီစကီဖြစ်ပြီး ဂျော်နီဝေါ့ကားအမှတ်တံဆိပ် Red Label ၊ Black Label ၊ Double Label စသည့်ဝီစကီများနှင့် အမေရိကန်အမှတ်တံဆိပ် Jack Daniel အပြင် Chivas ၊ Ballentine တို့မှာလည်း လူကြိုက်များကြောင်း Seven & 11 အမည်ရှိ နိုင်ငံခြားအရက်ဆိုင်ရှင် ဦးနေမျိုးသောင်းက ပြောသည်။ ဈေးနှုန်းများမှာ ၁၅,၀၀၀ မှ ၂၀၀,၀၀၀ ဝန်းကျင်အထိ ရှိသည်။

“သူ (နိုင်ငံခြားအရက်) က လူတန်းစားရွေးတာပေါ့။ ပုံမှန်ကို ၁၀,၀၀၀ ကျပ်နဲ့ ၁၅,၀၀၀ ကျပ် ကြားလောက်ရှိတာကိုး အနည်းဆုံးစျေးက။ ဒီဟာနဲ့မပြီးဘူးလေ။ အမြည်းတွေ ရှိသေးတယ်။ နိုင်ငံခြားအရက် နေ့တိုင်းသောက်မယ့်လူက ဝင်ငွေကောင်းမှရမှာ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားအရက်သောက်သုံးသူသည် အရက်သောက်သုံးသူများ၏ ၁၀ % ဝန်းကျင်ရှိပြီး အခွန်နှုန်းထားများကြောင့် စျေးနှုန်းပိုမိုမြင့်တက်လာပါက နိုင်ငံခြားအရက်သောက်သုံးမှုလျော့သွားနိုင်ကြောင်း ဦးထွန်းထွန်းအေးက ဆိုသည်။

ထို့အပြင် အခွန်နှုန်းမြင့်မားမှုကို ရှောင်ရှားနိုင်ရန် တရားမဝင်တင်သွင်းမှုဘက်သို့လည်း ထပ်မံဦးတည်သွားနိုင်သည့် အန္တရာယ်ရှိသည်ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရေချိန်နှင့် ငွေကြေးသုံးစွဲနိုင်မှုပေါ် မူတည်ကာ တင်သွင်းခွင့်ပြုမည့် အရက်တန်ဖိုးကို ချိန်ဆရမည်ဖြစ်ပြီး လက်ရှိအခြေအနေအရ မှ ၅ ဒေါ်လာ မှ ၈ ဒေါ်လာကြား အရက်အမျိုးအစားကို တင်သွင်းခွင့်ပြုသင့်ကြောင်း ၎င်းက အကြံပြုသည်။

စားသုံးသူများအတွက် အရက်တုပြဿနာများ လျော့ကျသွားနိုင်သော်လည်း ၅ ဒေါ်လာနှင့် ၈ ဒေါ်လာကြားဈေးရှိသည့် နိုင်ငံခြားအရက်များ ဝယ်လိုအားကြောင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာနိုင်သည့်အတွက် မူဝါဒကို အတိုးအလျှော့ လုပ်သင့်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ဆိုသည်။

“စျေးကွက်ရှိနေတော့ ဒါတွေက မှောင်ခို ဆက်ဝင်နေဦးမှာပဲ။ စျေးကွက်ရှိနေရင် (ဝယ်လိုအား) ရှိနေဦးမှာပဲ။ (ဈေးကွက်ရဲ့) ၁၀၀ % တော့ မကောင်းနိုင်ဘူး။ ပြောင်းလိုက်လို့ ၈၀ % ဖြစ်လာတယ်ဆိုရင် ပြောင်းသင့်တာပြောင်းပေါ့ဗျာ” ဟု ၎င်းကဆက်ပြောသည်။

နိုင်ငံခြားအရက်တင်သွင်းသူများအနေဖြင့် ပြည်တွင်းစျေးကွက်တွင် လူကြိုက်များသည့် နိုင်ငံခြားအရက်ကို ဖြန့်ဖြူးရောင်းချခွင့်ရရန် အပြိုင်အဆိုင်ကြိုးစားနေသော်လည်း အခွန်ဆောင်ပြီး ဈေးနှုန်းမြင့်မားမှုကို ဖြတ်ကျော်ကာ စျေးကွက်ထိုးဖောက်ရမည်ဖြစ်သည်။

အမှတ်တံဆိပ်တစ်ခု စျေးကွက်ပေါက်ရန်ခက်ခဲပြီး အကျိုးအမြတ်ကျိန်းသေရမည်ဟု တထစ်ချမပြောနိုင်ကြောင်း ဦးနေမျိုးသောင်းက ဆိုသည်။

“အရက်က နတ်ကြီးတယ်။ သူသွင်းတဲ့ဟာက ပေါက်ရင်တော့ အကျိုးအမြတ်များမယ်။ သူသွင်းလာပြီး မပေါက်ရင်တော့ သူလည်း သိပ်မချောင်ဘူး” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button