သတင်း

ရှမ်းမြောက်တွင် အရပ်သားသေဆုံးမှု လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြား 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ကျေးရွာသား တစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပေးရန် ကျောက်မဲမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင် ၁ တွင် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာပို့ထားသည်။

ပြီးခဲ့သည့် ဇွန် ၂၇ နှင့် ၂၈ ရက်များတွင် ကျောက်မဲမြို့နယ် ၊ ဟဲကွီကျေးရွာအုပ်စုအတွင်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ဇွန် ၂၈ က ဟဲကွီကျေးရွာအုပ်စု ပန်ကျန်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီး အခြားရွာသားများ ထွက်ပြေးနေချိန် ရွာထဲတွင် ပုန်းအောင်းကျန်ရှိနေသည့် အသက် ၆၀ အရွယ် ဦးလုံးဆုကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က Myanmar Now ကို ပြောသည်။

ဦးလုံးဆုနှင့်အတူ ၎င်း၏ဇနီး ဒေါ်နန်းရွှေ၊ နောက်အမျိုးသမီးတို့မှာ ကျေးရွာအတွင်း ပုန်းအောင်းနေစဉ် တပ်မတော်စစ်ကြောင်းက စစ်ဆေးမေးမြန်းခြင်းမရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

“သေဆုံးတဲ့သူကိုယ်တိုင်က အဆောက်အအုံတစ်ခုထဲမှာ ပုန်းနေပြီး ကျွန်တော်ကြောက်လို့ ပုန်းနေတာပါ။ ကျွန်တော့်ကိုမပစ်နဲ့ ၊ကျွန်တော်အရပ်သားပါဆိုပြီး ကိုယ်တိုင်တောင်းပန်တယ် ၊ အဲဒါကို ပစ်လိုက်တာ” ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

ကျေးရွာအတွင် အခြားပုန်းအောင်းကျန်ရှိနေသူတစ်ဦးဖြစ်သည့် ဒေါ်နန်းဆိုင်လည်း သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် တင်ပါးဆုံတွင် ထိမှန်ခဲ့ပြီး နောင်ပိန်တိုက်နယ်ဆေးရုံတွင် ဆေးကုသနေရသည်ဟု သိရသည်။

ကျောက်မဲမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လေးဦးက ထိုနယ်မြေအတွင်း ဒေသခံများထံ စုံစမ်းစစ်ဆေးသည့်အခါ တပ်မတော်စစ်ကြောင်းက အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးလုံးဆု၏ဇနီးနှင့် ပစ်ခတ်မှုဖြစ်ပွားစဉ်က အတူရှိခဲ့သည့် အမျိုးသမီးထံမှ အတည်ပြုချက် ရရှိခဲ့သည်ဟု ဦးစိုင်းထွန်းဉာဏ်က ပြောသည်။

ပစ်ခတ်ချိန်တွင် ဦးလုံးဆုနှင့် ဇနီးမှာ ရွာထဲတွင် ပုန်းအောင်းကျန်ရစ်ခဲ့သည်ဟု အခြားရွာသားများနှင့်အတူ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည့် ဦးလုံးဆုံး၏သမီးဖြစ်သူ မနန်းဟွမ်က ဆိုသည်။

“အရမ်းကိုလန့်သွားပြီ၊ စိတ်လည်းမကောင်းဘူး၊ ဘာလို့ပစ်တာလဲ၊ ကျွန်မအဖေမှာ ဘာအပြစ်ရှိလို့လဲ” ဟု မနန်းဟွမ်က ပြောသည်။

ဦးလုံးဆုသေဆုံးမှုနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

တိုက်ပွဲဖြစ်ပွားသည့်အချိန်က ဟိုဖိုင်၊ ဟဲဟွေ၊ ပန်ကျန်၊ ကျိန်းနယ်၊ နန့်ဖာ စသည့် တိုက်ပွဲဧရိယာအတွင်းရှိ ကျေးရွာပေါင်း ရှစ်ရွာမှ စစ်ရှောင် ၈၀၀ ခန့်သည် နောင်ပိန်တိုက်နယ်ရွာရှိ အောင်ဓမ္မာရုံနှင့် ပန်လော့ ဘုန်းတော်ကြီးကျောင်းများသို့ တိမ်းရှောင်ခဲ့ကြပြီး ဇူလိုင် ၁ ရက်တွင် ၎င်းတို့၏နေအိမ်များသို့ ပြန်သွားကြပြီ ဖြစ်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ စစ်ရေးလှုပ်ရှားနေပြီး ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

Show More

Related Articles

Back to top button