
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် တပ်မတော်မှ အငြိမ်းစားယူပြီး ဝင်ရောက်လာမည့် စစ်ဗိုလ်ချုပ်ဟောင်းများကို ဦးစားပေးရွေးချယ်သည့် မူဝါဒဟောင်းကို စွန့်ပယ်လိုက်ပြီး ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြောဆိုလိုက်သည်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပါတီဗဟိုက တိုက်ရိုက်ရွေးချယ်သွားမည်မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်အဆင့်ပါတီနှင့် ဒေသခံ ပြည်သူလူထု၏ သဘောဆန္ဒအရ ရွေးချယ်သွားမည်ဖြစ်ပြီး တပ်မတော်သား အငြိမ်းစားအရာရှိကြီးများ ပြည်ခိုင်ဖြိုးပါတီတွင် ဝင်ရောက်ရွေးချယ်ခံလိုပါက မြို့နယ်ပါတီနှင့် ဒေသခံလူထု၏ သဘောထားပေါ်တွင် မူတည်သည်ဟု ၎င်းက ပြောသည်။
“အပေါ်ကနေပြီးတော့ ဘယ်ဗိုလ်ချုပ်၊ ဘယ်ဗိုလ်မှူးကြီး ဘယ်ဒေသမှာ ပြိုင်ပါလို့ မရှိဘူး။ ကြိုက်တဲ့ ပလက်ဖောင်းကိုဝင်၊ နိုင်ငံရေးပလက်ဖောင်းကိုဝင်ရင် ကြိုက်တဲ့ နိုင်ငံရေးပလက်ဖောင်းကိုသွား။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးကိုလာရင်လည်း သက်ဆိုင်ရာမဲဆန္ဒနယ်ကိုသွား။ အဲဒီနယ်မြေပါတီကထောက်ခံရင်၊ ပြည်သူလူထုက ထောက်ခံတယ်ဆိုရင် အဲဒီကနေ နာမည်စာရင်းတက်လာပေါ့” ဟု ဦးနန္ဒာလှမြင့်က ပြောသည်။
မြို့နယ်ပါတီရုံးများက ရွေးချယ်ပေးလိုက်သည့် အမည်စာရင်းများပေါ်တွင်မူတည်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
ပြည်ခိုင်ဖြိုးပါတီသည် ယခင်တပ်မတော်အစိုးရလက်ထက်ကဖွဲ့စည်းခဲ့သည့် လူမှုရေးအသင်းအဖွဲ့ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို အခြေတည်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ငါးလအလို ၂၀၁၀ ခုနှစ် ဇွန်လတွင် ပါတီအဖြစ် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိသည့် ထို ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး အစိုးရအာဏာ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်မှ စစ်ဘက်အရာရှိကြီးများ အငြိမ်းစားယူကာ ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် စစ်ဗိုလ်ချုပ်ကြီးဟောင်းများက အစိုးရအဖွဲ့နှင့် လွှတ်တော်ကို တာဝန်ယူခဲ့ကြခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုအနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း စစ်ဘက်အရာရှိ ၅၀ နီးပါး အငြိမ်းစားယူကာ ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော်တွင် ၄၁ နေရာ အနိုင်ရရှိခဲ့ပြီး တပ်မတော် ထိပ်တန်းအရာရှိကြီးများဖြစ်သည့် တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ရွေးကောက်ပွဲနိုင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေးတို့မှာ ထင်ရှားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်လာသည့် အငြိမ်းစား ဗိုလ်ချုပ်ကြီးများရှိသကဲ့သို့ ပြည်ခိုင်ဖြိုးပါတီနှင့် သဘောထားချင်း မတိုက်ဆိုင်၍ သီးခြားပါတီ တည်ထောင်ခဲ့ကြသည့် တပ်မတော် အငြိမ်းစား ဗိုလ်ချုပ်ကြီးများလည်းရှိသည်။
ထိုသို့ခွဲထွက်လာသည့် နိုင်ငံရေးပါတီများတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ပြည်သူ့လွှတ်တော် နာယကအဖြစ် တာဝန်ယူခဲ့သူ တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အပါအဝင်ဖြစ်သည်။
ထို့အတူ စစ်အစိုးရလက်ထက်တွင် စစ်ဥပဒေချုပ်ဖြစ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်သည်လည်း အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကို သီးခြားထူထောင်ထားသည်။ ဦးစိုးမောင်သည် အမျိုးရေးလှုပ်ရှားရန် ဦးတည်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ရဌပါလအသင်း ဥက္ကဋ္ဌလည်းဖြစ်သည်။