သတင်း

မြိုတိုင်းရင်းသား ၅၀၀ ကျော် ရခိုင်မှ ရန်ကုန်သို့ စစ်ဘေးရှောင်လာ 

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ခြောက်မြို့နယ်မှ မြိုတိုင်းရင်းသား ၅၀၀ ကျော်သည် လွန်ခဲ့သည့် ခြောက်လခန့်မှစ၍ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်သို့ စစ်ဘေးရှောင်လာကြပြီး ဆက်လက်တိမ်းရှောင်လာသူများ ရှိနေဆဲဖြစ်သည်။

လှည်းကူးမြို့နယ် ဝက်အင်းပေါက်ကျေးရွာရှိ စစ်ဘေးရှောင်လာသူများ နေထိုင်ရာကို Myanmar Now က ဇွန် ၂၅ တွင် သွားရောက်ခဲ့ရာ စစ်ဘေးရှောင်သူဦးရေ ၅၃၀ ခန့် ရှိနေသည်ကို တွေ့ရှိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်သူ ၂၀ ခန့် ထပ်မံရောက်ရှိလာပြီး စားရေးသောက်ရေးအခက်အခဲ ဖြစ်လာသည်ဟုလည်း အဆိုပါစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးရင်အောင်က ပြောသည်။ 

ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် အမ်းမြို့နယ်များမှ အိမ်ထောင်စု ၁၄၈ စု၊ စစ်ဘေးရှောင်သူဦးရေ  ၅၁၀ သည် ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ လှည်းကူးမြို့နယ် ဝက်ပေါက်အင်းကျေးရွာသို့ ဖြည်းဖြည်းချင်းရောက်ရှိခဲ့သည်ဟု ဆိုသည်။

ကရင်ပြည်သူ့ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ကရင်နှစ်ခြင်းအဖွဲ့ချုပ်နှင့် ချစ်မေတ္တာဖောင်ဒေးရှင်းတို့က ဆန်၊ဆီ၊ဆား စသည်တို့ ထောက်ပံ့ပေးခဲ့သော်လည်း ရက်အနည်းငယ်အတွက်သာ ကျန်ရှိတော့သည်ဟုလည်း ဦးရင်အောင်က ပြောသည်။  

“အလှူက အမြဲတမ်းလာနိုင်ဖို့တော့ မမျှော်လင့်ရဲဘူး။ အလုပ်အကိုင်လေးတွေရမယ်ဆိုရင်တော့ မျှော်လင့်မိတာပေါ့။ ကူညီပေးမယ့်သူရှိရင် ကူညီပေးစေချင်ပါတယ်” ဟု ဦးရင်အောင်က ပြောသည်။

ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာမှ တိမ်းရှောင်လာသည့် အသက် ၆၀ အရွယ် ဒေါ်မစိန်က ၎င်းတို့ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားပြီး ရွာမီးလောင်သွားသည့်အတွက် ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု ဆိုသည်။

“ရွာမှာ ပစ်ကြတော့ ဟိုကလည်းပစ်၊ ဒီကလည်းပစ်တော့ ကျွန်မတို့အိမ် အရင်မီးလောင်ပါတယ်။ တစ်ခုမှ ပြန်မရဘူး နွားလည်းမရဘူး။ လှေလည်းမရဘူး။ လူပါမသေလို့ ကံကောင်းတာ” ဟု ဒေါ်မစိန်က ပြောသည်။

လှည်းကူးစစ်ဘေးရှောင်စခန်းရှိ မြိုတိုင်းရင်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော်/Myanmar Now)

ဒေါ်မစိန်တို့မိသားစုမှာ ရွာမှ တိမ်းရှောင်လာပြီး ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေခဲ့သော်လည်း စားသောက်နေထိုင်ရေး ခက်ခဲလာသောကြောင့် ရန်ကုန်သို့ ထပ်မံတိမ်းရှောင်လာခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် မတ်လက ကျောက်တော်မြို့နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကြား မီးချောင်းတံတားအနီးတွင် တပ်မတော်နှင့် AA တို့ တစ်လကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်မစိန်တို့၏ ကျောက်တန်းရွာအပါအဝင် ကျေးရွာအချို့မီးလောင်ခဲ့သည်ဟု ဆိုသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်မှ ခူမီးချင်းတိုင်းရင်းသား ၁၅၀ ခန့်သည် စစ်ဘေးရှောင်များအဖြစ် မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်များသို့ တိမ်းရှောင်လာကြသည်။

စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အချက်အလက်များအရ ရခိုင်စစ်ရှောင်အရေအတွက် ၁၅၀,၀၀၀ ကျော်ရှိနေပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၏ အချက်အလက်များအရ ချင်းစစ်ရှောင်အရေအတွက် ၁၀,၀၀၀ ကျော်အထိ ရှိနေသည်။

Show More

Related Articles

Back to top button