သတင်း

အင်တာနက်ဖွင့်ပေးရန် တောင်းဆိုသည့် ANPပါတီဝင်နှစ်ဦး ငြိမ်းစုစီဖြင့် အမှုဖွင့်ခံရ

ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်ကို ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့မှုကြောင့် ရခိုင်အမျိုးသားပါတီ(ANP) ပါတီဝင်လူငယ်နှစ်ဦး ငြိမ်းစုစီဖြင့် အမှုဖွင့်ခံခဲ့ရပြီး အင်တာနက်ဖွင့်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ တတိယမြောက်အရေးယူခံရသည့် အမှုဖြစ်သည်။

ရခိုင်အမျိုးသားပါတီ(ANP) ၏ Youth Wing (လူငယ်အဖွဲ့) ဗဟိုကော်မတီဝင်များဖြစ်သည့် ကိုနေစိုးခိုင်နှင့် ကိုမင်းဇအောင် အပါအဝင် လူရှစ်ဦးသည် အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်သည့် ဇွန် ၂၁ က ကျောက်ဖြူမြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် အင်တာနက်ဖြတ်တောက်မှု ရပ်တန့်ပေးရန် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်စာမျက်နှာများတွင် တင်ခဲ့ကြသည်။

နောက်တစ်ရက်အကြာတွင် ထိုလုပ်ရပ်သည် ခွင့်ပြုချက်မဲ့ ပြုလုပ်ခြင်းဟုဆိုကာ ရဲမှူးအောင်မော်က တရားလိုပြုလုပ်ကာ ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉) ဖြင့် ကျောက်ဖြူမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ဇွန် ၂၄ ရက်တွင် ရဲစခန်းသို့ခေါ်ယူစစ်ဆေးခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

“ခွင့်ပြုချက်မယူဘဲ ဆန္ဒပြတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ သူတို့က ကျောက်ဖြူမြို့အဝင်မှာ လုပ်ခဲ့တာ။ သူတို့ အင်္ကျီတွေဝတ်တယ်။ ဆိုင်းဘုတ်တွေနဲ့ လိုင်းပေါ်တင်လိုက်တဲ့သဘောပါပဲ” ဟု  ကျောက်ဖြူမြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ချမ်းမြေ့အောင်က ပြောသည်။

ငြိမ်းစုစီ ခေါ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ (၁၉) အရ သက်ဆိုင်ရာသို့ အသိပေးမတင်ပြဘဲ စုဝေးမှုပြုလုပ်ကြောင်း စီရင်ခံရပါက ထောင်ဒဏ် သုံးလဖြစ်စေ၊ ဒဏ်ငွေ သုံးသောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ခြင်း တစ်နှစ်ပြည့်ပြီဆိုသည်ကို ပြည်သူများသိရှိစေရန် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်စာမျက်နှာတွင် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု အမှုဖွင့်ခံရသူ ကိုနေစိုးခိုင်က ပြောသည်။

“ဒီမိုကရေစီစနစ်ရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ သတင်းအချက်အလက်မျှဝေမှု၊ ပွင့်လင်းမြင်သာမှု၊ လူသားတိုင်း တန်းတူအခွင့်အရေးအတွက် တစ်ကမ္ဘာလုံးက တိုက်တွန်းနေတဲ့အချိန်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုတဲ့လူငယ်တွေကို ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲတယ်ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီသေဆုံးသွားပြီလားလို့ မေးချင်တယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်အပါအဝင် စုစုပေါင်း ကိုးမြို့နယ်တွင် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် ဇွန် ၂၁ တွင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တောမြို့နယ်တစ်ခုတည်းသာ အင်တာနက် ပြန်ဖွင့်ပေးထားသည်။

ရမ်းဗြဲမြို့နယ်လူငယ်ကွန်ရက်အဖွဲ့ တာဝန်ခံဖြစ်သူ ကိုမျိုးမင်းထွန်းသည်လည်း အင်တာနက်ပြန်ဖွင့်ပေးရန် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သောကြောင့် ငြိမ်းစုစီဖြင့် အမှုဖွင့်ခံထားရသည်။ 

ကိုမျိုးမင်းထွန်းနှင့် အခြားသူခြောက်ဦးတို့သည် ရမ်းဗြဲမြို့ဝင်ဆိုင်းဘုတ်ရှေ့တွင် ဇွန် ၂၁ ရက်က “အင်တာနက်ဖိနှိပ်မှု ဆန့်ကျင်ကြ”စာတန်းပါ အနက်ရောင်တီရှပ်များကိုဝတ်ဆင်ပြီး အင်တာနက်ပြန်ဖွင့်ပေးရေး တောင်းဆိုခဲ့ကြသည်။ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် တင်ခဲ့ကြသောကြောင့် ထိုသို့အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။ 

အသံအဖွဲ့မှ မောင်ဆောင်းခ အပါအဝင် ငါးဦးသည်လည်း ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်မြို့ ဆူးလေခုံးကျော်တံတားပေါ်တွင် ဇွန် ၂၁ ရက်က ဗီလ်နိုင်းပိုစတာများ ချိတ်ဆွဲခဲ့သဖြင့် ကျောက်တံတားရဲစခန်းက ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ထားသည်။ 

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ တစ်ပြည့်မြောက်သည့် ဇွန် ၂၁ တွင် စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် ရန်ကုန်တွင် အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆိုလှုပ်ရှားမှုများအဖြစ် လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံများတင်ပြီး တောင်းဆိုခဲ့ကြသည်။ 

ထိုသို့တောင်းဆိုသော်လည်း အင်တာနက်ပြန်လည်ဖွင့်ပေးရန် အစီအစဉ်မရှိသေးကြောင်းနှင့် အင်တာနက်ပိတ်ထားရခြင်းမှာ စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ အင်တာနက်ပေါ်တက်လာခြင်း၊ လူမျိုးရေးနှင့်ပတ်သက်ပြီး အမုန်းတရားဖြစ်စေမည့်အကြောင်းအရာများ တက်လာခြင်းကြောင့် ပိတ်ထားခြင်းဖြစ်သည်ဟု ဇွန် ၂၃ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

Show More

Related Articles

Back to top button