သတင်း

အောင်လံတွင် လူသတ်မှုကျူးလွန်သည့် ဘုန်းကြီးကို ဖမ်းဆီးအရေးယူထား 

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ စခန်းကြီးကျေးရွာအနီး သဲချောင်းတွင် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် ဘုန်းကြီးကို ရွှေပန်းတောနယ်မြေရဲစခန်းက ဖမ်းဆီးထားကာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း အောင်လံမြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး စိုးညွန့်ဦးက ပြောသည်။

“၁၈ ရက်နေ့ကပဲ ဖမ်းမိပါတယ်။ ၃၀၂ နဲ့ပဲ အမှုဖွင့်ထားပြီး သရက်ထောင်ကို ပို့ထားပါတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ်ရှိ ဆိတ်အရောင်းအဝယ်ပြုလုပ်သူ မောင်ကိုကိုဇော်ဖြစ်သည်။ အစ္စလာမ် ဘာသာဝင်ဖြစ်သူ မောင်ကိုကိုဇော်ကို ဓားဖြင့် ထိုးနှက်တိုက်ခိုက်သူမှာ အောင်မြေကုန်းကျေးရွာတွင် နေထိုင်သူ အသက် ၄၂ နှစ်အရွယ်ရှိ ထွန်းနိုင်ဝင်း(ခ)နန္ဒဝံသ (ရဟန်းဘွဲ့အမည်) ဖြစ်သည်။

သေဆုံးသူမှာ အသက် ၁၉ နှစ်ဟု ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အသက်အမှန်မှာ ၁၇ နှစ်ဖြစ်သည်ဟု မိသားစုဝင်များက Myanmar Now ကို ပြောကြားထားသည်။

သေဆုံးသူသည် ၎င်း၏ညီအစ်ကိုနှစ်ဦးနှင့်အတူ အောင်လံမြို့မှ ကဗ္ဗလကျေးရွာသို့ ဆိတ်အရောင်းအဝယ်ပြုလုပ်ရန်သွားစဉ် စခန်းကြီးကျေးရွာအနီးရှိ သဲချောင်းတွင် ကားတစ်စင်း သဲနွံနစ်နေသဖြင့် အကူအညီပေးခဲ့ကြောင်း၊ ထိုအချိန်တွင် သင်္ကန်းဝတ်ထားသည့် ထွန်းနိုင်ဝင်း(ခ)နန္ဒဝံသ ရောက်ရှိလာပြီး ၎င်း၏ လွယ်အိတ်အတွင်းပါလာသည့် ဓားကိုထုတ်ကာ လူမျိုးရေးအဓိကရုဏ်းဖြစ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သေဆုံးသူ၏ အစ်ကိုတော်စပ်သူ မောင်ကိုကိုမောင်(ခ) မိုဟာမက်က ပြောသည်။

“နိုင်ငံရေး ဖြစ်ချင်လို့လား၊ ဒါ မင်းတို့နိုင်ငံလား၊ မင်းတို့တိုင်းပြည်လား။ မင်းတို့လာချင်တိုင်းလာတာ။ မင်းတို့လမ်းလားဆိုပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ထိုသို့ ခြိမ်းခြောက်ပြောဆိုနေသဖြင့် ခိုက်ရန်ဖြစ်ပွားမည်ကို စိုးရိမ်စိတ်ဖြင့် ၎င်းတို့ကားရှိရာသို့ ပြန်လာစဉ် တစ်ဦးတည်းကျန်ရှိခဲ့သူ ၎င်း၏ညီအငယ်ဆုံး မောင်ကိုကိုဇော်ကို ထွန်းနိုင်ဝင်း(ခ)နန္ဒဝံသက ဓားဖြင့် လည်ပင်းကို ထိုးလိုက်ခြင်းဖြစ်ကာ အောင်လံဆေးရုံသို့ သွားရောက်ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မောင်ကိုကိုမောင် (ခ) မိုဟာမက်က ပြောသည်။

ဓားဖြင့်ထိုးနှက်သူ ထွန်းနိုင်ဝင်း(ခ)နန္ဒဝံသမှာ တပ်မတော်သား ပင်စင်းစားတစ်ဦးဖြစ်ပြီး ၎င်း၏ ဖခင်နေထိုင် သည့် အောင်မြေကုန်းကျေးရွာတွင် ရဟန်းဝတ်ဖြင့် လာရောက်နေထိုင်သည်မှာ ခြောက်နှစ်နီးပါးရှိပြီဖြစ်ကြောင်း အောင်လံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောသည်။

ကောလာဟလများ ပျံ့နှံ့နေပြီး လူပုဂ္ဂိုလ်တစ်ဦးဦးက ထိုသတင်းကို ဆက်လက်ဖြန့်ဝေကာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းအဖြစ် ပုံဖော်လာမည်ကိုစိုးရိမ်၍ စောင့်ကြည့်နေရကြောင်းလည်း ၎င်းက ပြောသည်။

“ပထမတစ်ချက်ကတော့ သူကိုယ်တိုင်က တပ်ထွက်လည်းဖြစ်တယ်၊ စိတ်ကလည်း လွတ်နေတာဆိုပြီး သူ့မိသားစုက ပြောတော့ အဲဒါ​လေးတစ်ချက်တော့ စိတ်အေးရတာပေါ့။ ရည်ရွယ်ချက်ရှိရှိနဲ့ အချိန်ကိုက်များ လုပ်သလားဆိုပြီးတော့ အဲဒါလေး နည်းနည်းကိုတော့ စိုးရိမ်မိတာပေါ့” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က ပြောသည်။

Show More

Related Articles

Back to top button