သတင်း

ရွှေဘိုနန်းတွင်းရှိ စစ်သားများ အပြင်ထွက်စဉ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့များက ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်ပိုင်းက လက်လုပ်လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် မြို့ခံများထံမှ သိရသည်။

အင်အားရာဂဏန်းခန့်ဖြင့် ရွှေဘိုနန်းတော်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများထဲမှ တချို့ တပ်ပြင်ပသို့ ထွက်လာစဉ် နောင်ရိုးနှင့် ကျားကြီးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခဲ့သည့် လက်ပစ်ဗုံး ၄ လုံးအနက် ၂ လုံးသာ ပေါက်ကွဲသည်ဟု ရွှေဘိုခရိုင် PDF တပ်ခွဲမှူးတစ်ဦးက ပြောသည်။

“ရဲဘော်နည်းနည်းနဲ့ လှုပ်ရှားခဲ့ပြီးတော့ သန့်ရှင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကြားထဲကို လက်လုပ်လက်ပစ်တွေနဲ့ ပစ်တာပါ။ ကျွန်တော်တို့ရဲ့ သတင်းရင်းမြစ်အဆိုအရ ၃ ဦး သေသွားပါတယ်” ဟု ခရိုင် PDF တပ်ရင်း ၂၃၊ တပ်ခွဲ ၁ တပ်ခွဲမှူးက ပြောသည်။

ဒဏ်ရာရသည့် စစ်သားအရေအတွက် ၆ ဦး ရှိသည်ဟု ဆိုသည်။

ရွှေဘိုမြို့ခံ အမျိုးသားတစ်ဦးကလည်း နန်းမြို့ရိုးအပြင်တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရသည်မှာ မှန်ကန်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် စစ်သားမည်မျှ ထိခိုက်သွားသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိကြောင်း ပြောဆိုသည်။

ဗုံးထိ စစ်သားများကို လူမှုကူညီရေးအသင်းကားများဖြင့် သယ်ဆောင်သွားသည်၊ စစ်သားများက အကာအရံအပြည့်တပ်ဆင်ထားသည့် စစ်ကားများဖြင့် မြို့တွင်း လှည့်လည်သွားလာပြီး ညဘက်တွင် သေနတ်ပစ်ဖောက်ကြသည်ဟု ရွှေဘိုမြို့ခံတို့က ဆိုသည်။

စစ်ကောင်စီတပ်သည် အင်အား ရာဂဏန်းမျှဖြင့် ရွှေဘိုမြို့ပေါ်တွင် နယ်မြေစိုးမိုးထားသည်။

စစ်အာဏာသိမ်းပြီးကတည်းက နန်းတော်အတွင်းတွင် ရံဖန်ရံခါ စစ်သားအင်အား ၁၅၀ ခန့်အထိ ရှိတတ်သည်ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

နန်းတော်ဟောင်းနေရာသည် ရွှေဘိုမြို့မဈေးအနီး တည်ရှိသည်။

ဇူလိုင်လ ၅ ရက်နေ့က မြို့နောက်ခြမ်း မူးမြစ်ကမ်း ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၃၀ ခန့်ရှိနေသည့် ကူးတို့ဆိပ်ကျေးရွာ စစ်စခန်းကို ပြည်သူ့ကာကွယ်ရေး (ပကဖ) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သေးသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်စခန်းအတွင်းမှ စစ်သားနှင့် ပျူစောထီး ၇ ဦး သေဆုံးခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ပြင်းပြင်းထန်ထန်ဆန့်ကျင် ခုခံနေသည့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များကို စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့လေ့ရှိသည်။ အနီးစပ်ဆုံးအဖြစ် ရွှေဘိုမြို့နယ် မြောက်ခြမ်းရှိသည့် ကျားရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ဒုတိယပတ်တွင် မီးရှို့ခဲ့ကြရာ နေအိမ် ၇၀၀ ခန့် မီးလောင်သွားခဲ့သည်။

စစ်ကိုင်းတိုင်းမြို့နယ်အများစုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားရာ ထိုအထဲတွင် ရွှေဘိုမြို့နယ်လည်း ပါဝင်သည်။ မြို့နယ်အတွင်း ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း အပြင်မထွက်ရ ဒေသတွင်းအမိန့်ကိုလည်း ရွှေဘိုအခြေစိုက် စစ်ကောင်စီတပ်က ထုတ်ပြန်ထားသည်ဟု ဒေသခံတို့က ဆိုသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button