စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မူးမြစ်ကမ်းတွင် ရှိသည့် စစ်ရေးပစ်မှတ်တစ်ခုကို ယနေ့ (ဇူလိုင် ၅) နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်နက်ကိုင် ၇ ဦး သေဆုံးသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
စစ်ကောင်စီ တပ်သားများ၊ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၃၀ ခန့်ရှိနေသည့် ကူးတို့ဆိပ်ကျေးရွာ စစ်စခန်းကို ရွှေဘိုနယ်အနောက်ခြမ်းတွင် ရှိသည့် ပြည်သူ့ကာကွယ်ရေး (ပကဖ) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်လေယာဉ်ရောက်လာမည်ကို စိုးရိမ်သဖြင့် ၁ နာရီခန့် တိုက်ခိုက်အပြီး ပြန်ဆုတ်လာသည်ဟု တိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သည့် ပကဖခေါင်းဆောင်တစ်ဦးက ပြောသည်။
“တိုက်ပွဲက တစ်နာရီလောက်လည်း ကြာလာတာရော၊ လေကြောင်းကို ဂရုစိုက်ရတာရောကြောင့် ကျွန်တော်တို့ စခန်းတွင်းအထိ ဝင်ပြီး သိမ်းဆည်းနိုင်တာမျိုးတော့ မရှိခဲ့ဘူး” ဟု ပြောရေးဆိုခွင့်ရှိသူမဟုတ်သဖြင့် အမည်မဖော်လိုသည့် ထိုတာဝန်ခံက ရှင်းပြသည်။
အဖွဲ့ ၄ ခုခန့် ပေါင်းပြီး နံနက် ၄ နာရီခန့်တွင် စတင်ပစ်ခတ်ရာ စခန်းအတွင်းကလည်း လက်နက်ကြီးငယ်ဖြင့် ပြန်လည် ပစ်ခတ်သည်၊ နံနက် ၅ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့သည့်အတွက် တိုက်ပွဲပြီးဆုံးသွားခဲ့သည်ဟု သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်စခန်းအတွင်းမှ စစ်သားနှင့် ပျူစောထီး ၇ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ထိခိုက်သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း စခန်းတိုက်ခိုက်ခံရမှုမျိုးကို သတင်းထုတ်ပြန်လေ့မရှိပေ။
ယခင်တိုက်ခိုက်ခံရစဉ်ကမူ စစ်ကောင်စီဘက်တော်သားတို့က စခန်းမှာ ကျေးရွာလုံခြုံရေးစခန်း ဖြစ်သည်၊ လာရောက် တိုက်ခိုက်သူများတွင် လက်နက်ငယ်များ၊ လက်လုပ်စိန်ပြောင်းများ ကိုင်ဆောင်ထားသည်ဟု ရေးသားကြသည်။
ရွှေဘိုအနောက်ခြမ်း မူမြစ်ကမ်းဘေး ကျေးရွာများသည် စစ်ကောင်စီတပ်၏ စီးနင်းတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို မကြာခဏ ခံရလေ့ရှိသည့် ရွာများဖြစ်သည်။
စီးနင်းသည့် လက်နက်ကိုင်များထဲတွင် မြင်းစီးကျေးရွာ၊ ကူးတို့ဆိပ်ကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ၊ ပျူစောထီးတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။
ပျူစောထီး ဘယ်တာက ထွက်သလဲ
စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာချိန်တွင် ပြည်သူ့စစ်များ ဖွဲ့စည်းကာ တိုက်ခိုက်သွားမည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၂ ဧပြီလ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ပြည်သူ့စစ်များကို အထောက်အပံ့ လုံလောက်စွာ ပေးမည်ဟုလည်း ဆိုခဲ့သည်။
စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ကလည်း ပြည်သူ့စစ်တပ်ဖွဲ့ ၇၇ ဖွဲ့ကို လက်နက် ၂,၀၀၀ ကျော် တပ်ဆင်ပေးထားကြောင်း ပြီးခဲ့သည့်နှစ် မတ်လအတွင်း ပြုလုပ်သည့် နေပြည်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်ဟု ပြင်ပသို့ ပေါက်ကြားလာသည့် အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြသည်။
ယင်းနောက် ဦးဝါသဝဟူသည့် ပျူစောထီးခေါင်းဆောင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ပေါ်ပေါက်လာပြီး PDF ထောက်ခံသည့် ရွာများကို မြန်မာ့မြေပုံမှ ဖယ်ရှားပစ်မည်ဟု ကြုံးဝါးခဲ့သည်။
NLD ပါတီဝင်များ၏ ဓာတ်ပုံ၊ နေရပ်လိပ်စာနှင့် သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ပြီး သတင်းပေးပို့ရန် ပျူစောထီးအဖွဲ့ (ဗဟို) က ညွှန်ကြားသည့် စာတစ်စောင်လည်း ၂၀၂၁ ခုနှစ် မေလအတွင်းက ထွက်ပေါ်ခဲ့သည်။
ပျူစောထီးများကို စစ်မှုထမ်းဟောင်းများ၊ အမျိုးသားရေးအစွန်းရောက်ဆိုသူများ၊ စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ဦးဆောင်ဖွဲ့စည်းလေ့ရှိသည်။
ခုခံသူတို့ကို ရင်ဆိုင်ရာတွင် စစ်ကောင်စီက မီးသတ်နှင့် ကြက်ခြေနီတို့၏ အင်အားကို အသုံးချရန် ပြင်ဆင်နေကြောင်းလည်း ပြီးခဲ့သည့်နှစ်က ပြင်ပသို့ ပေါက်ကြားလာသည့် လျှို့ဝှက်ညွှန်ကြားချက်တစ်စောင်တွင် ဖော်ပြထားသည်။ ရဲ၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ မီးသတ်၊ ကြက်ခြေနီတို့ ပါဝင်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ညွှန်ကြားထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပေါက်ကြားလာသည့် မတ်လ ၂၅ ရက်စွဲတပ် ဌာနတွင်းပေးစာတွင် ပါရှိသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)