မေးမြန်းခန်းရွေးကောက်ပွဲ

တပ်မတော်ကို ပြုပြင်ချင်၍ ကိုယ်စားလှယ်လျှောက်ထားရဟု တပ်အရာရှိဟောင်းဆို

၂၀၁၄ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်ပြုလုပ်ခဲ့သည့် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုံ့ဆော်ပွဲတွင် ထောက်ခံလက်မှတ်ထိုးခဲ့သဖြင့် ထိုစဉ်က တပ်မတော်အင်ဂျင်နီယာ ဗိုလ်မှူးကျော်စွာဝင်းသည် စစ်ဥပဒေအရ ထောင်နှစ်နှစ်ချမှတ်ခံရကာ တပ်မတော်မှလည်း ထုတ်ပယ်ခံခဲ့ရသည်။ ၂၀၁၅ ဇူလိုင်တွင် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်မြောက်လာခဲ့သည်။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်တစ်နေရာစာရထားသည့် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် NLD ကိုယ်စားလှယ်လောင်းအဖြစ် ပါတီထံ လျှောက်လွှာတင်ထားသည်။ ပါတီက ၎င်းကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးခဲ့လျှင်လည်း ပါတီအောင်နိုင်ရေးအတွက် ဝန်းရံသွားမည်ဟု ဆိုသည့် အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးဟောင်းကျော်စွာဝင်းကို Myanmar Now က ၎င်းနေထိုင်ရာ ပြင်ဦးလွင်မြို့၌ တွေ့ဆုံမေးမြန်းထားသည်။

Myanmar Now – ဘာကြောင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လက်မှတ်ထိုးဖြစ်ခဲ့တာလဲ။

ဖြေ – ဒေါ်အောင်ဆန်းစုကြည်လုပ်တဲ့အလုပ်တစ်ခုကို ထောက်ခံတဲ့သဘောနဲ့ လက်မှတ်ထိုးတာပါ။ လက်မှတ်ထိုးတဲ့နေ့မှာပဲ တပ်အချုပ်ထဲကို ထည့်ပြီးတော့ ထောင်နှစ်နှစ် ချလိုက်တယ်။ ထောင်ကထွက်လာတဲ့အခါကျတော့(ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့) ၂၀၁၅ မှာ NLD ပါတီနဲ့ ပူးပေါင်းပြီး ရန်ကုန်ရုံးချုပ်ထိအောင် လိုက်ပြီးပြောပါတယ်။ ကိုယ်စားလှယ်တွေက လျာထားပြီးသွားပြီပေါ့နော်။ အချိန်မမီတော့ဘူး။ ဒီ ၂၀၂၀ ကျတော့ အဲဒီကိုယ်စားလှယ်လောင်း လျှောက်ခွင့်ရတယ်။ ဒါပါပဲ။

Myanmar Now – တပ်မတော်ကအရေးယူရတဲ့ ပြစ်မှုက ဘာများလဲ။

ဖြေ – အမိန့်မနာခံမှုပေါ့။ … ဘယ်လိုအမိန့်မနာခံမှုလဲဆိုတော့ (၁၉၅၉ခု တပ်မတော်အက်ဥပဒေ) ပုဒ်မ ၄၁(င)ပေါ့ ၄၁(င) မှာ … တပ်မတော်က ယေဘုယျ ထုတ်ပြန်ထားတဲ့ အမိန့်တစ်ခုကို မနာခံတာ။ ပေးထားတဲ့အမိန့်ကို မနာခံတာမဟုတ်ဘူး။ ပေးထားတဲ့အမိန့်ကို မနာခံရင် သေဒဏ်အထိ ပေးလို့ရတယ်။ ကိုယ့်ဘာသာသိပြီး လိုက်နာရမယ့်အမိန့်ကို မနာခံတာက ၄၁ (င) ပေါ့။ အဲဒါနဲ့အရေးယူတာ။ ပုဒ်မ ၆၅ (၁၉၅၉ တပ်မတော်အက်ဥပဒေပါ နောက်ထပ်ပုဒ်မတစ်ခု) ဆိုတာကတော့ အမြင်ကပ်ရင် ပုဒ်မ ၆၅ တပ်လို့ရ တယ်။ စစ်တပ်မှာခေါ်တာကတော့ အမြင်ကပ်ပုဒ်မလို့ ခေါ်တယ်။ ၆၅ တစ်ခုတည်းနဲ့ အရေးယူလို့ မရဘူး။ ရှေ့ကနေ အကြောင်းပြချက်တစ်ခုပေးရတယ်။ ၄၁ (င) ဆိုတာကို အကြောင်းပြတာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၉ အရ နိုင်ငံ့ဝန်ထမ်းတိုင်းက ပါတီနိုင်ငံရေးကင်းရှင်းရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀ အရ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမယ်။ ဒီနှစ်ချက်အရ ပုဒ်မ ၆၅ နဲ့ စွဲတာ၊ အဲဒါနဲ့တင်တာ။ ပြောရရင် အပြစ်ရှိလို့ဖမ်းတာမဟုတ်ဘဲ ဖမ်းပြီးမှ အပြစ်လိုက်ရှာတာပေါ့။ အပြစ်မရှိလည်း သူတို့လုပ်မယ်ဆိုတဲ့ ဟာတစ်ခုကတော့ လုပ်မှာပဲ။ စစ်တပ်ရဲ့ ထုံးစံအတိုင်း ဝန်ခံရင်ထောင်တစ်နှစ်၊ ဝန်မခံရင်နှစ်နှစ်ဆိုတော့ ရှေ့ကဟာကိုတော့ ဝန်ခံတယ်၊ လက်မှတ်ထိုးတယ် အခြေခံဥပဒေမကာကွယ်ဘူး မှန်တယ်။ ရတယ် စွဲ။ နောက်ပြီး ပါတီနိုင်ငံရေး မကင်းဘူး၊ အဲဒီအတွက်ဝန်ခံတယ်။ ဒါပေမဲ့ နောက်ထပ် ပုဒ်မပြန်ပြောင်းတဲ့ ပုဒ်မ ၄၁ (င) ပေးမထားတဲ့ အမိန့်ကို မနာခံတာတို့ဘာတို့၊ ယေဘုယျအမိန့်ကို မနာခံတာတို့ အဲဒါတွေတော့ အပြစ်မရှိဘူးလို့ ငြင်းတယ်။ ကျွန်တော်က ထောင်တစ်နှစ်ကို မယူဘူး၊ ငြင်းပြီး နှစ်နှစ်ကို ယူလိုက်တယ်။ အဲဒါပါပဲ။

Myanmar Now – အပြစ်ပေးခံရတာနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ – တပ်မတော်ထဲကို စစ်သည်အဆင့်အတန်းအားလုံးစဝင်တဲ့အချိန်မှာ ကျမ်းသစ္စာ ကျိန်ဆိုရတယ်။ တပ်မတော်သားတစ်ယောက်က စစ်ဘက်ဥပဒေကို လိုက်နာပါမယ်၊ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေကို လိုက်နာပါမယ်ဆိုပြီး ကျမ်းသစ္စာ ကျိန်ဆိုရတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ဆိုလို့ရှိရင် လက်မှတ်ကောက်ယူတာကလည်းတရားဝင်။ တရားဝင်အဖွဲ့အစည်းခွင့်ပြုချက်တောင်းပြီးတော့မှ တရားဝင်လုပ်တဲ့အလုပ်။ လက်မှတ်ထိုးတာကလည်း နိုင်ငံသားတစ်ယောက်ရဲ့လွတ်လပ်ခွင့်။ ပြောရရင် ဒါနဲ့ပတ်သက်ပြီးတော့ ကိုယ်ယုံကြည်ရာ လုပ်လို့မရဘူးလား၊ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့်က စစ်သားတွေမှာ မရှိတော့ဘူးလား၊ တရားမျှတမှု မှန်ကန်မှုအတွက် စစ်သားတစ်ယောက်က လွတ်လပ်ခွင့်ရှိရမယ်။ စစ်သားတစ်ယောက်က အပြစ်မဖြစ်ဘူးဆိုရင် ကိုယ်ယုံကြည်ရာ လုပ်လို့ရရမယ်။

Myanmar Now – ဒါနဲ့ပတ်သက်ပြီး နောက်ကွယ်က မိသားစုကရော ဘာတွေကြုံခဲ့ရသေးလဲ။

ဖြေ – ဖိအားတွေကြုံရတာပေါ့။ အမေရိကန်မှာဆိုလို့ရှိရင် စစ်သားတစ်ယောက်က နိုင်ငံ့အကျိုးကို စွန့်လွှတ်ခဲ့လို့ ရှေ့တန်းစစ်မြေပြင်မှာ သေတယ်ဆိုလို့ရှိရင် နောက်ကမိသားစုကို စောင့်ရှောက်မှုတွေရှိတယ်။ ဒီမှာကျတော့က ကိုယ့်မိသားစုကိုစောင့်ကြည့်တာ၊ အဝင်အထွက်တွေကအစ နောက်ဆုံး ဝင်စစ်ဆေးတယ်။ သုံးလလောက် ကျွန်တော့်မိသားစုကို စောင့်ကြည့်တယ်။ သွားတဲ့ လာတဲ့နေရာတွေ စောင့်ကြည့်တယ်။ အိမ်မှာ ကင်းချထားတယ်။ ကျွန်တော် ဘယ်သူတွေနဲ့ ပတ်သက်တယ်၊ ဘယ်သူတွေဝင်ထွက်တယ်ဆိုတာကို စောင့်ကြည့်တယ်။

Myanmar Now – အခုရွေးကောက်ပွဲဝင်ဖို့ NLD နဲ့ ဘယ်လို ချိတ်ဆက်မိတာလဲ။

ဖြေ – ပါတီနဲ့က ထောင်ကထွက်ကတည်းက အဆက်အသွယ်ရှိတယ်။ ၂၀၁၅ အောင်နိုင်ရေးဆိုလည်း လိုက်ပါပြီးတော့ ပူးပေါင်းဆောင်ရွက်ပေးတာရှိပါတယ်။ ကျွန်တော့်စိတ်ခံယူချက်ကိုက တာဝန်ယူမှုရှိတဲ့ အစိုးရတစ်ရပ်၊ တရားစီရင်ရေးတစ်ရပ် ဖြစ်ပေါ်လာရေးပေါ့နော်။ ဒါတွေပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်။ ဥပမာပြောရရင် တရားသူကြီးတစ်ယောက်က မှားယွင်းပြီးတော့ စီရင်ချက်ချလိုက်ရင် ဒီတရားသူကြီးမှာ အပြစ်မရှိပါဘူးတဲ့။ အရေးမယူဘူး။တရားသူကြီးမှားရင် အထက်ရုံးကိုအယူခံခွင့်ရှိတယ်၊ အဲ့ဒီတော့ တရားသူကြီးတစ်ယောက်က သူ့မှားယွင်းမှုအတွက် ဘာမှအပြစ်မဖြစ်ဘူး၊ ပြည်သူတစ်ယောက်အနေနဲ့ကျတော့ တရားသူကြီး မှားယွင်းဆုံးဖြတ်တဲ့အခါ တအားနစ်နာတယ်။ လုပ်ပိုင်ခွင့်ကို ငွေအဖြစ် ပြောင်းကြတဲ့နေရာတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဒီဘက်ကို ဝင်ရောက်ပြီးတော့ အဆိုပြုတာ ဖြစ်ပါတယ်။

Myanmar Now – အရွေးခံရပြီဆိုရင် ဘာတွေလုပ်မယ် စိတ်ကူးထားပါသလဲ။

ဖြေ – အဓိကကတော့ တပ်မတော်သားတွေရဲ့ တရားမျှတမှု၊ အခုပဲ မတ္တရာမှာကြုံလို့ဝင်ခဲ့တယ်။ ကျွန်တော်စာသင်ပေးခဲ့တဲ့ ကျွန်တော့် တပည့်တစ်ယောက်ပဲ။ သူ့မိဘကဘာမေးလဲဆိုတော့ သူ့သားလေးထွက်ချင်တယ်၊ လမ်းကြောင်းလေးမရှိဘူးလားတဲ့။ သူရဲ့ တာဝန် ထမ်းဆောင်တဲ့အသက်က ၁၀ နှစ်ကျော်ပြီ။ အရာရှိတစ်ယောက်ရဲ့ စာချုပ်ချုပ်ထားတဲ့ သက်တမ်းက ၁၀ နှစ်ပဲ။ ဗိုလ်လောင်းတစ်ယောက်က အရာရှိအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါ ၁၀ နှစ်အထိ တာဝန်ထမ်းဆောင်ပါ့မယ်လို့ စာချုပ်ချုပ်ထားရတာ။ ဒါက ဥပဒေပါအခွင့်အရေး။ ဒါပေမဲ့ အဲဒီအခွင့်အရေးဟာ လက်တွေ့မှာမရကြဘူး။ သူ့လမ်းကြောင်းနဲ့သူတော့ ရှိတာပေါ့။ လမ်းကြောင်းရှိတဲ့သူက ရတယ်၊ မရှိတဲ့သူက မရဘူး။ ဆိုတော့ ပြောရရင် အခွင့်အရေးဟာ ညီမျှမှုမရှိဘူး။ ဥပဒေက စာအုပ်ထဲမှာပဲရှိတယ်။ တရားမျှတမှုဆိုတာ အောက်လူတွေအပေါ်မှာ ရောက်မလာဘူး။ ဒါက ဥပမာပေးပြောတာ။ ကျွန်တော်တို့လည်း တပ်မတော်အထဲမှာ နေတဲ့အချိန်မှာ အများကြီးဖိနှိပ်ခံခဲ့ရတာပေါ့။ မညီမျှမှုတွေ အများကြီးကြုံခဲ့ရတာပေါ့။ တပ်မတော်သားတွေ အင်မတန်မှ အဖိနှိပ်ခံနေရတာကို မြင်တဲ့အခါကျတော့ တပ်မတော်သားတွေကို ဖိနှိပ်လို့မရတဲ့ စနစ်တစ်ခု၊ တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးညီမျှမှုတစ်ခုကို ရှေးရှုပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်။

Myanmar Now – အရပ်ဘက်ပြည်သူတွေအပေါ်မှာရော ဘာလုပ်ပေးချင်တာရှိပါသလဲ။

ဖြေ – ရှိပါတယ်။ ကျွန်တော်တို့ကို ရုရှားမှာ ပညာတော်သင်စေလွှတ်တယ်။ စေလွှတ်တာက nuclear power plant (အဏုမြူဓာတ်ပေါင်းဖို) တစ်ခုတည်ဆောက်ဖို့။ ဒါတွေကို အသုံးမချနိုင်ဘူး။ အစိုးရပြောင်းသွားပြီးတဲ့နောက်မှာ ဒါတွေက ငုပ်ပြီးပျောက်သွားတယ်။ နိုင်ငံမှာ nuclear power plant တစ်ခု တည်ဆောက်နိုင်ခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲဆိုတဲ့ မျှော်လင့်ချက်ပေါ့။ အဲဒီလိုဆိုရင် ရန်ကုန်နဲ့ မန္တလေးကို စက်မှုမြို့တော်အဖြစ် ပြောင်းလဲနိုင်မှာပဲဆိုတဲ့ မျှော်လင့်ချက်ပေါ့။ မြန်မာပြည်ရဲ့စီးပွားရေး တိုးတက်လာပြီးတော့ နယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တောထဲမှာ ထမင်းငတ်ခံပြီးတော့တော့ တိုက်မနေတော့ဘူး၊ ဒီဖွံ့ဖြိုးတိုးတက်တဲ့နေရာမှာ အလုပ်လာလုပ်မယ်၊ အဲဒီတော့ ငြိမ်းချမ်းရေးပါ ရရှိမယ်လို့ယုံကြည်တယ်၊။ တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ စနစ်တစ်ခု အကောင်အထည်ဖော်ခွင့်ရရင် လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းကို အများကြီး အကျိုးပြုပါလိမ့်မယ်။

Myanmar Now – ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာရင် လွှတ်တော်ထဲမှာ ဘယ်ဥပဒေတွေ ပြင်ချင်လဲ။

ဖြေ – တစ်ခုတည်း ထုတ်ပြောဖို့တော့ ခက်တယ်။ ဥပဒေရှိတယ်၊ နည်းဥပဒေတွေရှိတယ်။ ဒါပေမဲ့ ဥပဒေ၊ နည်းဥပဒေတွေ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ နောက်ကညွှန်ကြားချက်တစ်ခု ထွက်လိုက်တာနဲ့ ရှေ့ကဥပဒေတွေက အကျုံးမဝင်တော့ဘူး။ ဥပမာပြောရရင် နိုင်လွတ်လုံဥပဒေ (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ) က ကောင်းတယ်။ ဒါပေမဲ့ မပြည့်စုံတဲ့အခါကျတော့ အားနည်းချက်တွေပေါ်တယ်။ အားနည်းချက်တွေ မပြင်ဘဲနဲ့ ဘာလုပ်လိုက်သလဲဆိုတော့ ရှေ့နေချုပ်ရုံးကနေ ဒါ ပြည်သူပြည်သူချင်း စွဲရင်မသင့်ဆိုတဲ့ ညွှန်ကြားချက်နဲ့ ပြည်သူပြည်သူချင်း စွဲမရတော့ဘူး။ ညွှန်ကြားချက်က ဥပဒေကို ဖုံးလွှမ်းတာက တကယ်တော့ မဖြစ်သင့်ဘူး။ ဌာနဆိုင်ရာတွေရဲ့ အမိန့်နဲ့ညွှန်ကြားချက်က ဥပဒေအပေါ်မှာ သွားပြီးတော့ လွှမ်းမိုးတာ။ စစ်တပ်ဆိုရင် ပိုပြီးတော့လွှမ်းမိုးတယ်။ ဆိုတော့ အဲဒီညွှန်ကြားချက်တွေ ဥပဒေအပေါ်မှာ လွှမ်းမိုးနေသမျှ ဘယ်လိုဖယ်ဖျောက်မလဲ။ ဥပဒေတစ်ခုဟာ မသုံးချင်တော့ဘူးဆိုရင် အာဏာရှိတဲ့သူက ညွှန်ကြားချက်တစ်ခု ထုတ်လိုက်တာနဲ့ အဲဒီဥပဒေဟာ သုံးမရတော့ဘူး။ သုံးချင်ရင် ဥပဒေမရှိလည်း ညွှန်ကြားချက်တစ်ခုနဲ့တင် ကြိုက်သလို ပြောင်းလို့ ရနေပြန်ရော။ ညွှန်ကြားချက်က အထက်ရောက်နေတဲ့ စနစ်ကတော့ လွှတ်တော်ကို အားလျော့စေတာပေါ့။ ဒီညွှန်ကြားချက်တွေကို ဥပဒေအောက်ရောက်အောင် ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာတော့ ဝိုင်းဝန်းပြီးတော့ စဉ်းစားရမယ်။

Myanmar Now – ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်လဲ။

ဖြေ – အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အဖြေဟာ တစ်ခုတည်းပဲရှိပါတယ်။ နိုင်ငံကိုကိုယ်စားပြုတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ပါ။ မဲဆန္ဒနယ်စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းလောက်နိုင်မှ အစိုးရဖွဲ့နိုင်မှာ။ တကယ်လို့ မနိုင်ခဲ့ဘဲနဲ့ ညွန့်ပေါင်းဖွဲ့တာတို့ ဘာတို့ဆိုရင် သူ့ရဲ့ အဖြေသည် အမျိုးမျိုးပြောင်းသွားနိုင်တယ်။ ပြည်သူတွေက နိုင်ငံရေးခံယူချက်မှန်ဖို့ပေါ့။ ဒါဟာ အစိုးရရွေးပွဲပါ။

Myanmar Now – တပ်မတော်ကလာတာဆိုတော့ တပ်မတော်ထဲမှာ တပ်မတော်သားတွေ ရွေးကောက်ပွဲမဲပေးရတဲ့ အခြေအနေလေးတွေ သိချင်ပါတယ်။

ဖြေ – ကျွန်တော်က ၂၀၁၀ ရွေးကောက်ပဲ ကြုံခဲ့ရတော့ ကြိုတင်မဲတွေပေးရတဲ့ အနေအထားရှိတယ်။ ပြောပြန်ရင်လည်း ကျွန်တော် နောက်တစ်ကြိမ် ထောင်ကျနိုင်တယ်။ အဲဒီတော့ တပ်မဲရုံတွေ အပြင်ထုတ်တာ မှန်ပါတယ်လို့ အဓိကပြောချင်ပါတယ်။

Myanmar Now – တပ်မဲရုံတွေ အပြင်ထုတ်မယ်ဆိုတော့ တပ်မတော်သားတွေ မဲပေးပိုင်ခွင့်ကို ဘယ်လိုမြင်လဲ၊ ဘယ်လို ဖြစ်လာနိုင်သလဲ။

ဖြေ – ဖြစ်စေချင်တာမဟုတ်ဘူး။ ဖြစ်ကိုဖြစ်လာမှာပါ။ တပ်မတော်သားတွေ အပြင်ထွက် မဲပေးရမယ်ဆိုရင်တော့ တပ်မတော်သားတွေက သူတို့ကြိုက်တဲ့ပါတီ သူတို့မဲပေးမှာပဲ။ ဗေဒင်မေးစရာ မလိုဘူး။ တပ်မတော်သားတွေရဲ့ မဲအများစုက NLD ရမှာပဲ။ တစ်ခုတော့ရှိတယ်။ ကြိုတင်မဲ ဂရုစိုက်ရမယ်။ ဘယ်လိုကြိုတင်မဲပေးတယ်၊ ကြိုတင်မဲကို ထိန်းချုပ်မယ့်စနစ်၊ ကြိုတင်မဲသည်လည်းပဲ မဲပေးမယ့်သူနဲ့ တိုက်စစ်ပြီးတော့မှ မဲရုံစာရေးရဲ့ တာဝန်ခံမှုနဲ့ ကြိုတင်မဲကို ပေးရမယ်။

ဒီမဲရုံစာရေးက အားနည်းတာနဲ့ ကြိုတင်မဲတွေက မှားယွင်းသွားနိုင်တယ်။

Myanmar Now – တပ်မတော်သားတွေသာ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရမယ်ဆိုရင် NLD ကိုပေးမယ်လို့ ဘာ့ကြောင့်သုံးသပ်တာလဲ။

ဖြေ – ဖိနှိပ်မှုတွေကို မခံနိုင်လို့ပေါ့။ ပြောရရင် တပ်ထဲမှာ ပျော်ပြီးနေရတဲ့သူ အင်မတန်နည်းပြီး တပ်ထဲကထွက်ချင်တဲ့သူ အင်မတန်များနေတယ်။ အဲဒီတော့ ဒီမကျေနပ်မှုတွေကြောင့်ပဲ သူ့ရဲ့မဲသည် NLD ဘက်ကို ရောက်လာမှာ။ အပေါ်ပိုင်းကတော့ တစ်ဖက်ကို ရောက်ချင်ရောက်ပေမယ့် အောက်ခြေပိုင်းတွေက ဒီဘက်မှာရှိတယ်။ သူတို့လုပ်တာ မတရားမှုတွေရှိလေ NLD ဘက်ကိုရောက်လေပဲ။ ဘယ်လိုမတရားမှု လုပ်လဲဆိုတာတော့ ကျွန်တော်တို့ကိုယ်တိုင် နေခဲ့တာပဲ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပြောရရင် မတရားမှန်း သိသိနဲ့လည်း လုပ်ရတာပဲ။ မှန်တာ မမှန်တာထက်ကို အမိန့်ဆိုတာနဲ့ လုပ်ရတော့တာ။ တရားတာ မတရားတာမရှိဘူး၊ မှန်တာ မမှန်တာမရှိဘူး၊ အရင်တုန်းကတော့ ရှိခဲ့ဖူးတာပေါ့။ ဗိုလ်ချုပ်(အောင်ဆန်း) ကတော့ ပြောခဲ့ဖူးတာပဲ၊ ကိုယ့်ပေးတဲ့အမိန့်တစ်ခုက မတရားဘူးထင်ရင် ဘာလုပ်မလဲ။ အမိန့်ပေးတဲ့ လူထက်ကြီးတဲ့သူကို သွားပြီးတော့ တရားလား မတရားလား။ မှန်လား မမှန်လား သွားတွေ့ပြီးတော့မေးပါတဲ့။ မကျေနပ်သေးရင် တဆင့်တဆင့်တက်ပြီးတော့ တရားလား မတရားလားမေးပါတဲ့။ ဗိုလ်ချုပ်တို့ခေတ်တုန်းကတော့ မှန်တာပေါ့။ ဖြစ်နိုင်ရင်ဖြစ်နိုင်ခဲ့မှာပေါ့။ ဒီဘက်မှာတော့ ဒီလူကို မတင်ပြဘဲ တိုင်လို့ကိုမရဘူး။ ကျော်တိုင်ဖို့တော့ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။

Show More

Related Articles

Back to top button