ဆောင်းပါးရွေးကောက်ပွဲ

အငြင်းပွားစရာ ဖြစ်လာနိုင်တဲ့ Facebook ပေါ်က မဲဆွယ်စည်းရုံးမှုများ

မိုးတဖွဲဖွဲကျနေတဲ့ မေလလယ်ရဲ့ ရန်ကုန်မြို့လယ်မြင်ကွင်းဟာ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် လူသွားလူလာရှင်းနေပေမယ့် လသာလမ်းထဲက သုံးထပ်အဆောက်အအုံတစ်ခုရဲ့ အပေါ်ထပ် အခန်းငယ်တစ်ခုထဲမှာတော့ လူငယ်ငါးယောက်ဟာ ကွန်ပျူတာတွေ ကင်မရာတွေကိုယ်စီနဲ့ အလုပ်ရှုပ်နေကြပါတယ်။

ဒီသုံးထပ်အဆောက်အအုံဟာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ လသာမြို့နယ် ပါတီရုံးခန်းဖြစ်ပြီး လူငယ်တွေကတော့ ပီသုံးလုံးပါတီ (ပြည်သူ့ရှေ့ဆောင်ပါတီ) ရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကို ဦးဆောင်နေကြတဲ့ မီဒီယာအဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ရွေးကောက်ပွဲအကြိုကာလမှာတစ်သင်းလုံးကန်မည် PPP” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပီသုံးလုံးပါတီရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေက တခြားပါတီများနည်းတူ သတိထားမိစရာဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလထဲမှာ ကျင်းပသွားဖို့ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပေမယ့် ရွေးကောက်ပွဲကျင်းပမယ့်ရက် အတိအကျကိုတော့ မကြေညာသေးပါဘူး။ ကူးစက်မြန် ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့်လည်း ရွေးကောက်ပွဲအခြေအနေက ထင်သာမြင်သာ မရှိလှသေးပါဘူး။

သို့သော်ငြားလည်း နိုင်ငံရေးပါတီတွေကတော့ အွန်လိုင်းစာမျက်နှာပေါ်ကနေ မဲဆွယ်စည်းရုံးမှုအသွင်ဆောင်တဲ့ လှုပ်ရှားမှုတွေ စတင်ဆောင်ရွက်နေကြပါပြီ။ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်းမှာ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးဖို့ ခက်ခဲလာနိုင်တဲ့အတွက် အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးမှုတွေ ပိုပြီးပြင်းထန်လာဖို့ ရှိပါတယ်။

Facebook ပေါ်က မဲဆွယ်စည်းရုံးမှုများ

ပီသုံးလုံးပါတီရဲ့ မီဒီယာအဖွဲ့ကို ဦးဆောင်နေတဲ့ ကိုကောင်းမင်းခန့်ဟာ အသက် ၃၄ နှစ်အရွယ်ရှိပြီး မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်ကနေ ရေယာဉ်တည်ဆောက်မှု ဗိသုကာဘာသာရပ်နဲ့ ကျောင်းပြီးခဲ့သူဖြစ်ပါတယ်။ ကျောင်းပြီးပြီးချင်း စင်ကာပူနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုစတင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ရန်ကုန်မှာ ပြန်လည်အခြေချနေထိုင်ခဲ့ပါတယ်။

စားသောက်ဆိုင်နဲ့ ခရီးသွားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကိုကောင်းမင်းခန့်ဟာ လူငယ်စီးပွားရေးသမားတစ်ဦးဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ပီသုံးလုံးပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားသူဖြစ်ပါတယ်။ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလမှာ ဆိုရှယ်မီဒီယာ (Facebook) ကနေတစ်ဆင့် လူထုသိအောင် လူတွေယုံကြည်မှုရအောင်လုပ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ကိုကောင်းမင်းခန့်က ပြောပါတယ်။

“မဲဆွယ်တဲ့အခါ ကျွန်တော်တို့ကို မဲပေးပါလို့ ပြောတာထက် လူထုက နိုင်ငံရေးအသိပိုင်းမှာ ပိုပြီးတော့ သိလာအောင် ဘယ်လိုလူတွေကို မဲပေးရင် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်လာမယ်ဆိုတာကို ကျွန်တော်တို့ စပြီးတော့ လုပ်ပေးပါ့မယ်” လို့ သူက ပြောပါတယ်။

ပီသုံးလုံးပါတီမှာ ငွေကြေးတတ်နိုင်တဲ့ စီးပွားရေးသမားတွေပါဝင်တာကြောင့် ငွေကို ရေလိုသုံးပြီး မဲဆွယ်စည်းရုံးလိမ့်မယ်၊ ဆိုရှယ်မီဒီယာတွေကနေပြီး လူအများကြီးဆီကို မြန်မြန်ပျံ့နှံ့အောင် ငွေကြေးတွေအသုံးပြုပြီး မဲဆွယ်လိမ့်မယ်လို့ အများကယူဆနေကြပေမယ့် ဒီနည်းလမ်းကို အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ကိုကောင်းမင်းခန့်က ပြောပါတယ်။

“ကုမ္ပဏီကြီးတစ်ခုရဲ့ ကြော်ငြာ ကုန်ကျစရိတ်တွေလောက်တောင် ကျွန်တော်တို့ မရှိဘူး။ သိန်းရာဂဏန်းတွေ ဘာတွေ မရှိဘူး။ သိန်းဆယ်ဂဏန်းလောက်ပဲရှိမယ်။ အဲဒီထက်မပိုပါဘူး” လို့ သူက ပြောပါတယ်။

ပီသုံးလုံးပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ဒီချုပ်) တာဝန်ကနေ ရပ်ဆိုင်းခံခဲ့ရပြီးနောက်ပိုင်း နုတ်ထွက်ခဲ့တဲ့ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က ဦးစီးတည်ထောင်ထားတာ ဖြစ်ပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ရွှေနန်းတော်စိန်ရွှေရတနာ လုပ်ငန်းပိုင်ရှင်ဖြစ်ပြီး၊ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ ဒီချုပ်ပါတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ ဒုတိယဗိုလ်မှူးကြီးဟောင်းတစ်ဦးလည်းဖြစ်တဲ့ လက်ရှိရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက ပါတီဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

ပါတီရဲ့ စီးပွားရေးနဲ့ မူဝါဒရေးရာ အကြံပေးတွေကတော့ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ဒေါက်တာဦးမြင့်နဲ့ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးတို့ ဖြစ်ကြပါတယ်။

(Infographic : သော်ဇင်မျိုး/ Myanmar Now)

 

Facebook Follower အများဆုံး နိုင်ငံရေးပါတီများ

မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာသုံးစွဲသူ ၂၂ သန်းကျော်ရှိပြီး Facebook လူမှုကွန်ရက်ကို အဓိကထားအသုံးပြုကြနေတယ်လို့ အီတလီနိုင်ငံ၊ မီလန်မြို့အခြေစိုက် We Are Social အဖွဲ့ရဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့တဲ့စစ်တမ်းက ဆိုပါတယ်။ ဒီအဖွဲ့ဟာ ကမ္ဘာတစ်ဝန်းက အင်တာနက်သုံးစွဲမှုအခြေအနေတွေကို စစ်တမ်းကောက်ယူ ထုတ်ပြန်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၃၄ ကျော်ရှိခဲ့ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲဆန္ဒပေါင်း သန်း ၄၀ အထိ ရှိလာနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားပါတယ်။

(Infographic : သော်ဇင်မျိုး/ Myanmar Now)

လက်ရှိအချိန်ထိ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၇ ခုရှိပြီး Facebook အသုံးပြုနေတဲ့ နိုင်ငံရေးပါတီ ၆၄ ခုရှိပါတယ်။ ဒီအထဲမှာ ၃၉ ပါတီက Facebook အသိအမှတ်ပြု အမှတ်အသား Blue mark (အပြာရောင်မှန်ခြစ်အမှတ်အသား) ရရှိထားပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ Facebook စာမျက်နှာတွေထဲမှာ အာဏာရပါတီဖြစ်တဲ့ ဒီချုပ်ပါတီက Follower ပေါင်း ဒသမ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက Follower ပေါင်း သိန်း သောင်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ အကြံပေးဖြစ်ခဲ့သူ ဦးနေဇင်လတ်ဦးဆောင်တဲ့ အမျိုးသားတိုးတက်ရေးပါတီက Follower ၃ သိန်း ၂ သောင်းကျော်၊ ဒေါ်သက်သက်ခိုင်ရဲ့ ပီသုံးလုံးပါတီက ၁ သိန်း ၈ သောင်းကျော်နဲ့ ၈၈ မျိုးဆက်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီက တစ်သောင်းသုံးထောင်ကျော် ရှိကြပါတယ်။

(Infographic : သော်ဇင်မျိုး/ Myanmar Now)

ပါတီကြီးနှစ်ခုကြား အွန်လိုင်းအားပြိုင်မှု

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက Blue Mark ရထားတဲ့ ပါတီလူမှုကွန်ရက်စာမျက်နှာမှာသာမက ပါတီဥက္ကဋ္ဌ ဦးသန်းဌေးရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာ၊ USDP Women Committee၊ USDP Farmer Committee စာမျက်နှာတွေကလည်း ပါတီရဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်နေပါတယ်။

ပါတီရဲ့ အဓိကဖေ့စ်ဘုတ်စာမျက်နှာဖြစ်တဲ့ Union Solidarity and Development Party မှာ ငွေကုန်ကျခံပြီး (Facebook ကို ပိုက်ဆံပေး၍ ကြည့်ရှုသူများအောင်ပြုလုပ်ခြင်း (Boost)) ကြော်ငြာထားတာ မရှိပေမယ့် အခြားစာမျက်နှာတွေဖြစ်တဲ့ USDP Women Committee နဲ့ USDP Farmer Committee တို့ရဲ့ Facebook စာမျက်နှာတွေမှာတော့ ငွေကြေးသုံးစွဲပြီး ကြော်ငြာထားတာကို တွေ့ရပါတယ်။

USDP Women Committee စာမျက်နှာကနေ ဇွန်လ ၆ ရက်က Boost လုပ်ပြီးတင်ထားတဲ့ ပို့စ်တစ်ခုမှာတော့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံကို အသုံးပြုပြီး “တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို သမ္မတက ခန့်အပ်မည့်အစား သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်နိုင်ရေးအတွက် ပုဒ်မ (၂၆၁)အား ပြင်ဆင်ပေးမည်” ဆိုတဲ့ စာပိုဒ်ကို ရေးသားထားပါတယ်။ ဒီပို့စ်ကို ကြိုက်နှစ်သက်သူ သုံးထောင်ကျော်ရှိပြီး ပြန်လည်မျှဝေသူ သုံးရာကျော် ရှိခဲ့ပါတယ်။

Facebook မှာ ပါတီလှုပ်ရှားမှုတွေကို ဖော်ပြတဲ့အခါမှာ ငွေကြေးသုံးစွဲပြီး Boost လုပ်တာ အလွန်နည်းပြီး သူကိုင်တွယ်တာ မဟုတ်တဲ့အတွက် ငွေကြေးသုံးစွဲမှုကို မသိဘူးလို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။

အာဏာရပါတီကတော့ ကိုဗစ်နိုင်တင်းကပ်ရောဂါကာလကို အကြောင်းပြ မဲဆွယ်စည်းရုံးမှုတွေရှိနေပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Facebook စာမျက်နှာမှာ ရေးသားတာတွေကို နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြနေတဲ့အချက်ဟာ တရားမျှတမှုမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

“ဒါတွေဟာ တရားမျှတမှု ရှိလား၊ မရှိဘူးလားဆိုတာကိုတော့ ကာယကံရှင်တွေပဲ သိပါလိမ့်မယ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ပါ့မလားဆိုတာ မေးခွန်းထုတ်ရမယ့်အထဲမှာ အချက်တစ်ချက် ဖြစ်သွားမှာပေါ့” လို့ ပြည်ခိုင် ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အာဏာရစဉ် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အလားတူအငြင်းပွားစရာတွေ ဖြစ်ခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲမကျင်းမီ တစ်လလောက်အလို ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ လူထုဟောပြောပွဲမှာ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာတို့ တက်ရောက်ခဲ့ကြတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလကုန်ခါနီးမှာ မြို့ကြီးရေလှောင်တမံစီမံကိန်းကို ရောက်ရှိလာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြောစကားကို ကိုးကားပြီး “မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင့်ပြင်တစ်ခုလုံး အစိမ်းရောင်လွင်ပြင် ဖြစ်ရမည်” ဆိုပြီး နိုင်ငံပိုင်သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ အလေးပေးဖော်ပြခဲ့ကြပါတယ်။

လက်ရှိအာဏာရပါတီဖြစ်တဲ့ ဒီချုပ်ပါတီကတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေအလိုက် ခရိုင်နဲ့ မြို့နယ်တွေမှာ ပြန်ကြားရေးကော်မတီတွေရဲ့ သီးခြား Facebook စာမျက်နှာတွေ ဖွင့်လှစ်ထားပေမယ့် ငွေကြေးသုံးစွဲပြီး Boost မလုပ်ဖို့ မူဝါဒချမှတ်ထားတယ်လို့ ဗဟိုပြန်ကြားရေးကော်မတီ၊ အွန်လိုင်းဆပ်ကော်မတီတာဝန်ခံ ဦးကြည်တိုးက ပြောပါတယ်။

ကျွန်တော်တို့ရဲ့ လက်ရှိ အွန်လိုင်းမူဝါဒကတော့ လုံးဝ Boost မလုပ်ဘူး။ ကြော်ငြာ မသုံးပါဘူး” လို့ သူကပြောပါတယ်

Facebook အသုံးပြုပြီး မဲဆွယ်စည်းရုံးဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UPB) အပါအဝင်ဖြစ်ပါတယ်။ မကြာခဏ အွန်လိုင်းဆွေးနွေးပွဲတွေ ပြုလုပ်နေပြီး၊ ပါတီရဲ့တရားဝင် Facebook စာမျက်နှာအပြင် ပါတီခေါင်းဆောင် သူရ ဦးရွှေမန်းရဲ့ Facebook စာမျက်နှာကနေလည်း ထုတ်လွှင့်ပေးနေပါတယ်။ ဒီဆွေးနွေးပွဲတွေကို “ပါတီမိသားစု စကားဝိုင်းလို့ အမည်ပေးထားပါတယ်။

Facebook အသိအမှတ်ပြု အပြာရောင်အမှတ်အသား ရရှိထားတဲ့ UPB ပါတီ Facebook စာမျက်နှာမှာ Follower သောင်း ထောင်ကျော်ရှိပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို သိရပြီဆိုတာနဲ့ အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးရေး မီဒီယာအဖွဲ့ ဖွဲ့သွားမယ်လို့လည်း အမည်မဖော်လိုတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ ပါတီရဲ့ တရားဝင် Facebook စာမျက်နှာအပြင် ကိုယ်စားလှယ်လောင်းတွေရဲ့ စာမျက်နှာတွေကပါ မဲဆွယ်စည်းရုံးနိုင်ဖို့ နည်းပညာပိုင်းအရ အကူအညီပေးသွားမယ်လို့ ၎င်းက ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အခြေစိုက်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာလည်း Facebook အသိအမှတ်ပြု အပြာရောင်အမှတ်အသားရရှိထားတဲ့ နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါတယ်။ ပါတီရဲ့ Facebook စာမျက်နှာမှာ Follower ပေါင်း သောင်းကျော်ရှိပြီး ပါတီလှုပ်ရှားမှုတွေကို မြန်မာဘာသာအပြင် ရှမ်းဘာသာစကားနဲ့ပါ ဖော်ပြပေးနေတာ တွေ့ရပါတယ်။

မြို့ကြီးတွေက မဲဆန္ဒရှင်တွေအတွက် အွန်လိုင်းကနေ မဲဆွယ်စည်းရုံးတာ အလုပ်ဖြစ်နိုင်ပေမယ့် ကျေးလက်ဒေသမှာ နေထိုင်သူတွေအတွက်တော့ ဒီနည်းလမ်းဟာ အလုပ်ဖြစ်မယ်မထင်ဘူးလို့ ပါတီတွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောပါတယ်။

“ပါတီတွေက အွန်လိုင်းမှာ လျှောက်အော်နေလို့ မရဘူးဗျ။ ကိုယ့်ကို တကယ်မဲပေးမယ့် ပြည်သူရှိမယ့်နေရာကို ပုံစံတစ်မျိုးမျိုးနဲ့တော့ သွားရမှာပဲ” လို့ သူက ပြောပါတယ်။

တိုင်းရင်းသားဒေသကို အခြေပြုထားတဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့ Facebook မှာ ငွေပေးကြော်ငြာပြီး မဲဆွယ်စည်းရုံးဖို့ထက် ရွေးကောက်ပွဲ နိုင်ငံရေးကတိကဝတ်တွေကို အခြေခံပြီး မဲဆွယ်စည်းရုံးဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

ကျွန်တော်တို့ပါတီက သုံးနိုင်တာထက် ပါတီကြီးတွေက ပိုပြီးတော့ သုံးနိုင်တယ်လေ။ အဲဒါကို ကျွန်တော်တို့က သွားယှဉ်လို့မရဘူး။ သူတို့ထက်ပိုပြီး ထူးခြားတဲ့ ဘယ်လိုတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နိုင်မယ်ဆိုတဲ့အပေါ် မှာ ကျွန်တော်တို့ ပိုပြီးဦးစားပေးပါတယ်” လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်

အွန်လိုင်းကနေ မဲဆွယ်စည်းရုံးမှုတွေ များလာတဲ့အခါ ငွေကြေးအင်အားတောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဖို့ အသားစီးရကြမယ့်သဘော ရှိပါတယ်။ အွန်လိုင်းအသုံးစရိတ်ကို ရွေးကောက်ပွဲ အသုံးစရိတ်ထဲ ထည့်သွင်းသတ်မှတ်မယ်၊ မသတ်မှတ်ဘူးဆိုတာ မသေချာတဲ့အတွက် စိုးရိမ်နေကြတာတွေလည်း ရှိပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလရောက်လာတဲ့အခါ ငွေကြေးချမ်းသာတဲ့ ကိုယ်စားလှယ်လောင်းက ငွေကြေးအင်အားကို အသုံးပြုပြီး Boost လုပ်တာမျိုးတွေ၊ Facebook အကောင့်အတုတွေ အသုံးပြုပြီး ကောလာဟလ ထုတ်လွှင့်တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သင်္ဃန်းကျွန်းမြို့နယ်ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီလိုအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ သက်ဆိုင်ရာ ဆိုရှယ်မီဒီယာကုမ္ပဏီတွေ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းပြီး ခိုင်မာတဲ့မူဝါဒတွေ ချမှတ်ထားဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

“လူတွေကတော့ မဖြစ်မနေသုံးတော့မှာပဲလေ။ သုံးတော့မယ်ဆိုရင် တိကျတဲ့ မူဝါဒမရှိရင် အသုံးချနိုင်တဲ့သူက အကျိုးပိုရသွားပြီးတော့ အသုံးမချနိုင်တဲ့လူက အကျိုးလျော့သွားမှာပေါ့” လို့ သူက ထောက်ပြပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၁၀၀ သတ်မှတ်ထားပြီး အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးမှုတွေကို မကန့်သတ်ဘူးဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်မှာ ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုပြီးတော့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်သွားတာမျိုးလည်း ဖြစ်သွားနိုင်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူများစုအသုံးပြုတဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ အခကြေးငွေပေးပြီး ကြော်ငြာမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေအတွက် Commercial Ads (All Ads) နဲ့ ရွေးကောက်ပွဲအတွက် Electro Ads ဆိုပြီး ခွဲခြားသတ်မှတ်ပေးထားပါတယ်။

ရွေးကောက်ပွဲအတွက် အွန်လိုင်းကနေ မဲဆွယ်စည်းရုံးရာမှာ Commerical Ads အသုံးပြုပြီး ဆောင်ရွက်တယ်ဆိုရင် ငွေကြေးမည်မျှမည်ရွေ့ အသုံးပြုတယ်ဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကျင့်ဝတ်အဖြစ် ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ ကျားမ ဖြစ်တည်မှု စတာတွေနဲ့ပတ်သက်ပြီး ပုတ်ခတ်ပြောဆိုစည်းရုံးတာတွေ မလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပေမယ့် ရွေးကောက်ပွဲအသုံးစရိတ်နဲ့ သက်ဆိုင်တဲ့ အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးတာတွေနဲ့ ပတ်သက်လို့တော့ တိတိကျကျဖော်ပြထားတာ မရှိသေးဘူးလို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးရင် အသုံးပြုမယ့် ငွေကြေးတွေကို ရွေးကောက်ပွဲအသုံးစရိတ်ထဲ ထည့်သွင်းရမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၄ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မဲဆွယ်စည်းရုံးမယ်ဆိုရင် ပုံစံ-၂၀ ထဲမှာ အခြားနည်းအသုံးပြုတဲ့ စရိတ်ဆိုပြီးတော့ ပါတာပေါ့။ အခြားနည်းနဲ့ မဲဆွယ်တယ်လို့ ပြုလုပ်တယ်ဆိုရင် သူက အသုံးစရိတ်ထဲပါရမှာပေါ့” လို့ သူက ပြောပါတယ်။

အွန်လိုင်းမဲဆွယ်စည်းရုံးတာတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ တိကျတဲ့ မူဝါဒတွေကိုတော့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသွားခြင်း မရှိပါဘူး။

ရွေးကောက်ပွဲကော်မရှင်ကို Myanmar Now က ထပ်မံဆက်သွယ်မေးမြန်းတဲ့အခါမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးရာမှာ အသုံးပြုခဲ့တဲ့ ကုန်ကျစရိတ်တွေကို ပုံစံ (၂၀) နဲ့ အညီ တင်သွင်းရမှာဖြစ်ပြီး ဒီလိုမတင်သွင်းရင် ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံရနိုင်တယ်လို့ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီလိုအရေးယူတာမျိုးဟာ တိုင်ကြားသူရှိမှသာ ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်တာမှန်သမျှ သူတို့သုံးတာ ထည့်ရမှာလေ။ သုံးရဲ့သားနဲ့ မထည့်ဘူးဆိုရင် တစ်ယောက်ယောက်က ကန့်ကွက်လာရင် ပြဿနာတက်မယ်လေ” လို့ သူက ပြောပါတယ်။

(Myanmar Now ၏ အချက်အလက်စစ်ဆေးသည့် သတင်းထောက် သော်ဇင်မျိုး ပူးပေါင်းရေးသားသည်)

တည်းဖြတ်- အောင်ရှင်

 

Show More

Related Articles

Back to top button