သတင်း

ထီပေါက်ထားသည့်ငွေများကို ပြန်လှူမည်ဟုဆိုကာ Facebook Group ဖွဲ့ ၍ လိမ်လည်နေ

သိန်းတစ်သောင်းခွဲ ထီဆုရှင် မိသားစု၏ဓာတ်ပုံများကို အသုံးပြုကာ ထီပေါက်သောကြောင့် Group တွင် Join ထားပြီး ဖုန်းနံပါတ်မန့်ထားသူများကို တစ်ဦးလျှင် ငါးသောင်းဖြင့် သိန်းငါးထောင်ဖိုး လှူမည်ဖြစ်ကြောင်း လိမ်လည်ဖြန့်ဝေမှုမှာ သိန်းနှင့်ချီ၍ပျံ့နှံ့နေသည်။

အဆိုပါအကြောင်းအရာကို မြောက်ဦးသားလေး ဖိုးကံကောင်းဆိုသည့် Facebook Page မှ Post ပေါင်း အခု ၂၀ ထက်မနည်းတင်ခဲ့ပြီး ပြန်လည်မျှဝေမှု သောင်းလေးထောင်ကျော်အထိ ရှိခဲ့သည်။ ၎င်းတင်ခဲ့သည့် Post များမှာ Facebook Group များသို့ ရောက်နိုင်သည့် Link များဖြစ်သည်။ အဆိုပါ Post များအောက်တွင်ပင် အမှန်တကယ်ယုံကြည်၍ ဖုန်းနံပါတ်များရေးသားကြသူ ထောင်နှင့်ချီရှိခဲ့သည်။

အဆိုပါကိစ္စမှာ အောင်ဘာလေ နောက်ဆုံးအကြိမ်ဖြစ်သည့် ၁၆ ကြိမ်မြောက် သိန်းတစ်သောင်းခွဲဆု ပေါက်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့မှ မိသားစု၏ ဓာတ်ပုံများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

Myanmar Now အနေဖြင့် သိန်းတစ်သောင်းခွဲဆု ပေါက်သည့် မိသားစုထံဆက်သွယ်မေးမြန်းရာ ယင်းကဲ့သို့ Group ဖွဲ့ကာ လှူမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

ထီသိန်းတစ်သောင်းခွဲဆုရှင် မကြည်ဖြူစင်သိန်း ၏ ဖခင် ဦးအောင်ဆန်းဝင်းက “ကျွန်တော်တို့က အိမ်မှာ အရင်ဆုံးပရိတ်ရွတ်မယ်၊ ပိုက်ဆံတောင်မထုတ်ရသေးဘူး လွှဲလိုက်တာပဲရှိသေးတယ်။ အရင်ဆုံး အိမ်မှာ ဘုန်းကြီးတွေကိုပင့်ပြီး ပရိတ်ရွတ်မယ်၊ နောက်လှူမယ့်ဟာတော့ မိသားစုနဲ့တိုင်ပင်ပြီး အလှူအတန်းတော့လုပ်မှာပေါ့” ဟု ပြောသည်။

ထို့ပြင် “ဘယ်လိုပြောရမလဲ တချို့ကလည်း ဟာသပို့စ်မှာ တင်ချင်တင်ကြမယ်၊ ဖွတာလည်းဖြစ်ချင်ဖြစ်မယ်” ဟု ဦးအောင်ဆန်းဝင်းက ဆိုသည်။

လိမ်လည်သည့်ပုံစံမှာ ထီပေါက်ထားသည့် ငွေများထဲမှ ပြန်လည်လှူဒါန်းမည်ဖြစ်ပြီး Group ကို Join ပြီး ဖုန်းနံပါတ်ရေးသားကြသူများကို ငွေ ငါးသောင်းစီ လှူဒါန်းမည်ဟူ၍ဖြစ်သည်။

Group ကို Join ပြီး ဖုန်းနံပါတ်ပေးလျှင် ငွေများလှူဒါန်းမည်ဟု ရေးသားထားသည့်အကြောင်းအရာကို အကောင့်အတု အများအပြားကလည်း အခြားသော Group Link များဖြင့်လည်း ရေးသားကြသည်ကို တွေ့ရသည်။

အဆိုပါ Link များကို ဝင်ကြည့်ပါက…

(၁) တကယ်လှူမယ့်မြောက်ဦးသား
(၂) ထီပေါက်စဉ် စိတ် ဝင်စားသူများဂရု
(၃) ထီပေါက်ပြီဟေ့ လှူချင်လို့ Join ထား
(၄) ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့
(၅) မြန်မာနိုင်ငံမှ အလှူရှင်များ
(၆) အလှူရှင်များ နှင့် လိုအပ်သူများသာ
(၇) ထီးပေါက်ပြီ လှူ ချင်လို့ပါ
(၈) ထီပေါက်လို့ဒီဂရုမှ လှုူ ငွေများပြ ု လုပ်နေပါပြီ
(၉) တတ်နိုင်သလောက်လှူချင်လို့ အပ်ထားဟေ့
(၁၀) ထီပေါက်ပြီဟေ့ ဂရုကို join ထား လှူချင်လို့
(၁၁) ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း စသည့် Group များကို ရောက်ရှိသွားမည်ဖြစ်သည်။

အဆိုပါ Group ၁၁ ခုတွင် Group ၉ ခုသည် ၂၀၂၀ ဇွန် ၁ ရက် နောက်ပိုင်းမှစ၍ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အားလုံးနီးပါသည် အဖွဲ့ဝင် (Member) သုံးသောင်းအထက် ရှိနေသည်။ ထီပေါက်ပြီဟေ့ လှူချင်လို့ Join ထား ထီပေါက်ပြီဟေ့ ဂရုအပ်ထား လှူချင်လို့ ဆိုသည့် Group နှစ်ခုသည် ရက်ပိုင်းတွင်းမှာပင် member ပေါင်း တစ်သိန်းကျော်အထိပင် ရှိနေပြီဖြစ်သည်။ အဆိုပါ Group များထဲတွင် Group သုံးခုသည် ‘Aung San Suu Kyi ဦးဆောင်သော ဝေ့မန်းနီးက အလှူရှင်များ သီးသန့်’ ဆိုသည့်နာမည်ဖြင့် စတင်ဖွင့်လှစ်ကာ နောက်ပိုင်းတွင် အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ Group များကို အောင်ဘာလေထီ – 2020ထီပေါက်စဉ် – Up To Dateထီပေါက်စဉ် ဆိုသည့် Page များက Admin အဖြစ် ထိန်းချုပ်နေကြသည်။ ထီပေါက်စဉ် ဆိုသည့် Page သည် သူ၏ ဝက်ဘ်ဆိုက်လိပ်စာ တွင် myanmarnewsteam.com ဆိုသည့် ဝက်ဘ်ဆိုက်လိပ်စာကို ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ ဝက်ဘ်ဆိုက်သည် သတင်းမှားများကို ကွန်ရက်သဖွယ် ချိတ်ဆက်ဖြန့်ဝေနေသည့် Myanmar News Team (M.N.T) ဆိုသည့်အဖွဲ့ကဖြစ်ပြီး ဝက်ဘ်ဆိုက်အများအပြားဖွင့်ကာ သတင်းမှားများဖြန့်ဝေနေသည့် အဖွဲ့ ဖြစ်သည်။ ထို့ကြောင့် ထီပေါက်သူမှ ငွေပေးမည်ဟု လှည့်ဖြားနေသည့် Group များသည် သတင်းမှားဖြန့်ဝေနေသည့် ကွန်ရက်မှ ပြုလုပ်နေသည်မှာ ထင်ရှားသည်။ အဆိုပါအဖွဲ့အကြောင်းကို Myanmar Now က ရေးသားခဲ့ဖူးသည်။

ယခင်ကလည်း အိမ်လိပ်စာနှင့် ဖုန်းနံပါတ်များရေးခိုင်းကာ ငွေလှူဒါန်းမည်ဖြစ်ကြောင်း လိမ်လည်လှည့်ဖြားသည့် သတင်းမှားများ ပျံ့နှံ့ခဲ့ဖူးသည်။ Pacific-AA Foundation, AA Medical Products Ltd ပိုင်ရှင်၏ ဓာတ်ပုံများကိုအသုံးပြုကာ “မြန်မာပြည်မှာ ဘယ်နေရာနေနေ ကားနဲ့ လာပို့ပေးမည်။ ဆန်တစ်အိတ်၊ ဆီတစ်ဘူး၊ ကြက်သွန်တစ်အိတ် လိုချင်သူများ အခုပိုစ့်လေးကို ရှယ်ပြီး မိမိနေထိုင်ရာ ရပ်ကွက်နဲ့ ဖုန်းနံပါတ်လေးကို မန့်ခဲ့” ဟုရေးသားထားပြီး Group တစ်ခုကို ဝင်ခိုင်းသည့် လင့်ကို ချပေးထားသည်။

အဆိုပါအကြောင်းအရာသည် လိမ်လည်ထားသည့်အကြောင်းအရာသာဖြစ်ကြောင်း Pacific-AA Foundation, AA Medical Products Ltd ပိုင်ရှင်များက ပြန်လည်ရှင်းလင်းခဲ့ရသည် အဆိုပါ Groupသည် ယခင်က Aung San Suu Kyi ထူးခြားသတင်း ရှာဖွေရေး ဂရု အမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် 2D3D ဖိုက်တာများဂရုဟု ပြောင်းလဲခဲ့သည်။

ထိုကဲ့သို့ပင် မြန်မာပြည် သတင်းမီဒီယာကောင်စီ ဆိုသည့် နာမည်ဖြင့် Page အတုကလည်း ဖုန်းဘေများ ဖောက်ပေးမည်ဟု ဆိုကာ တင်ခဲ့ဖူးပြီး ယခုအခါ Minkin Online Shopping ဟု အမည်ပြောင်းလဲထားသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button