သတင်း

လူစုလူဝေးဖြစ်စေခဲ့သည့် ဦးဖြိုးမင်းသိန်း ကိုယ့်အမိန့်ကိုယ်ပြန်ဆန့်ကျင်ဟု NLD ဆို

ကပ်ရောဂါကာလအတွင်း လူစုလူဝေးအခမ်းအနားများ မကျင်းပရန် တားမြစ်ထားချိန်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်များက ရှင်ဥပဂုတ္တ ဖောင်တော်ရေချပူဇော်ပွဲကို ယမန်နေ့က အခမ်းအနားဖြင့်ကျင်းပခဲ့ခြင်းအပေါ် လွှတ်တော်အမတ်များက ဝေဖန်လိုက်သည်။

ရှင်ဥပဂုတ္တ ရေချပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ဆိပ်ကမ်း၌ မေ ၂၄ က ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် ဝန်ကြီးငါးဦးနှင့် တိုင်းဥပဒေချုပ် ဒေါ်ခင်မျိုးကြည်တို့လည်း တက်ရောက်ခဲ့သည်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ Facebook စာမျက်နှာတွင် တွေ့ရသည်။

ထို့အပြင် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ ဌာနဆိုင်ရာမှပုဂ္ဂိုလ်များနှင့် အလှူရှင်များလည်း တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က “ဒီဟာက ညွှန်ကြားချက်တွေနဲ့ ပြောရင် ဆန့်ကျင်တာပေါ့”ဟု Myanmar Now ကို ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရေး လူစုလူဝေးများ မပြုလုပ်ရန် မတ် ၁၃ တွင် စတင်အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် လူစုလူဝေးဖြစ်ပေါ်စေနိုင်သည့် ဘာသာရေးအခမ်းအနားများ၊ ပွဲလမ်းသဘင်များ၊ ရုပ်ရှင်ရုံ၊ ဘော်ဒါဆောင်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်ခြင်းမပြုရန် တားမြစ်ထားသည်။

အဆိုပါအမိန့်သည် မေလကုန်အထိ အသက်ဝင်နေမည်ဖြစ်သည်။

ရေချပူဇော်ပွဲကို တက်ရောက်ခဲ့သူ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “မထင်မှတ်ဘဲ လူနည်းနည်းလေးများသွားတယ်” ဟု ဆိုသည်။

“အစိုးရဲ့ လုပ်ငန်းခွင်တွေပါတယ်။ အခုက လုပ်ငန်းခွင်ပြန်စတဲ့သဘောပဲ။ ကိုဗစ်ဖြစ်တော့ ဗိုလ်တထောင်ဘုရားကြီး ဘက်စုံပြုပြင်တဲ့လုပ်ငန်းတွေကို ကျွန်တော်တို့ရပ်ထားခဲ့တယ်။ နိုင်ငံတော်ရဲ့လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်လို့ရပြီဆိုတော့ ဘက်စုံပြုပြင်မွမ်းမံတဲ့ လုပ်ငန်းအနေနဲ့ ပြန်လုပ်တာ။ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ကျန်းမာရေးနဲ့အညီ ဆောင်ရွက်ခဲ့တယ်။ အစ်မတော် မြနန်းနွယ် ရွှေ့တာတို့၊ ဘာတို့ပေါ့နော်”ဟု ဦးနိုင်ငံလင်းက ဆိုသည်။

ယင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်လည်း ပါဝင်ခဲ့ပြီး ၎င်းကို Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ဦးနိုင်ငံလင်းမှာ ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်ပြီး ဒေါ်မိုးမိုးစုကြည်မှာ ကော်မတီအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

အစိုးရညွှန်ကြားချက်များကို မလိုက်နာသဖြင့် တရားဟောဆရာ ဒေးဗစ်လားကဲ့သို့ ခရစ်ယာန်ဘာသာဝင်များနှင့် မန္တလေးမှ အစ္စလာမ်ဘာသာဝင်များကို အရေးယူနေသည့်အချိန်မှာပင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များက ဘာသာရေးအခမ်းအနားကျင်းပနေခြင်းကို ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

“သူများကို ခွင့်ပြုမထားရင် ကိုယ်ကိုယ်တိုင်လည်း မလုပ်ဖို့လိုတာပေါ့။ သူများကို ခွင့်မပြုဘူး။ ကိုယ်က လုပ်တယ်ဆိုတာတော့ အဆင်မပြေပါဘူး။ ဒါက မဖြစ်မနေ လုပ်ရမယ့်ကိစ္စလားပေါ့။ မဖြစ်မနေ လုပ်ဖို့လိုတဲ့ကိစ္စမဟုတ်ရင် ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ လိုပါတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

လူစုလူဝေးဖြစ်စေမည့် ပွဲလမ်းသဘင်များကို ‌ရှောင်ကြဉ်နေရပြီး နာရေးကိစ္စများကိုပင် အကျဉ်းချုံးဆောင်ရွက်နေရသည့်ကာလ၌ ရှင်ဥပဂုတ္တ ဖောင်တော်ရေချပူဇော်ပွဲ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် မည်သည့်ရည်ရွယ်ချက်ဖြင့် အခမ်းအနားလုပ်သလဲဟု မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မေးခွန်းထုတ်သည်။

“Mask (နှာခေါင်းစည်း) တပ်ပြီး ပွဲလုပ်လို့ရလားဆိုတာ နည်းနည်းတော့ ပြန်စဉ်းစားရမယ့်သဘော ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကမူ အစိုးရအနေဖြင့် ကူးစက်ရောဂါ မပြန့်ပွားစေရန် တားမြစ်မိန့်ထုတ်ပြန်ထားသော်လည်း ‘ငါပြောသလိုသာလုပ်၊ ငါလုပ်သလိုတော့ မလုပ်နဲ့’ ဟူသည့် အနေအထားဖြစ်နေသည်ဟု ဝေဖန်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အား အကြံအဉာဏ်ကောင်းပေးရမည့် တိုင်းဥပဒေချုပ် ဒေါ်ခင်မျိုးကြည်ကိုယ်တိုင်ပင် လူစုလူဝေးနှင့်ပြုလုပ်ခဲ့သည့် ဘာသာရေးအခမ်းအနား၌ ပါဝင်နေခြင်းကိုလည်း ဝမ်းနည်းမိသည်ဟု ဦးကျော်ဇေယျက ပြောသည်။

ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက မေလကုန်အထိ လူလေးယောက်ထက် မပိုရန်၊ လူစုလူဝေးမလုပ်ရန် ပြည်သူများအား အစိုးရက တားမြစ်ထားသည့်အလျောက် အစိုးရကိုယ်တိုင် လိုက်နာသင့်သည်ဟု တိုက်တွန်းသည်။

“သူဌေးတွေလည်း တော်တော်များများပါပါတယ်။ လုပ်မယ်ဆိုရင်လည်း လူနည်းနည်းနဲ့ပဲ လုပ်သင့်ပါတယ်။ ထုတ်ထားတဲ့ စည်းမျဉ်းဥပဒေက ကိုယ်ကတော့ ထုတ်ထားတယ်။ ဒါပေမယ့် ကိုယ်ကတော့ လိုက်နာစရာမလိုဘူးဆိုတဲ့သဘောမှာ သက်ရောက်နေပါတယ်”ဟု ဒေါ်မေစိုးက ပြောသည်။

ကပ်ရောဂါကာလအတွင်း လူစုလူဝေးမပြုလုပ်ရန် တားမြစ်မိန့်ကို ချိုးဖောက်သဖြင့် ထောင်သုံးနှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) ဖြင့် ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားကို မရမ်းကုန်းမြို့နယ် တရားရုံး၌ ဦးဖြိုးမင်းသိန်းဦးဆောင်သည့် တိုင်းအစိုးရအဖွဲ့ကပင် တရားစွဲဆိုထားပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

အလားတူ ခရစ်ယာန်ဘာသာရေးဆရာ ၃ ဦးကိုလည်း တိုင်းအစိုးရအဖွဲ့က မရမ်းကုန်းမြို့နယ် တရားရုံးနှင့် အင်းစိန်မြို့နယ်တရားရုံးများတွင် အမှုဖွင့် အရေးယူထားသည်။

တရားဟောဆရာ ဒေးဗစ်လားနှင့်အတူ တရားစွဲဆိုခံထားရသော ခရစ်ယာန်ဘာသာဝင်များသည် ဧပြီ ၇ က မရမ်းကုန်းမြို့နယ်ရှိ ညီအစ်ကိုများအသင်းတော်ပိုင် အခန်းတစ်ခန်းအတွင်း “လူစုလူဝေး” နှင့် နှစ်သိမ့် ဓမ္မတေး သီဆိုဆုတောင်းခဲ့သည်။

၎င်းတို့အပြင် နေအိမ်အတွင်း လူစုလူဝေးဖြင့် ဘာသာရေးဝတ်ပြုဆုတောင်းခဲ့သည့် မန္တလေး ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်အမျိုးသား ၁‌၂ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) အရ အလုပ်နှင့် ထောင်ဒဏ် သုံးလ ချမှတ်ခဲ့သည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ဧပြီ ၁၂ က လူစုလူဝေးဖြင့် ဘုန်းကြီးပျံပွဲ ပြုလုပ်ခဲ့သည့်အတွက် ဦးဆောင်ကျင်းပသူများကို တစ်ပတ်အကြာတွင် မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားကြောင်း Dawei Watch သတင်းဌာနက ဖော်ပြထားသည်။

Show More

Related Articles

Back to top button