သတင်း

စစ်တွေမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး လမ်းပေါ်တွင် ဓားထိုးခံရ၍ သေဆုံး

ပြည်နယ်အစိုးရရုံးစိုက်ရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ စက်ရုံစုရပ်ကွက် (ယခင်အခေါ် နာဇီရွာ) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ယနေ့နံနက်တွင် ဓားထိုးခံရပြီး သေဆုံးသွားသည်။

နာဇီရွာကို နာမည်ပြောင်းထားသည့် စက်ရုံစုရပ်ကွက် ၆ တွင်နေထိုင်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်သည် စစ်တွေမြို့ ကုန်သွယ်လမ်းနှင့် ပန်းခြံလမ်းထောင့် သုံးထပ်တိုက်အနီး ကွမ်းယာဆိုင်တွင် ကွမ်းဝယ်ယူနေစဉ် ဓားဖြင့်ထိုးခံခဲ့ရခြင်းဖြစ်သည်ဟု ဆေးရုံသို့လိုက်ပါကူညီ ပို့ဆောင်ပေးသူများက ပြောသည်။

အဆိုပါဖြစ်စဉ်အား မြင်တွေ့လိုက်ရသူများကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုရန်ငြင်းဆိုခဲ့ပြီး မသိရှိကြောင်းသာ ပြန်လည်ဖြေဆိုသည်။

တွေ့ရှိချက်အရ ထိုးသွင်းဒဏ်ရာ ၇ ချက်ခန့်ရှိပြီး ဒဏ်ရာများမှာ ရင်ဘတ်၊ နောက်ကျော၊ လည်ပင်း၊ လက်မောင်း၊ နားထင်နှင့် ဝမ်းဗိုက်တို့တွင် ထိုးခံထားရသည်။

လူတစ်ဦးဓားထိုးခံရသည်ဟုဆိုကာ ဖုန်းဆက် အကူအညီ တောင်းခံလာသဖြင့် သွားရောက်ခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်ကို သေဆုံးလျက်တွေ့ရှိရကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါ က ပြောသည်။

“ဘာဖြစ်လို့ အထိုးခံရတယ်ဆိုတာကိုတော့ မသိပါဘူး။ ကျွန်တော်တို့ကူညီခဲ့တဲ့ အပိုင်းကိုပဲ ပြောနိုင်တာပါ” ဟု ကိုမင်းထည်ဝါက ဆိုသည်။

ဦးသန်းလှိုင် ဓားဖြင့် မထိုးခံရမီ ပြီးခဲ့သည့်ရက်ပိုင်းက စက်ရုံစု (နာဇီ) ရပ်ကွက်ရှိ ကျူးကျော်နေထိုင်သူများကို နှင်မည်ဟု သတင်းထွက်ခဲ့ပြီး ကျူးကျော်နေထိုင်သူအများစုက မကျေနပ်ကြောင်း ဒေသခံများကပြောဆိုသည်။

သို့သော် ဦးသိန်းလှိုင်အသတ်ခံရမှုမှာ ယင်းအခြေအနေနှင့် ဆက်နွှယ်မှု ရှိမရှိကိုမူ မသိရှိရပေ။

အဆိုပါကျေးရွာမှာ ယခင်က မွတ်စလင်များနေထိုင်ခဲ့ပြီး ၂၀၁၂ ပဋိပက္ခဖြစ်စဉ်တွင် နာမည်ကြီးခဲ့သည့် ကျေးရွာဖြစ်ကာ ပဋိပက္ခကာလတွင် မီးလောင်ခဲ့သည့်နေရာဖြစ်သည်။ ယခုအခါ အဆိုပါနေရာတွင် ရခိုင်တိုင်းရင်းသားများ အများဆုံးရှိပြီး ၂၀၁၂ ပဋိပက္ခနောက်ပိုင်း လာရောက်နေထိုင်ကြသူများဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ Myanmar Now က ဦးသန်းလှိုင်ကို မေ ၂၀ တွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ဖူးပြီး ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရန် မြို့နယ်အဆင့်က အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။

ယခု လူသတ်မှုနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ် (၁) မြို့မရဲစခန်းသို့ Myanmar Now က ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်တွေမြို့တွင် နေထိုင်သော ပြင်ပဆောင်းပါးရှင်ကျော်လင်း ဂျင်ကလိဖြင့် ပစ်ခတ်ခံခဲ့ရသေးသည်။ ကိုကျော်လင်းမှာ မေ ၁၃ ညက နေအိမ်ရှေ့တွင် ဖုန်းပြောနေစဉ် လူနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်လာကာ ဂျင်ကလိဖြင့် ပစ်ခတ်သွား၍ ရင်ဘတ်ကို ထိမှန်ခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိသဖြင့် စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

ယင်းအပြင် ၂၀၁၈ စက်တင်ဘာကလည်း စစ်တွေမြို့ဝင်္ကပါကွင်း၌ မိသားစုနှင့်အတူ ပွဲဈေးတန်းတွင် ဈေးဝယ်နေသော စရဖတပ်ဖွဲ့ဝင် ကိုဖိုးလုံး (ခ) ဝင်းထိုက်မှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ယင်းအမှုနှင့် ပတ်သက်၍ ရခိုင် လူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားသည်။

Show More

Related Articles

Back to top button