
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နှင့်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသားငါးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ယနေ့ စစ်တွေခရိုင်တရားရုံးတွင် တရားစွဲတင်လိုက်ပြီဖြစ်သည်။
၎င်းတို့မှာ ဧပြီလအတွင်း တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည့် ကျောက်ဆိပ်ရွာသား ၃၈ ဦးအနက် ပြန်လွှတ်ပေးသူများထဲမပါဝင်ဘဲ ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်နေသည်ဟု ယူဆရသည့် မသင်္ကာစရာအချက်များ တွေ့ရှိရသည့်အတွက်ဟုဆိုကာ တပ်မတော်က ဖမ်းဆီးခဲ့သူများဖြစ်သည်။
အမှုဖွင့်ခံရသည့် လူငယ် ၅ ဦးမှာ ကျောက်ဆိပ်ရွာမှ အသက် ၂၄ နှစ်စီရှိကြသည့် ကိုညီညီအောင်၊ ကိုမျိုးလင်းဦးနှင့် ကိုမောင်ချေ၊ ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက်မှ ကိုမင်းစိုး (၃၈ နှစ်)နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂ နှစ်)တို့ဖြစ်ကြသည်။
တပ်မတော်က ထိုလူငယ် ၅ ဦးကို ဖမ်းဆီးစစ်ဆေးပြီးနောက် ဧပြီ ၂၃ တွင် ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထိုရဲစခန်းတွင် အမှုဖွင့်သည်။
ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် ဖမ်းဆီးထားသည့် ၎င်းတို့ ၅ ဦးကို ယနေ့နံနက် ၁၀ နာရီခန့်တွင် စစ်တွေ ခရိုင်တရားရုံးသို့ လုံခြုံရေး အစောင့်အကြပ်များဖြင့် ခေါ်ဆောင်လာခဲ့သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၅၂ (က) တို့ဖြင့် တပ်ရင်း ၅၅၀ မှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ပြီး တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်ဟု အမှုကိုကိုင်တွယ်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က Myanmar Now ကိုပြောသည်။
ပုဒ်မ ၅၀ (ည) သည် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိအပြင် ငွေဒဏ်ပါချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၅၂ (က) သည် အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
“သူတို့ အမှုကို မစစ်ခင် ဆက်စပ်တရားခံပြေး ရှိမရှိကို (ဇွန် ၅ ရက်မှာ) အရင်စစ်ဆေးမယ်။ အဲဒီမှာ တရားခံပြေး ရှိမရှိ အတည်ပြုပြီးမှ သူတို့အမှုကို စစ်ဆေးမှာပါ” ဟု ဦးကျော်ညွန့်မောင်က ပြောသည်။
စစ်တွေခရိုင်တရားရုံးအတွင်း ရခိုင်လူငယ် ၅ ဦးကို တရားစွဲတင်ရန် ပြင်ဆင်နေချိန်တွင် အပြင်ဘက်ရှိ မိသားစုဝင်များမှာ ငိုယိုနေကြသည်။
“ဘာမှအပြစ်မရှိဘဲ အိမ်ကိုလာပြီးဖမ်းသွားတာ။ သူတို့က ထွက်ပြေးရင်ပစ်မယ်ဆိုတော့ ဘယ်ကိုမှ မပြေးဘဲ ကိုယ့်အိမ်မှာကိုယ် အေးဆေးနေတာကို သူတို့ကဝင်ဖမ်းတာ” ဟု တရားစွဲဆိုခံရသူ ၅ ဦး ထဲမှ မျိုးလင်းဦး၏ဖခင် ဦးပညာဝံသက တပ်မတော်စစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်နေ့အကြောင်း ပြန်ပြောပြသည်။
၎င်းတို့ကို တပ်မတော်ကစစ်မေးရန် ပုဏ္ဏားကျွန်းရဲစခန်းမှ စစ်တွေသို့ ရေကြောင်းဖြင့်ခေါ်ဆောင်စဉ် တပ်မတော်သားအချို့က ၎င်းတို့အား ရေယာဉ်ပေါ် လက်ပြန်ကြိုးတုပ်၊ မျက်နှာကိုအဝတ်စည်းကာ ထိုးကြိတ် ကန်ကျောက်ပြီး စစ်မေးနေခဲ့သည့်ရုပ်သံဖိုင်တစ်ခုလည်း ပျံ့နှံ့ခဲ့သေးသဖြင့် လူမှုကွန်ရက်အသုံးပြုသူများအကြား များစွာဝေဖန်ခံခဲ့ရသည်။
ထို ရုပ်သံဖိုင် မေလဒုတိယပတ်အတွင်းပျံ့နှံ့လာခဲ့ပြီးနောက်တွင် ကျူးလွန်သူများမှာ တပ်မတော်သားများ ဖြစ်ကြောင်းနှင့် “ဥပဒေနှင့် မလျော်ညီစွာ” စစ်မေးခဲ့သူများအား စစ်စည်းကမ်းဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော် အရေးယူမည့် လူအရေအတွက်၊ ရာထူးအဆင့်အတန်းတို့ကို တပ်မတော်က ထုတ်ဖော်ပြောဆိုခြင်းမပြုသော်လည်း “တည်ဆဲဥပဒေအရ စစ်စည်းကမ်းအရ တိတိကျကျအရေးယူသွားမှာ ဖြစ်ပါတယ်” ဟု မေ၂၂ နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။
ဖမ်းဆီးခံရသူများ အရပ်ဘက်တရားစီရင်ရေးလမ်းကြောင်းပေါ်သို့ရောက်ရှိရန် နှောင့်နှေးခဲ့ရခြင်းမှာ အကြောင်းရင်းမျိုးစုံရှိနိုင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ပုံမှန်ရှိနေတဲ့ လမ်းပန်းဆက်သွယ်ရေးဆိုရင်တော့ ပြဿနာမရှိပါဘူး။ တရားဥပဒေအရ စစ်ဆေးတယ်၊ တရားစွဲတင်နိုင်ရေးဆောင်ရွက်တယ်ဆိုတာက ကားနဲ့ လွတ်လွတ်လပ်လပ်သွားလို့ရတယ်ဆို ပြဿနာမရှိဘူး။ သို့သော် အစောင့်ပါမှ သွားလို့ရမယ့် ပုံစံမျိုးတွေ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသမျိုးတွေမှာတော့ ကြန့်ကြာနိုင်ကောင်း ကြန့်ကြာနိုင်မှာဖြစ်တယ်”ဟု ၎င်းကပြောသည်။
ယခင်က ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားခဲ့သော်လည်း ယနေ့ တရားရုံးစစ်ဆေးမှုအပြီးတွင် ပုဏ္ဏားကျွန်းသို့ ပြန်မပို့တော့ဘဲ စစ်တွေထောင်ချုပ်တွင် ချုပ်ထားသည်ဟု မိသားစုဝင်များက ပြောသည်။
ဤသတင်းကို Myanmar Now ၏ သတင်းထောက် သန့်မြတ်ခိုင်က စစ်တွေမှ ပေးပို့ထားပြီး၊ သတင်းထောက် ဉာဏ်လှိုင်လင်းက ပါဝင်ကူညီရေးသားထားသည်။