သတင်း

ရခိုင်ရှိ ဒုက္ခသည်စခန်းတစ်ခု ပြောင်းရွှေ့တည်ဆောက်ရန် ကျပ်သန်း ၂၀၀၀ ကျော်သုံးမည်

၂၀၁၉/၂၀၂၀ ဘဏ္ဍာနှစ်အတွက် မသုံးစွဲလျှင်မဖြစ်သည့် ‘အရေးပေါ်ရန်ပုံငွေ’ ကျပ်ဘီလျံ ၅၀ အနက် ကျပ် နှစ်ဘီလျံကျော် (ကျပ်သန်း ၂၀၀၀ ကျော်) ကို ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်ဒုက္ခသည်စခန်းတစ်ခု ပြောင်းရွှေ့တည်ဆောက်ရေး သုံးစွဲရန် ပြည်ထောင်စုအစိုးရက ဆုံးဖြတ်လိုက်သည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အနှံ့ ပဋိပက္ခများဖြစ်ခဲ့ပြီးနောက် အသစ်ဖြစ်ပေါ်လာသည့် မွတ်စလင်ဒုက္ခသည်စခန်းများအနက် တစ်ခုအပါအဝင်ဖြစ်သော ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းကို နေရာအသစ် ပြန်လည်တည်ဆောက်ရာတွင် အဆိုပါ ကျပ်သန်း ၂၀၀၀ ကျော်ကို သုံးစွဲသွားမည် ဖြစ်သည်။

ယခုနှစ် မတ် ၁၈ က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပသည့် ‘ကျောက်တစ်လုံး အိုင်ဒီပီ (IDP) စခန်း ပိတ်သိမ်းရေး’ ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနက ထိုငွေကို သုံးစွဲခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် လွှတ်တော်က အတည်ပြုပေးရန် အဆိုပါ နယ်စပ်ရေးရာ ဒုဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်သန်းထွဋ်က ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လာရောက်ရှင်းလင်းခဲ့သည်။

အဆိုပါ ခွင့်ပြုရန်ပုံငွေအား လက်ရှိ ကျောက်တစ်လုံးအိုင်ဒီပီစခန်းကို ပိတ်သိမ်းကာ အသစ်တည်ဆောက်မည့် နေရာအသစ်တွင် နေအိမ် ၃၆၃ လုံး၊ စာသင်ကျောင်းနှင့် ရေလောင်းအိမ်သာ၊ ဘက်စုံသုံး ဂိုဒေါင်၊ ဆေးပေးခန်းနှင့် အုပ်ချုပ်ရေးမှူးရုံး၊ ရေရရှိရေးလုပ်ငန်း၊ မီးသွယ်တန်းခြင်း၊ ဆည်ဖို့ခြင်း၊ ကျောက်ချော လမ်းခင်းခြင်းနှင့် ပြန်လည်နေရာချထားမည့် မြေနေရာအား မြေလျော်ကြေး ပေးခြင်းများ‌ ဆောင်ရွက်ရာတွင် သုံးစွဲသွားမည် ဖြစ်သည်။

“ဖော်ပြပါ လုပ်ငန်းတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ အပ်ငွေလုပ်ငန်းအဖြစ် လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်သန်းထွဋ်က ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားသည်။

ယခုကဲ့သို့ ပြောင်းရွှေ့ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တွက်ချက်တင်ပြထားခဲ့ခြင်းဖြစ်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက သုံးစွဲခွင့်ရရှိသည့်ငွေကို ရခိုင်ပြည်နယ်အစိုးရက လက်ခံအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၃၆၃၊ လူဦးရေ ၁၀၁၀ ဦးခန့်‌ နေထိုင်လျက်ရှိပြီး ၎င်းတို့သည့် ၂၀၁၂ ခုနှစ် မတိုင်ခင်က ကျောက်ဖြူမြို့ အရာရှိရပ်ကွက်၊ ပိုက်သီရပ်ကွက်၊ တမံချောင်းရပ်ကွက်နှင့် ပြင်ဖြူမော်ရပ်ကွက်တို့တွင် နေထိုင်ကြသူများ ဖြစ်သည်။

အစိုးရက ယခုပြောင်းရွှေ့တည်ဆောက်ပေးမည့်နေရာမှာ မွတ်စလင်များနေထိုင်ခဲ့ရာ ယခင်နေရာများတွင် မဟုတ်ဘဲ လက်ရှိဒုက္ခသည်စခန်း၏ အရှေ့ဘက် နှစ်ဖာလုံခန့်ကွာဝေးသည့် နေရာတွင် ဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်က Myanmar Now ကို ပြောသည်။

“သူတို့တွေက မြို့ထဲမှာ ဟိုတစ်ကွက်၊ ဒီတစ်ကွက်၊ ဟိုနားဒီနားဆိုတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကလည်း ရောင်းချ၊ လွှဲပြောင်းပစ်လိုက်တာတွေလည်း ရှိတယ်။ နောက်ပြီးတော့ မြို့ထဲမှာ တည်ငြိမ်နေတဲ့ အခြေအနေကို နှစ်ဖက်စလုံးက လူပုဂ္ဂိုလ်တစ်ယောက်ချင်းကတော့ အကုန်လုံး အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီနေရာ (နေရာအသစ်) မှာ သူတို့အတွက် သပ်သပ်ရပ်ရပ်လေး နေရာထိုင်ခင်းလေး စီစဉ်ပေးထားလိုက်တယ်ဆိုတော့ ပိုပြီးတော့ အဆင်ပြေနိုင်တယ်ဆိုပြီးတော့ အကုန်လုံးက စဉ်းစားပြီးတော့ ဒါတွေကို စီစဉ်ကြတာ” ဟု ဦးဘရှိန်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေးသည် ‘ကိုဖီအာနန်ကော်မရှင်’၏ အကြံပြုချက်များအနက် တစ်ခုအပါအဝင်ဖြစ်သလို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ကြားဖြတ်အမိန့် (၄) ချက်တွင်လည်း ရိုဟင်ဂျာ မွတ်စလင်များကို ‘အသိအမှတ်ပြုရန်နှင့် လွတ်လပ်စွာသွားလာခွင့်ပြုရန်’ ဟူသည့် အချက်တစ်ချက် ပါရှိသည်။

ယခင်က မြို့ပေါ်ရပ်ကွက်တစ်ခုတွင် နေထိုင်ခဲ့ပြီး ယခု ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် ရောက်ရှိနေသူ ဦးဝင်းဇော်က “ပြန်လည်နေရာချထားရေးကိစ္စနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် ငြင်းခဲ့ပါတယ်။ ကိုယ့်အိမ်ကိုယ့်ယာ၊ ကိုယ်နေခဲ့တဲ့နေရာ၊ ကိုယ့်ရပ်ကွက်ကို ပြန်နေရာချပေးဖို့ ပြန်လည်နေရာချထားရေးအဖွဲ့တွေ လာတိုင်း အမြဲတမ်းတောင်းဆိုခဲ့တယ်၊ သူတို့က အချိန်ကာလတစ်ခုတော့ ယူရမယ်လို့ အမြဲတမ်းပြောတယ်” ဟု ဆိုသည်။

ကျောက်တစ်လုံးစခန်းတွေ နေထိုင်သူအများစုမှာ ကျောက်ဖြူမြို့ပေါ်ရှိ ၎င်းတို့ မူလနေထိုင်ခဲ့ရာနေရာများတွင် ပြန်လည်နေထိုင်လိုကြပြီး မည်သည့်နေရာသို့ ပြောင်းရွှေ့မည်ကိုလည်း တိတိကျကျ အကြောင်းကြားထားခြင်းမရှိဟု ဦးဝင်းဇော်က ဆိုသည်။

အစိုးရ၏ စာရင်းဇယားများအရ ရခိုင်ပြည်နယ်တွင် မွတ်စလင်ဒုက္ခသည်စခန်းပေါင်း (၁၆) ခု၊ လူဦးရေ ၅ ထောင်ခန့်ရှိပြီး ဒုက္ခသည်စခန်းများ ပိတ်သိမ်းရေးဆောင်ရွက်ရာတွင် ကျောက်တော်မြို့နယ်အတွင်းရှိ ‘နိဒင်’ ဒုက္ခသည်စခန်းကို ၂၀၁၈ ဩဂုတ်အတွင်း အပြီးပိတ်သိမ်းခဲ့သည်။

သို့သော် အဆိုပါ ဒုက္ခသည်စခန်းရှိ အိမ်ထောင်စု ၈၅ စုနှင့် လူဦးရေ ၅၀၀ ကျော်ကို မူလနေရာများတွင်မဟုတ်ဘဲ နိဒင်ကျေးရွာ အနောက်ဘက်ရှိ လယ်ကွင်းပြင်တွင် လုံးချင်းနေအိမ်များ ဆောက်လုပ်ပေးကာ နေရာချထားပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အိမ်ထောင်စု (၆၄၀) ကျော် လူဦးရေ (၃၀၀၀) ကျော်ရှိသော မြေပုံမြို့ တောင်ပေါ်ကယ်ဆယ်ရေးစခန်းကိုလည်း ပြောင်းရွှေ့နေရာချထားပြီးဖြစ်သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ယနေ့ လွှတ်တော်အစည်းအဝေးတွင် ရှင်းပြချက်အရ ၂၀၁၉/၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်း များနှင့် တိုင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့များအတွက် လျာထားသည့် အရေးပေါ် ရန်ပုံငွေကို ဘဏ္ဍာနှစ်အတွင်း ကြိုတင် မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအတွက် သုံးစွဲနိုင်သည်။

၂၀၁၉/၂၀၂၀ ဘဏ္ဍာနှစ်အတွက် အရေးပေါ်ရန်ပုံငွေ ကျပ်ဘီလျံ ၅၀ လျာထားသည့် အတွက် အရေးပေါ်ရန်ပုံငွေ ကျပ် ၄၇,၉၀၀ ဒသမ ၆၉၀ သန်း ကျန်ရှိနေသေးသည်။

ဤသတင်းကို Myanmar Now ၏ သတင်းထောက် သန့်မြတ်ခိုင်က ကူညီရေးသားထားသည်။

Show More

Related Articles

Back to top button