သတင်း

တရားဟောဆရာ ဒေးဗစ်လားကို ချုပ်ရမန်နှစ်ပတ်ယူပြီး အင်းစိန်အကျဉ်းထောင်သို့ပို့

ကပ်ရောဂါကာလအတွင်း လူစုလူဝေး မလုပ်ရန် တားမြစ်ထားသည်ကို ချိုးဖောက်သည့်အတွက် ထောင်သုံးနှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသော တရားဟောဆရာ ဒေးဗစ်လားကို မရမ်းကုန်းမြို့နယ် တရားရုံး၌ ချုပ်ရမန် နှစ်ပတ်ယူပြီး အင်းစိန်အကျဉ်းထောင်သို့ ယနေ့ ပို့ဆောင်လိုက်သည်။

စွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန် ကျန်ရှိနေသေးသည့်အတွက် ဇွန် ၃ အထိ အင်းစိန်အကျဉ်းထောင်၌ ချုပ်ထားရန် ရဲတပ်ဖွဲ့က ချုပ်မိန့်တောင်းသည့်အတွက် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမိုးဆွေက သတင်းမီဒီယာများကို ပြောသည်။

ကိုဗစ်နိုင်တင်း (COVID-19) ရောဂါ ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် လူစုလူဝေး မပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံး၏ မတ် ၁၃ ကြေညာချက် အပါအဝင် အစိုးရ၏ အရေးပေါ်တုံ့ပြန်ရေး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်သဖြင့် တရားဟောဆရာ ဒေးဗစ်လား အပါအဝင် လေးဦးကို အမှုဖွင့်အရေးယူရန် ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ ၁၄ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နောက် ဦးစောဒေးဗစ်(ခ) စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ်တေးသံသွင်း) တို့ကို မရမ်းကုန်း မြို့မရဲစခန်းတွင်လည်းကောင်း သင်းအုပ်ဆရာ စောကွယ်ဝါးနှင့် အမှုတော်ဆောင် စောရေဂန်ဒီတို့ကို အင်းစိန်မြို့မရဲစခန်း၌လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အသီးသီး အမှုဖွင့် တရားစွဲဆိုထားခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ကျူးလွန်သူကို ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၎င်းတို့လေးဦး ဦးဆောင်ပြုလုပ်ခဲ့သည့် ဘာသာရေးဆိုင်ရာ စုဝေးမှုများသို့ တက်ရောက်ခဲ့သူများ အပါအဝင် အနီးကပ်ထိတွေ့မှုရှိသူ အနည်းဆုံး ၇၂ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မေ ၁၉ တွင် ထုတ်ပြန်သည့် ကိုဗစ်နိုင်တင်းအခြေအနေအစီရင်ခံစာအရ သိရသည်။

ဒေးဗစ်လားနှင့် ဦးဝေထွန်းသည် ဧပြီ ၇ က မရမ်းကုန်းမြို့နယ်ရှိ ညီအစ်ကိုများအသင်းတော်ပိုင် ပေ ၂၀ ပတ်လည်ကျယ်ဝန်းသည့် အခန်းတစ်ခန်းအတွင်း လူစုလူဝေး နှင့် နှစ်သိမ့်ဓမ္မတေး သီဆိုဆုတောင်းပြီး လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့မှုကြောင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမိုးဆွေက ပြောသည်။

ဒေးဗစ်လားသည် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည့်အတွက် ဧပြီ ၁၄ မှစ၍ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံ၌ ကုသမှုခံယူခဲ့သည်။ ထို့နောက် ရောဂါပိုးကင်းစင်ကြောင်း နှစ်ကြိမ်ဆက်တိုက် ဓာတ်ခွဲအဖြေထွက်ရှိခဲ့သဖြင့် မေ ၇ တွင် ဆေးရုံဆင်းခွင့်ရကာ မေ ၁၉ အထိ ရန်ကုန်မြို့ရှိ City Hotel တွင် အသွားအလာကန့်သတ်မှု ခံယူခဲ့သည်။

အသွားအလာကန့်သတ်မှု ပြီးဆုံးသွားသည့်အတွက် တရားစွဲဆိုတင်နိုင်ရန် ရဲတပ်ဖွဲ့က ယနေ့တွင် ဒေးဗစ်လားကို ချုပ်ရမန်ရယူခဲ့ခြင်း ဖြစ်သည်။ ဒေးဗစ်လားနှင့်အတူ မရမ်းကုန်းမြို့မရဲစခန်း၌ အမှုဖွင့်ခံရသည့် ဦးဝေထွန်းကိုမူ ယနေ့ရုံးချိန်းတွင် မတွေ့ခဲ့ရပါ။

ဦးဝေထွန်း၏ အမှုနှင့် ပတ်သက်ပြီး မရမ်းကုန်းမြို့မရဲစခန်းနှင့် ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ထံ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပါ။

အလားတူပင် အင်းစိန်မြို့မရဲစခန်း၌ အမှုဖွင့်ခံထားရသည့် သင်းအုပ်ဆရာ စောကွယ်ဝါးသည်လည်း အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူပြီးစီးသည့်အတွက် ယနေ့မနက်ပိုင်းတွင် ရဲတပ်ဖွဲ့က အင်းစိန်မြို့နယ်တရားရုံးတွင် ဇွန် ၂ အထိ ချုပ်ရမန် ရယူခဲ့ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း အင်းစိန်မြို့မရဲစခန်းမှ အမှုစစ်အရာရှိ ရဲအုပ်လှအောင်က Myanmar Now ကို ပြောသည်။

သင်းအုပ်ဆရာ စောကွယ်ဝါးနှင့်အတူ အင်းစိန်မြို့မရဲစခန်း၌ အမှုဖွင့်ခံထားရသူ အမှုတော်ဆောင် စောရေဂန်ဒီမှာမူ ဝေဘာဂီအထူးကူဆေးရုံ၌ ဆေးကုသမှု ခံယူနေဆဲဖြစ်သည်ဟု ရဲအုပ်လှအောင်က ပြောသည်။

နေအိမ်အတွင်း လူစုလူဝေးဖြင့် ဘာသာရေးဝတ်ပြုဆုတောင်းခဲ့သည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်အမျိုးသား ၁‌၂ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀ (က) အရ တရားရုံးက အလုပ်နှင့် ထောင်ဒဏ် သုံးလ ကျခံရန် မေ ၇ တွင် အမိန့်ချမှတ်ခဲ့သည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ဧပြီ ၁၂ က လူစုလူဝေးဖြင့် ဘုန်းကြီးပျံပွဲ ပြုလုပ်ခဲ့သည့်အတွက် ဦးဆောင်ကျင်းပသူများကို ဧပြီလ ၂၀ ရက်နေ့တွင် မြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထား တရားစွဲဆိုထားကြောင်း Dawei Watch သတင်းဌာနက ဖော်ပြထားသည်။

ကိုဗစ်နိုင်တင်းရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်ပိုး ရှိမရှိ မြန်မာနိုင်ငံတွင် မေ ၂၀ အထိ လူပေါင်း ၁၅,၈၃၈ ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ပြီး ၁၉၃ ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ၎င်းတို့အနက် ခြောက်ဦး သေဆုံးခဲ့ပြီး ရောဂါပိုးကင်းစင်သဖြင့် ပြန်လည်သက်သာလာသူ ၁၀၄ ဦးရှိသည်ဟု ဝန်ကြီးဌာနက ဆိုသည်။ ရန်ကုန်တိုင်းအတွင်း ပိုးကူးစက်ခံရသူ ၁၄၉ ဦးဖြင့် တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်း အသီးသီးအနက် အများဆုံး ဖြစ်သည်။ 

Show More

Related Articles

Back to top button