သတင်း

ဗဟန်းရှိ ပြည်ခိုင်ဖြိုးပါတီဆေးခန်း ဖျက်သိမ်းပေးရန် တိုင်းအစိုးရညွှန်ကြား

ဆေးခန်းဖွင့်ရန်ဆိုကာ ပြည်သူပိုင်လမ်းနယ်နိမိတ်တွင် ဆောက်လုပ်ထားသော ဗဟန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏အဆောက်အအုံကို အပြီးတိုင်ဖယ်ရှားပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားထားကြောင်း ယင်းကော်မတီ တာဝန်ရှိသူကဆိုသည်။

လမ်းပိုင်နယ်မြေထဲကျရောက်နေပြီး ရန်ကုန်တိုင်းအစိုးရ၏ လမ်းချဲ့ရေးစီမံချက်ဆောင်ရွက်ရာတွင် မလွတ်ကင်းသဖြင့် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ‘ဖြိုးစေတနာ’ဆေးခန်းအဆောက်အအုံကို အပြီးဖျက်သိမ်းခိုင်းထားကြောင်း ဗဟန်းမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်ကပြောသည်။

အလျား ၇၂ ပေ၊ အနံ ၂၂ ပေ ခန့်ရှိ ယင်းအဆောက်အအုံကိုဖျက်သိမ်းပေးရန် ပါတီသို့ ငါးကြိမ်ခန့်စာပို့ ညှိနှိုင်းခဲ့သော်လည်း မေ ၁၆ မှစ၍ သုံးပုံတစ်ပုံခန့်သာဖျက်ပေးခဲ့ကြောင်း၊ ကျန်အဆောက်အအုံကို မဖျက်သိမ်းပါက ဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ သို့သော် ဖျက်သိမ်းရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်ကိုမူ ပြောဆိုခြင်းမရှိပေ။

ဗိုလ်စိန်မှန်ရပ်ကွက်ရှိ ဗိုလ်တေဇလမ်းနှင့် ငမောက်လမ်းကို တိုင်းအစိုးရ၏ဘတ်ဂျက် ကျပ်သိန်း ၁၂၀၀ ဖြင့် လမ်းတစ်ဖက်လျှင် လူသွားစင်္ကြံအပါအဝင် ၁၇ ပေခန့် တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ပြီး စက်တင်ဘာတွင် အပြီးဆောင်ရွက်ရမည်ဟု ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကပြောသည်။

“ဖျက်ပေးရမှာ အလုံးစုံဖျက်ပေးရမှာ။ ဟိုအဖီအစွယ်လေး ဒီအဖီအစွယ်လေး ချန်ထားလို့မရတော့ဘူး”ဟု ဖြိုးစေတနာဆေးခန်း ဖျက်သိမ်းပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို တင်ပြရာတွင် ပါဝင်သည့် ဦးထွန်းမြင့်ကဆိုသည်။

လမ်းတိုးချဲ့စီမံချက်ကြောင့် ဗိုလ်စိန်မှန်ရပ်ကွက်အတွင်းရှိ ဖြိုးစေတနာဆေးခန်းအပြင် ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်ထားသည့် ယာယီစာကြည့်တိုက်တစ်ခုလည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို ဆက်သွယ်မေးမြန်းရာ အသေးစိတ်မသိဟုသာ ပြန်လည်ဖြေကြားသည်။

ပြည်ခိုင်ဖြိုးအသင်းအဖြစ်ရှိစဉ်က ဖြိုးစေတနာဆေးခန်းများကို ၂၀၀၇ မှစ၍ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ အထိ ဆေးခန်း ၄၅ ခု ဖွင့်လှစ်ခဲ့သလို ပါတီအဖြစ် အသွင်ပြောင်းပြီး နောက်ပိုင်းတွင် ယင်းဆေးခန်းများကို ပါတီပိုင်အဖြစ် ဆက်လက်လုပ်ဆောင်ခဲ့သည်။

လမ်းနယ်နိမိတ်တွင် ဆောက်လုပ်ထားသော ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီဆေးခန်း (ဓာတ်ပုံ – ဦးဝင်းဗိုလ်)

ဗဟန်းမြို့နယ်တွင်မူ ဗိုလ်စိန်မှန်ရပ်ကွက် ဗိုလ်တေဇလမ်းတွင်တစ်ခု၊ ရေတာရှည်လမ်းဟောင်းနှင့် လမ်းသစ်ဆုံရာတွင် တစ်ခုရှိသည်။ ယင်းဆေးခန်းနှစ်ခုကို ၂၀၀၉ တွင် စတင်ဖွင့်လှစ်ခဲ့ကာ တစ်နှစ်တစ်ကြိမ်သက်တမ်းတိုး အခွန်ဆောင်နေခြင်းဖြစ်သော်လည်း ၂၀၁၆ မှစ၍ ဆက်လက်ပြီး သက်တမ်းတိုးလုပ်ဆောင်ခြင်း မရှိတော့သဖြင့် တရားမဝင်အဆောက်အအုံအနေဖြင့်သာ ဆက်ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူထံမှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၀ (ခ)အရ ကော်မတီက စည်းကမ်းသတ်မှတ်၍ ခွင့်ပြုထားသည့် မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်များ သက်တမ်းကုန်ဆုံးပြီးနောက် အသစ်ထပ်မံလျှောက်ထားရယူခြင်းမရှိဘဲ အဆောက်အအုံဆောက်ထားပြီး ဆက်လက်နေထိုင်ပါက နေ့စဉ်ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်သုံးသောင်းအထိ ချမှတ်ရမည်ဟု ပါရှိသည်။

ယင်းဥပဒေအရ ဖြိုးစေတနာဆေးခန်းများကို ဒဏ်ရိုက်အရေးယူမှု ရှိမရှိကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအား ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။

ယင်းဆေးခန်းအများစုမှာ ပြည်သူပိုင်မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအခါတွင် ဆေးခန်းအဖြစ် မရှိတော့ဘဲ အခြားလုပ်ငန်းများကို ပြန်လည်ငှားရမ်းထားသည်ကို တွေ့ရှိရသည်။

ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်းနှင့် လမ်းသစ်ထောင့်ရှိ ‘ဖြိုးစေတနာ’ဆေးခန်းသည် အောက်ထပ်တွင် စက်ဘီးပြင်ဆိုင်၊ ဗီဒီယိုအခွေငှားဆိုင်နှင့် ကွမ်းယာဆိုင်များ ဖွင့်လှစ်ရောင်းချနေသည်ကို တွေ့ရသည်။

ပြည်ခိုင်ဖြိုးပါတီက လူမှုရေးအသင်းအဖြစ်ရှိစဉ်က တည်ထောင်ခဲ့သည့် ဖြိုးစေတနာဆေးခန်းအဆောက်အအုံများအပါအဝင် နိုင်ငံပိုင်မီးစက်ကို အခမဲ့လွှဲပြောင်းအသုံးပြုနေမှု၊ ရန်ကုန်ရှိ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဘဏ်(MICB) နေရာကို အသင်းပိုင်အဖြစ်သို့ ပြောင်းလဲမှုများအပေါ် ရန်ကုန်တိုင်းလွှတ်တော်တွင် ဝေဖန်ထောက်ပြမှုများရှိနေသည်။

Show More

Related Articles

Back to top button