သတင်း

မတ္တရာတွင် ကင်းလှည့်စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကင်းလှည့်စစ်ကားတစ်စီး ယနေ့ (မေ ၂၉) နံနက်တွင် မိုင်းခွဲ တိုက်ခိုက်ခံရပြီး ၃ ဦး အနည်းဆုံး သေဆုံးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

ကျောက်တံတားကျေးရွာ စာသင်ကျောင်းရှေ့တွင် ကင်းလှည့်ရာမှ ပြန်လာသော Double Cab အမျိုးအစား စစ်သုံးယာဉ် ရပ်ထားစဉ် အသင့်ထောင်ထားသော မိုင်းများ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု မတ္တရာမြို့နယ်ပကဖ စစ်ရေးတာဝန်ခံက ပြောသည်။

“ကားက မိုင်းကွင်းပေါ်မှာ လာရပ်တဲ့အချိန် ဖြစ်သွားတာ၊ ကားပေါ်မှာက ယာဉ်မောင်းရယ်၊ စက်လက်သမားရယ်နဲ့ နောက်တစ်ယောက်ရယ် ရှိနေတာ၊ ၅ ယောက်လောက်က ခပ်လှမ်းလှမ်းမှာ ရောက်နေတာ။ ကားပေါ်က ၃ ယောက် သေသွားတယ်” ဟု သူက ဆိုသည်။

မိုင်းထိသည့် စစ်သားနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးမှာ ဦးခေါင်းဒဏ်ရာဖြင့် မတ္တရာဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု သိရကြောင်း မတ္တရာပကဖဘက်က ပြောသည်။

ထိုကင်းလှည့်ကားသည် အဆိုပါနေရာတွင် ပုံမှန်ရပ်နားလေ့ရှိသဖြင့် ကြိုတင်ပြင်ဆင် မိုင်းထောင်ခဲ့ခြင်း ဖြစ်ပြီး စာသင်ကျောင်းနှင့် အနည်းငယ် လှမ်းသည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားများ မကြာခဏ ချုံခိုတိုက်ခိုက်ခံရသည့်ဖြစ်ရပ်မျိုးကို အာဏာသိမ်းစစ်ကောင်စီက သတင်းအမှောင်ချထားတတ်သည်၊ မတ္တရာတိုက်ခိုက်မှုတွင် သေဆုံးသည့် အရေအတွက်ကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မန္တလေးမြို့နှင့် မိုင် ၂၀ ခန့်သာ ဝေးသည့် မတ္တရာမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နယ်မြေစိုးမိုးနိုင်ရေးအတွက် မကြာခဏ စစ်ကြောင်းထိုးခြင်း၊ ကင်းပတ်ခြင်းများ လုပ်ဆောင်လေ့ရှိပြီး၊ မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့များက အခွင့်အခါသင့်တိုင်း ပြောက်ကျားတိုက်ခိုက်တတ်သည်။

ယမန်နေ့ (မေ ၂၈) တွင်လည်း မတ္တရာမြို့နယ်အရှေ့ပိုင်း ကျေးရွာတစ်ခုဖြစ်သည့် မြောင်းဦးကျေးရွာသို့ စစ်ကောင်စီ၏ အင်အား ၆၀ ခန့်ပါသည့် စစ်ကြောင်းတစ်ခု ရောက်ရှိလာချိန်တွင် ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။

မေ ၂၄ နှင့် ၂၅ ရက်တို့တွင်လည်း မတ္တရာမြို့နယ်အနောက်ခြမ်းနှင့် စဉ့်ကူးမြို့နယ်ကြားတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်ရေးလေယာဉ်များ လေးကြိမ် ပစ်ကူပေးခဲ့ရသည်။

ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲအထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းများသို့ ရိက္ခာထောက်ပံ့နေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ ပြင်းထန်ခဲ့သည်၊ ထိုနှစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရာမှ ၂၅ ရက် ညနေတွင် တိုက်လေယာဉ်များက လေကြောင်းပစ်ကူပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့၏ မြောက်ဘက်ကပ်လျက် မြို့နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများ စိပ်လာသည့်အတွက် စစ်ကောင်စီတပ်က နည်းမျိုးစုံဖြင့် တိုက်ခိုက်နေသည်။

မန္တလေးဒေသတွင် လှုပ်ရှားသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အများအပြားသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့၏ ထိန်းချုပ်နယ်မြေတွင် စစ်ပညာသင်ယူခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button