
နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေများတွင် ကိုဗစ်နိုင်တင်း (COVID-19) ရောဂါကူးစက်မှု မဖြစ်အောင် ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်နေသော်လည်း ကူးစက်လူနာများ ရှိလာပါက ကုသပေးရန် အခက်အခဲရှိကြောင်း လက်နက်ကိုင်အဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။
အဆိုပါလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်နယ်မြေများတွင် ရောဂါပိုးတွေ့သူ ဧပြီ ၂၉ အထိ မတွေ့ရှိရသေးကြောင်း အဆိုပါအဖွဲ့များက ပြောသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ကျန်းမာရေး အသိပညာပေးမှုများ ပြုလုပ်နေပြီး သံသယလူနာနှင့် ရောဂါ ကူးစက်ခံရသူများ ရှိလာပါက အနီးဆုံးအစိုးရ ဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်ထားသည်ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။
“လူထုက စားဝတ်နေရေး တအားလိုအပ်တယ်။ မြို့နယ်တိုင်းလိုလိုမှာ ကြုံနေရတာ။ ဖြစ်သလိုပဲ နေနေကြတာတွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့ အပြည့်အဝ မကူညီနိုင်ဘူး။ နောက်ပြီး ရောဂါကာကွယ်ဖို့ ဆက်စပ်ပစ္စည်းတွေ အများကြီး လိုအပ်တယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောသည်။
သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ရေးထိုးထားသည့် ၁၀ ဖွဲ့အနက် တစ်ဖွဲ့ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တအားင် (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) သည် ၎င်းအခြေချရာ နယ်မြေများအတွင်း ရောဂါခြေချုပ်စခန်း ၃၃ ခု ဖွင့်လှစ်ထားက တရုတ်နိုင်ငံနှင့် ပြည်တွင်းမှ ပြန်ရောက်လာသူ ၁၃၀ ဦးကို ကွာရန်တင်းထားပြီး ကျန်းမာရေး စောင့်ကြည့်နေသည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
NCA လက်မှတ်မထိုးထားသည့် TNLA အနေဖြင့်လည်း ရောဂါတားဆီးရေးနှင့် ကြိုတင်ကာကွယ်ရေးတို့ကိုသာ အဓိက လုပ်ဆောင်နေပြီး ကူးစက်လူနာများ ရှိလာပါက ကုသပေးနိုင်သည့်နေရာ မရှိသည့်အတွက် အစိုးရဆေးရုံများသို့သာ ပို့နိုင်ရန် စီစဥ်ထားကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်တို့အနေနဲ့က အပူချိန်တိုင်းနိုင်တဲ့ အဆင့်ပဲ လုပ်နိုင်တယ်။ သီးခြား စီစဉ်ထားတာတွေတော့ မရှိဘူး။ ကျွန်တော်တို့က တိုက်ပွဲဖြစ်နေတဲ့ သူပုန် ဖြစ်နေတယ်။ အောက်ခြေမှာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး နေမကောင်းသူတွေရှိရင် အစိုးရဆေးရုံ ပို့နိုင်အောင်တော့ စီစဉ်ထားပါတယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် လူဝင်လူထွက်များသည့် ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူး၊ တန့်ယန်းမြို့နယ်တို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တောင်ပိုင်းသို့ သွားလာသည့် မူဆယ်၊ လားရှိုး၊ မိုင်းရယ်၊ ဝမ်ဟိုင်း၊ မိုင်ရှူး၊ တာချီလိတ်နှင့် ကျိုင်းတုံ လမ်းကြောင်းတစ်လျှောက် ပိုးသတ်ဆေးဖျန်းခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းတို့ကို ပြုလုပ်နေသည်ဟု SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆု ပြောသည်။
“ထိုင်းက ပြန်လာတဲ့သူတွေက တာချီလိတ်ကနေ ကျေးသီးမြို့နယ်ကို တော်တော်များများဝင်နေတယ်လို့ ကြားတယ်။ သူတို့ကို ရွာအပြင်မှာ ကွာရန်တင်းထားဖို့ စီစဉ်ထားပေမယ့် ဘယ်နေရာတွေရှိမလဲဆိုတာ ရှာနေတုန်းပါ။ တချို့ကတော့လည်း တောထဲကနေ ခြေကျင် ခိုးဝင်လာကြတော့ ထိန်းချုပ်ဖို့ ခက်ခဲတယ်” ဟု ဗိုလ်မှူးစိုင်းဆုက ပြောသည်။
ရှမ်းပြည်နယ်အတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ပြန်လာသူ ထောင်ချီ ရှိသောကြောင့် SSPP လှုပ်ရှားနယ်မြေအတွင်း သံသယလူနာနှင့် ကူးစက်လူနာများ ရှိလာပါက ၎င်းတို့ ကုသမပေးနိုင်ကြောင်း ဗိုလ်မှူးစိုင်းဆုက ပြောသည်။
အစိုးရဆေးခန်း မရှိသော ဝေးလံခေါင်သီသည့် နေရာများ၌ ကိုဗစ်နိုင်တင်းကာကွယ်ရေးကိစ္စများ ဆောင်ရွက်ရန် ကြိုးစားရာတွင် တပ်မတော်၏ အောက်ခြေတပ်သားများက ကန့်သတ်မှုများ ရှိသဖြင့် အစိုးရက အသစ်ဖွဲ့လိုက်သည့်ကော်မတီ၏ ညှိနှိုင်းပေးမှု လိုအပ်သည်ဟု TNLA နှင့် SSPP တို့၏ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။
“ခွဲစိတ်ခန်း လုပ်တာတို့၊ ရောဂါတွေ့တဲ့လူတွေကို ပို့ဆောင်တဲ့အခါမှာ အခက်အခဲမရှိစေဖို့၊ အစိုးရကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့ နေရာတွေပေါ့။ သူတို့ မရောက်နိုင်တဲ့နေရာတွေသွားရင် ကျွန်တော်တို့ကို ယုံဖို့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နိုင်မယ်လို့ ထင်ပါတယ်” ဟု SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ဒေသတို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိနေရာ အဆိုပါနေရာများတွင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးထက် စစ်ဘေးရှောင်အရေးကိစ္စများမှာ ပိုမိုများပြားနေသည်။
“မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူဝါဒ
ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်ပြီး “လူမျိုး၊ ဘာသာ ခွဲခြားခြင်း၊ နေထိုင်ရာဒေသ ခွဲခြားခြင်း အလျှင်းမရှိဘဲ” နိုင်ငံတော်ပိုင်နက်အတွင်း နေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ (No one left behind Policy) အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ကော်မတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေများတွင် ကိုဗစ်နိုင်တင်းရောဂါဆိုင်ရာ အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် NRPC ၏ လမ်းညွှန်ချက်နှင့်အညီ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု သမ္မတရုံးထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကိုဗစ်နိုင်တင်းရောဂါဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ နယ်စပ်ဝင်ပေါက်များမှ ဝင်လာသူများကို စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်း၊ သံသယလူနာများနှင့် ထိတွေ့သူများကို ရှာဖွေဖော်ထုတ်ခြင်း၊ ရောဂါလက္ခဏာပြသူများကို ကုသပေးခြင်းတို့ကို ညှိနှိုင်းဆောင်ရွက်ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ကျွန်တော်တို့ အနေနဲ့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေရော၊ မထိုးရသေးတဲ့အဖွဲ့တွေနဲ့ရော ဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်မှာ။ ကျွန်တော်တို့ကို မဆက်သွယ်လာတဲ့အဖွဲ့တွေကိုတော့ ကျွန်တော်တို့ မလုပ်ပေးနိုင်သေးဘူး။ ဥပမာ AA တို့လို တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့ကတော့ ကျွန်တော်တို့ကို မဆက်သွယ်လာတော့ သူတို့ အခြေအနေတွေကိုတော့ ကျွန်တော်တို့မသိရဘူး” ဟု ကော်မတီ ဒုဥက္ကဋ္ဌ ဦးခင်ဇော်ဦးက ပြောသည်။
လက်ရှိတွင် ငြိမ်းချမ်းရေးကော်မရှင်ထံသို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ RCSS/SSA ၊ UWSA၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDDA-မိုင်းလား) တို့က ၎င်းတို့ လုပ်ဆောင်နေမှုများကို အသိပေးကြောင်း ၎င်းက ဆိုသည်။
“အရေးပေါ်လူတွေ တွေ့ရင် ဘယ်လိုဆောင်ရွက်ရမလဲလို့ (တိုင်းရင်းသားလက်နက်ကိုင်တွေက) မေးပါတယ်။ သံသယလူနာတွေကို အနီးဆုံးပြည်သူ့ဆေးရုံကို ပို့နိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်ပေးထားပါတယ်။ လောလောဆယ်အထိတော့ သံသယလူနာ မရှိသေးပါဘူး။ ဆောင်ရွက်ရမယ့်ဟာတွေကိုတော့ သူတို့ (တိုင်းရင်းသားလက်နက်ကိုင်တွေ) ဆီ ဆက်သွယ်ပေးပို့ထားပါတယ်”ဟု ဦးခင်ဇော်ဦးက ပြောသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကိုဗစ်နိုင်တင်းရောဂါ စတင်ဖြစ်ပွားနေချိန်ကတည်းက UWSA သည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းရှိ ၎င်း၏ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ကိုဗစ်နိုင်တင်းကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ဟု ၎င်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောသည်။ UWSA သည် NCA လက်မှတ်မထိုးထားသောအဖွဲ့ဖြစ်သည်။
တရုတ်နိုင်ငံသို့ သွားလာနိုင်သည့် နယ်စပ်ဂိတ်များ အပါအဝင် မြန်မာနိုင်ငံပြည်မနှင့် ဆက်သွယ်ထားသည့် ဂိတ်များကိုလည်း ပိတ်ထားသည့်အပြင် တောလမ်းများမှ အဝင်အထွက်မရှိစေရန်လည်း ဆောင်ရွက်ထားသည်ဟု ဦးညီရန်းက ဆိုသည်။ ဧပြီလ ၂၈ ရက်အထိ ‘ဝ’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ကိုဗစ်နိုင်တင်းရောဂါ သံသယလူနာများ မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။
တရုတ်-မြန်မာနယ်စပ်အခြေစိုက် KIA ကလည်း ၎င်းတို့၏ ဌာနနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် စစ်ရှောင်စခန်းများတွင် အဝင်အထွက် ပိတ်ပင်ထားပြီး ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိပါက ၎င်းတို့၏ ကိုယ်ပိုင်ဆေးရုံတွင် ကုသနိုင်ရန် ပြင်ဆင်ထားသည်ဟု ဟု KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လက်ရှိတွင် NCA လက်မှတ်မထိုးထားသော KIA ထိန်းချုပ်နယ်မြေအတွင်း ရောဂါခြေချုပ်စခန်းတွင် လူပေါင်း ၂၀ ခန့်ကို ကျန်းမာရေးစောင့်ကြည့်နေကြောင်းလည်း ၎င်းက ဆိုသည်။
ကိုဗစ်နိုင်တင်းရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်အန္တရာယ်နှင့် ပတ်သက်ပြီး ၎င်း၏ ထိန်းချုပ်နယ်မြေများအတွင်း လူထုကို အသိပညာပေးသည့် လုပ်ငန်းများ၊ ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးသည့် ကိရိယာများ (Test Kits) နှင့် ရောဂါကူးစက်ခံထားရသူ ရှိလာပါက အသုံးပြုရန် အောက်ဆီဂျင်စက်များကိုလည်း အသင့်ပြင်ဆင်ထားသည်ဟု ၎င်းက ပြောသည်။
ခုတင် ၁၀၀ ဆံ့လိုင်ဇာဆေးရုံအပြင် ကိုဗစ်လူနာတွေကို သီးသန့်ထား ကုသပေးရန် အထူးကြပ်မတ်ကုသဆောင် ၁၄ခန်း ပါဝင်သည့် ခုတင် ၁၁၀ ဆံ့ သီးသန့်ဆေးရုံတစ်ခုကိုလည်း ပြင်ဆင်နေသည်ဟု KIA ၏ ကျန်းမာရေးဌာန ဗိုလ်မှူးကြီး ဒေါက်တာဟိန်ဝေါမ်က ပြောသည်။
သံသယလူနာများ၏ အာခေါင်၊ နှာခေါင်းတို့ဖတ်နမူနာတို့ကို တရုတ်ပြည်ရှိ ဓာတ်ခွဲခန်းတစ်ခုသို့ ပို့ဆောင်စစ်ဆေးသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
သို့သော်လည်း ကျန်းမာရေး အထောက်အကူပစ္စည်းများနှင့် ဆေးပစ္စည်း ကိရိယာများ လိုအပ်နေဆဲ ဖြစ်ကြောင်း KIA က ဆိုသည်။
“စစ်ရှောင်စခန်းမှာ နေရတဲ့လူတွေအတွက် စားရေးသောက်ရေးကိစ္စအတွက် ကျွန်တော်တို့လည်း ပြင်ဆင်ထားပါတယ်။ နယ်စပ်ဒေသမှာ လိုအပ်တာက ဆေးရုံက အဓိက ပေါ့နော်။ ကူးစက်ရောဂါတွေကုဖို့ ဆေးရုံတွေ မရှိဘူး။ လူနာတွေတွေ့လို့ရှိရင် သုံးပြုရမယ့်ဆေးဝါးတွေနဲ့ ဆက်စပ်တာတွေကတော့ လိုအပ်ပါသေးတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အစိုးရက အသစ်ဖွဲ့စည်းလိုက်သည့် ကိုဗစ်နိုင်တင်းညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန်မှာမူ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
NDAA (မိုင်းလားအဖွဲ့) ၏ ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) တွင်လည်း ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးလုပ်ငန်းများကို ဇန်နဝါရီလကတည်းက ဆောင်ရွက်နေပြီး လူစုလူဝေး ဖြစ်ပွားစေမည့် နေရာများကို ပိတ်ပင်ထားသည်ဟု အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးခင်အောင်က ပြောသည်။
NDAA မိုင်းလားအဖွဲ့က လူထောင်ချီ ကွာရန်တင်းထားကာ စောင့်ကြည့်ရန် ရိက္ခာ အခက်အခဲရှိသည်ဟု ပြောဆိုလာသဖြင့် ရိက္ခာ ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း ဦးခင်ဇော်ဦးက ပြောသည်။
ဧပြီ ၂၉ အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၅၀ ဦးရှိပြီး ၎င်းတို့အနက် ၆ ဦးမှာ သေဆုံးခဲ့ကာ ၁၆ ဦးမှာ ပြန်လည်သက်သာလာပြီ ဖြစ်သည်။ လူဦးရေ ၇,၆၀၀ ကျော်ကို ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ပြီး စောင့်ကြည့်နှင့် သံသယလူနာ ၂,၉၀၀ ကျော် ရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။