သတင်း

တရားဟောဆရာ ဒေးဗစ်လားအပါအဝင် ၄ ဦးအမှု ရုပ်သိမ်းထားခြင်းမရှိ

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် တရားစွဲခံထားရသည့် တရားဟောဆရာ စောဒေးဗစ်လား အပါအဝင် ၄ ဦးအမှုကို ရုပ်သိမ်းရန် ညွှန်ကြားထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက Myanmar Now ကို ပြောသည်။

အဆိုပါ ၄ ဦးအမှုနှင့်ပတ်သက်၍ မည်သည့်ညွှန်ကြားချက်မှ မရှိသေးသလို ရုပ်သိမ်းထားခြင်းလည်း မရှိသေးကြောင်း အဆိုပါ ကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။

“ညွှန်ကြားချက်တွေ လာရင် ကျွန်မတို့ တရားဝင်ကြေညာမှာပါ။ အခုချိန်ထိ ဘာမှ မရှိသေးပါဘူး” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။

ကိုဗစ်နိုင်တင်း (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်သည်ဟုဆိုကာ ဦးဆောင်ပြုလုပ်သူ နာမည်ကျော် တရားဟောဆရာ ဒေးဗစ်လားအပါအဝင် ၄ ဦးကို ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ ၁၄ တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ညွှန်ကြားချက်များကို မလိုက်နာဘဲ ‘လူစုလူဝေး’ ပြုလုပ်ခဲ့သည့်အတွက် သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနှင့် အမှုတော်ဆောင် ဦးစောရောဂန်ဒီတို့ကို အင်းစိန်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး တရားဟောဆရာ ဦးစောဒေးဗစ်(ခ) စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့ကို မရမ်းကုန်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

၎င်းတို့ကို အမှုဖွင့်ကြောင်း ကြေညာပြီး တစ်ရက်တည်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အင်းစိန်မှ လူတစ်စုရောဂါပိုးတွေ့ရှိမှုမှ ရန်ကုန်တိုင်းအစိုးရ၏ ထပ်ဆင့် လုပ်ဆောင်ချက်ကြောင့် ပြည်သူများစိတ်ဝမ်းကွဲရခြင်းသည် အလွန်ဝမ်းနည်းစရာကောင်းကြောင်း သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

“ဒေါသတွေကိုဖျောက်ကြပါ။ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌအနေနဲ့ ကျွန်မဒီကိစ္စကို မှန်ကန်မျှတအောင် ဖြေရှင်းဖို့ တာဝန်ယူပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။

ထို့နောက် တရားဟောဆရာ ဒေးဗစ်လား အပါအဝင် လေးဦး၏ အမှုကို ရုပ်သိမ်းလိုက်ပြီဟူသော ကောလာဟလသတင်းများမှာ ပြည်သူလူထုကြား လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။ အမှုရုပ်သိမ်းလိုက်ပြီဟူသည့် သတင်းမှားကို စတင်ဖြန့်သူမှာ Ne Ya Byutt ဟူသည့် Facebook Account မှဖြစ်ပြီး Group များတွင်လည်း ၎င်း၏ နောက်လိုက်များက ထပ်မံဖြန့်ဝေခြင်းများ လုပ်ခဲ့သည်။

“ဒီလိုပြောဆိုနေတာတွေအပေါ် ကျွန်တော်တို့အနေနဲ့ မှတ်ချက်ပေးစရာမရှိပါဘူး” ဟု ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

Show More

Related Articles

Back to top button