သတင်း

ဧပြီ ၁၁ ဓာတ်ခွဲစစ်ဆေးမှုတွင် ကိုဗစ်နိုင်တင်းလူနာ ၁၀ ဦးထပ်တွေ့၊ ရောဂါပိုးရှိသူ ၃၈ ဦးထိရောက်ရှိ

ကိုဗစ်နိုင်တင်းရောဂါ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်တိုးမြှင့် စစ်ဆေးလိုက်သည့် ဧပြီ ၁၁ တွင် ရောဂါပိုးရှိသူ ၁၀ ဦးအထိရှိခဲ့ပြီး ယနေ့နံနက် ၂ နာရီအထိထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါပိုးရှိသူ ၃၈ ဦးအထိရှိပြီဖြစ်သည်။

ဧပြီ ၁၁ ရက်တွင် စောင့်ကြည့်လူနာ ၂၃၀ ဦး၏ ဓာတ်ခွဲနမူနာများကို ရယူစစ်ဆေးခဲ့ရာတွင် ၁၀ ဦး၌ရောဂါပိုးတွေ့ရှိရပြီး ကျန် ၂၂၀ တွင်ရောဂါပိုးမတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဧပြီ ၁၁ ည ၈ နာရီတွင် ၁၆၇ ဦး၏ ဓာတ်ခွဲစစ်‌ဆေးမှုရလဒ်ကို ထုတ်ပြန်ခဲ့ပြီး ၁၆၄ ဦးတွင် ရောဂါပိုးမရှိဘဲ ၃ ဦးတွင်သာ ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန် ၆၃ ဦး၏ဓာတ်ခွဲအဖြေကို ယနေ့နံနက် ၂ နာရီတွင် ဆက်လက်ထုတ်ပြန်ရာ ၇ ဦးတွင်ရောဂါပိုး တွေ့ရှိရခြင်းဖြစ်သည်။

ယနေ့နံနက်ထုတ်ပြန်သည့် ကိုဗစ်နိုင်တင်းလူနာသစ် ၇ ဦးစလုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်သည်။

လှည်းကူးမြို့နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားလူနာမှာ လွန်ခဲ့သည့် သုံးလက တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ရာ မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများတွင် တရုတ်နိုင်ငံမှ ပြန်လာသူတစ်ဦးကို ပထမဆုံးတွေ့ရှိခြင်းဖြစ်သည်။

လူနာနံပါတ် ၀၃၄၊ ၀၃၅၊ ၀၃၆ နှင့် ၀၃၇ တို့လေးဦးမှာ နိုင်ငံခြားသားများ ပါဝင်သော ဘာသာရေးအခမ်းအနားတစ်ခုသို့ အတူတက်ရောက်ခဲ့သည့် ရာဇဝင်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါလူနာများနေထိုင်သည့် အင်းစိန်မြို့နယ်၊ ရပ်ကွက်နှစ်ခုရှိလမ်းများကို အသွားအလာကန့်သတ်မည်ဖြစ်ပြီး လမ်းအမည်နှင့် ရပ်ကွက်အမည်များကိုမူ အသွားအလာကန့်သတ်ပြီးမှသာ ပြောမည်ဟု အင်းစိန်မြို့နယ်မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် ကပြောသည်။

“ကျွန်တော်တို့ အခုမှစပြီး ပြင်ဆင်ကြတုန်းခင်ဗျ ဒီမနက်မှသိကြတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့အားလုံး အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေကြပါတယ်” ဟု ၎င်းကဆိုသည်။

အင်းစိန်ဆေးရုံကြီးမှ လူနာအားလုံးကို ဝေဘာဂီဆေးရုံကြီးသို့ လွှဲပြောင်းပြီးဖြစ်ကြောင်း၊ လူနာနံပါတ် ၀၃၄၊ ၀၃၅၊ ၀၃၆ နှင့် ၀၃၇ တို့လေးဦး သွားရောက်ခဲ့သည့် ဘာသာရေးအခမ်းအနားကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။

ထပ်မံတွေ့ရှိသော ကိုဗစ်နိုင်တင်း လူနာများတွင် အသက်အငယ်ဆုံးမှာ ၂၀ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၇၈ နှစ်ဖြစ်သည်။

ဧပြီ ၁၂ ရက်နေ့နံနက် ၂ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသူ ၃၈ ဦးရှိပြီး ၃ ဦးသေဆုံးခဲ့သည်။ 

Show More

Related Articles

Back to top button