
သတင်းမှားများ ဖြန့်နေသည့် ကွန်ရက်ဖွဲ့ထားသည့် လူတစ်စုသည် ဝက်ဘ်ဆိုက်အသစ်များ ထပ်မံဖွင့်လှစ်ကာ သတင်းမှားများဖြန့်ဝေနေသည်ကို တွေ့ရသည်။ Myanmar Now က တွေ့ရှိထားသည့် အဆိုပါ ကွန်ရက်၏ နာမည်ကြီး ဝက်ဘ်ဆိုက်များ ပိတ်ခံလိုက်ရပြီးနောက် ယခုကဲ့သို့ ဝက်ဘ်ဆိုက်အသစ်များ ဖွင့်လာခြင်းဖြစ်သည်။
ကွန်ရက်ချိတ်ဆက်ကာ သတင်းမှားများဖြန့်ဝေနေသည့် ဝက်ဘ်ဆိုက်များအကြောင်းကို Myanmar Now က ရေးသား ဖော်ပြပြီးသည့်နောက် အဆိုပါဝက်ဘ်ဆိုက်များကို ပိတ်သိမ်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားခဲ့သည်ကို တွေ့ရှိရသည်။
လတ်တလော တွေ့ရှိထားသည့် ဝက်ဘ်ဆိုက်အသစ်များမှာ myanmartips, စွယ်စုံကျမ်း, thinkmyanmar, zenmyanmar တို့ဖြစ်သည်။ ယခင်သတင်းမှားများဖြန့်ခဲ့သည့် ဝက်ဘ်ဆိုက်များကဲ့သို့ အကောင့်တုများစွာဖြင့် အဖွဲ့ဝင် သန်းနှင့်ချီရှိသည့် Facebook Group များမှဖြန့်ဝေနေကြခြင်းဖြစ်သည်။ ထို့အပြင် ဝက်ဘ်ဆိုက်ပုံစံများနှင့် သတင်းမှားဖြန့်ဝေမှုပုံစံများသည်လည်း အတူတူပင်ဖြစ်သည်။
၎င်းတို့မှာ ပြီးခဲ့သည့် မတ်လအတွင်းကမှ စတင်အသက်ဝင်လာသည့် ဝက်ဘ်ဆိုက်များဖြစ်ကြသည်။ myanmartips ဆိုသည့် ဝက်ဘ်ဆိုက်ကို မတ် ၂၇ မှ ဝက်ဘ်ဆိုက်ကို စတင်ပြုဖွင့်လှစ်ထားပြီး thinkmyanmar ဝက်ဘ်ဆိုက်သည် မတ် ၃၊ zenmyanmarဝက်ဘ်ဆိုက်သည် မတ် ၂၇ နှင့် စွယ်စုံကျမ်း ဝက်ဘ်ဆိုက်သည် ဖေဖော်ဝါရီ ၆ ရက်တွင် ဖွင့်လှစ်ထားကြခြင်းဖြစ်သည်။ ထို့အပြင်၎င်း တို့နှင့်အတူ သတင်းမှားများဖြန့်ဝေနေသည့် tatinhtoo ဝက်ဘ်ဆိုက်သည် ၂၀၁၈ တွင်ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း မတ် ၂၇ တွင် စတင် လှုပ်ရှားလာသည်ကို တွေ့ရသည်။
သတင်းမှားဖြန့်ဝေမှု အများဆုံးဖြစ်သည့် myanmartips ဝက်ဘ်ဆိုက် သည် စတင်ပြုလုပ်သည့် မတ် ၂၇ မှ ဧပြီ ၈ အထိ ၁၀ ရက်တာ ကာလအတွင်း ကိုဗစ်နိုင်တင်း (COVID-19) နှင့်ပတ်သက်သည့် သတင်းမှား သတင်းတု သတင်းယောင် ၁၀ ခုထက်မနည်းဖြန့်ဝေခဲ့သည်ကိုတွေ့ရသည်။ အများစုသည် ကိုဗစ်နိုင်တင်းနှင့် ပတ်သက်သည့် ကာကွယ်ဆေး၊ ကုသဆေးဆိုင်ရာ သတင်းမှားများနှင့် ကျန်းမာရေးဝန်ကြီးဌာနကို အထင်အမြင်လွှဲမှားစေသည့်သတင်းမှားများဖြစ်သည်။
အဆိုပါသတင်းမှားများတွင် ပျံ့နှံ့မှုအများဆုံးဖြစ်ခဲ့သည့် သတင်းမှားမှာ “COVID 19 ကိုရိုနာ ရောဂါပျောက်ကင်းနိုင်တဲ့ ဆေးတစ်မျိုး မြန်မာနိုင်ငံ တွင်တွေ့ရှိ” ဆိုသည့် သတင်းမှားဖြစ်သည်။ အဆိုပါအကြောင်းအရာကို Facebook လူမှုကွန်ရက်တွင် ပြန်လည်ဖြန့်ဝေသည့်ကြိမ်ရေ နှစ်သောင်း လေးထောင်ကျော်အထိ ရှိခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်သည့် WHO ကထုတ်ပြန်ထားသည်တွင် ကိုဗစ်နိုင်တင်းကို ကုသနိုင်သည့် ဆေး မရှိသေးပေ။ ထို့ပြင် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ကိုဗစ်နိုင်တင်းကုသနိုင်သည့်ဆေး တွေ့ရှိကြောင်း ထုတ်ပြန်ခြင်းမရှိပေ။
အဆိုပါ အကြောင်းအရာတွင် ပါရှိသည့် Chlorofos (Chloroquine Phosphate) ဆိုသည့် ဆေးသည် တခြားနိုင်ငံများတွင်လည်းရှိပြီး ကိုဗစ်နိုင်တင်းကုသမှု တချို့တွင် အဆိုပါဆေးဝါးကို နည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုကြသော်လည်း ကိုဗစ်နိုင်တင်း ပျောက်ကင်းသည်ဆိုသည့် တိကျသည့် သုတေသနပြုချက်များမရှိသေးပေ။
ထိုအကြောင်းအရာကိုပင် ထပ်မံပြီး “ရောဂါကာကွယ်ဆေးကို ရှာတွေ့ပါပြီလို့ ကျန်းမာရေးဝန်ကြီး သတင်းကောင်းပေးပြီ” ဟု ခေါင်းစဉ်ပြောင်းလဲကာ သတင်းမှားကို ထပ်မံဖြန့်ဝေခဲ့ပြီး ပြန်လည်မျှဝေမှုအကြိမ် တစ်သောင်းနီးပါး ထိရှိခဲ့သည်။ ကျန်းမာရေးဝန်ကြီးအနေဖြင့် ရောဂါကာကွယ်ဆေးတွေ့ပြီဖြစ်ကြောင်း ယနေ့အထိ မထုတ်ပြန်သေးပေ။
thinkmyanmar, zenmyanmar, စွယ်စုံကျမ်း, tatinhtoo ဆိုသည့် ဝက်ဘ်ဆိုက်များသည်လည်း ရောဂါကာကွယ် ဆေး၊ ကုသဆေး များနှင့်ပတ်သက်သည့် သတင်းတုများကို ပုံစံအမျိုးမျိုးဖြင့်ဖြန့်ဝေနေကြသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနညွှန်ကြားမှုဖြင့် ပိတ်ခံထားရသည့် သတင်းမှားဖြန့်ဝေနေသည့် သတင်းမှားဝက်ဘ်ဆိုက်များမှာ Facebook မှတစ်ဆင့် ဆက်လက်ဖြန့်ဝေနေဆဲပင်ဖြစ်သည်။ ယခင်က သတင်းမှားအများအပြားဖြန့်ဝေလေ့ရှိသည့် E.T.S ဆိုသည့် Every Time Story ဝက်ဘ်ဆိုက်နှင့် Innlay Media ဝက်ဘ်ဆိုက်များသည် ဆက်လက်လှုပ်ရှားနေဆဲပင် ဖြစ်သည်။
၎င်းတို့သည် Facebook ၏ Instant Articles ချိတ်ဆက်ထားသည့်အတွက် အစိုးရက ပိတ်ပင်ထားသော်လည်း ဝက်ဘ်ဆိုက်မှ အကြောင်းအရာများကို Facebook ၏ Instant Articles တွင် အလွယ်တကူ ဖတ်ရှုနေနိုင်ဆဲ ဖြစ်သည်။