သတင်း

အမေရိကန်ပြန် နံပါတ် (၄) ပိုးရှိလူနာ ထပ်မံစစ်ဆေးရာ ပိုးမတွေ့တော့

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားသည့် အမေရိကန်နိုင်ငံသား မြန်မာလူမျိုး လူနာ နံပါတ် (၄) ကို ကုသစစ်ဆေးလျက်ရှိရာ ယနေ့ (ဧပြီ ၂) ဆေးစစ်ချက်အဖြေအရ (Negative) ပိုးမတွေ့ရတော့ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က Myanmar Now ကို ပြောသည်။

လေးယောက်မြောက် ပိုးတွေ့လူနာမှာ အမေရိကန်နိုင်ငံသားခံယူထားသည့် မန္တလေးမြို့ မြရည်နန္ဒာ တိုက်တန်းတွင် နေထိုင်သည့် အမျိုးသားဖြစ်ပြီး မတ် ၂၇ တွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရီကာဗာ (Recover (ပြန်ကျန်းမာ) လို့တော့ ပြောလို့မရဘူးပေါ့၊ ဒီနေ့ Negative (ပိုးမတွေ့) စထွက်ပြီ၊ နှစ်ကြိမ်ထွက်တဲ့အထိ စစ်ရမှာ။ နှစ်ကြိမ်လုံး Negative ဖြစ်ရမယ်၊ Sign and Symptom (ရောဂါလက္ခဏာ) တွေ သက်သာရမယ်။ စုစုပေါင်း ၇၂ နာရီထင်တယ် (အတိအကျတော့ ကျွန်တော်ပြန်ကြည့်ရမယ်) ဆက်တိုက် (အဲဒီကာလ) အတွင်း အဖျားမရှိရဘူး။ အဆုတ်မှာဖြစ်နေတဲ့ လက္ခဏာတွေ လျော့ပါးသွားရမယ်။ အဲ့ဒါတွေအကုန်ကိုက်ညီမှ ပြောလို့ရမှာပါဟု ဒေါက်တာခင်ကျော်က ဆိုသည်။

လက်ရှိတွင်လည်း လူနာမှာ သက်သာကောင်းမွန်နေပြီး၊ ဖြစ်စတွင် အောင်ဆီဂျင်ပမာဏများစွာ ပေးထားရရာမှ ပမာဏ ဖြည်းဖြည်းချင်းလျော့ကျခဲ့ပြီး၊ အောင်ဆီဂျင်ပင် ပေးရန်မလိုတော့သည်အထိ ကောင်းမွန်နေကြောင်းနှင့် ရောဂါလက္ခဏာများမှာလည်း သက်သာလျက်ရှိကြောင်း သိရသည်။

အဆိုပါလူနာ၏ ဓာတ်ခွဲနမူနာများကို ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းသို့ ထပ်မံပေးပို့ စစ်ဆေးရန် ရှိနေပြီး၊ မနက်ဖြန် (ဧပြီ ၄) တွင် အဖြေသိရနိုင်မည်ဖြစ်သည်။

၎င်းအမျိုးသားနှင့် နေထိုင်နေသူ မိသားစုဝင်ငါးဦးတို့ကို နဒီမြန်မာဟိုတယ်တွင် သွားလာ ကန့်သတ်စောင့်ကြည့်လျက်ရှိပြီး၊ အမျိုးသမီးဖြစ်သူကို ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်လျက်ရှိကာ ၎င်းတို့မိသားစု နေထိုင်ခဲ့သည့် (မမ-၂၇၊ အမှတ် ၆) တစ်တိုက်လုံးကို သွားလာကန့်သတ် စောင့်ကြည့်နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button