
မြဝတီရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) မနက်ဖြန် ပိတ်ပြီ
ထိုင်း-မြန်မာနယ်စပ် မြဝတီရှိ ချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လာနေသည့် ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ယနေ့ (မတ် ၂၅ ) နောက်ဆုံးထားပြီး ဝင်ခွင့်ပြုခဲ့သည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Myanmar Now ကို ပြောသည်။
ယနေ့ တံတားဖွင့်ချိန် မနက် ၆ နာရီမှ ညနေ ၆ နာရီခွဲ ကျော်အထိ လူဦးရေ ၄,၅၀၀ ခန့် ဖြတ်သန်းဝင်ရောက်ခဲ့သည်ဟု ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။
မတ် ၂၁ မှ ယနေ့အထိ ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း ၂၂,၀၀၀ ကျော် ဝင်ခွင့်ပြုခဲ့ပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူထားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၎င်းတို့၏ နေရပ် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ကားများဖြင့် ပို့ဆောင်ပေးနေသည်ဟု ဦးတေဇာအောင်က ဆိုသည်။
ကိုဗစ်နိုင်တင်း ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ၎င်းတို့ နေထိုင်အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံတွင်လည်း ဧရိယာအလိုက် အသွားအလာပိတ်ပင်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ရန်ရှိသည်ကို ကြားသိသဖြင့် ၎င်းတို့၏ ဗီဇာသက်တမ်းကျော်လွန်မည်ကို စိုးရိမ်ကာ ပြန်လာကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
အချိန်မီ ဝင်ခွင့်မရလိုက်သော အလုပ်သမားများ၏ အလုပ်သမားဗီဇာအမျိုးအစားအားလုံးကို ကင်းလွတ်ခွင့်ပေးရန် စီစဉ်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ (မဲဆောက်မြို့တာဝန်ခံ) ဦးဝေလင်းမောင်က ပြောသည်။ ယနေ့ သို့မဟုတ် မနက်ဖြန် (မတ် ၂၆) တွင် သံရုံးက တရားဝင်ထုတ်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။
“ထိုင်းဘက်က ဒီချိန်ကာလ ပြန်ခွင့်မပေးတဲ့အတွက် ဗီဇာကင်းလွတ်ခွင့်ပေးထားတာ” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမားဗီဇာ သုံးမျိုးရှိပြီး ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ၏ အဆိုအရ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၄ သန်းခန့် ရွှေ့ပြောင်းအလုပ်လုပ်နေကြောင်း သိရသည်။
(စန္ဒာဉာဏ်)
ကိုဗစ်နိုင်တင်း စိုးရိမ်မှုကြောင့် တရားရုံး၌ အမှုကြားနာစစ်ဆေးခြင်းများ ရွှေ့ဆိုင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ တရားရုံးအသီးသီးတွင် အမှုကြားနာစစ်ဆေးခြင်းများကို ရွှေ့ဆိုင်းကြောင်း တရားရုံးများက ထုတ်ပြန်နေသည်။
ဆိုင်းငံ့မည့် အချိန်အသီးသီးမှာ အောက်ပါအတိုင်းဖြစ်သည်။
စစ်ကိုင်း၊ ချင်း၊ – မတ် ၂၅ မှ ဧပြီ ၂၄
ကယား – မတ် ၂၅ မှ ဧပြီ ၃၀
မန္တလေး၊ ကချင်၊ ပဲခူး – မတ် ၃၀ မှ ဧပြီ ၂၄
ဧရာဝတီ – မတ် ၃၀ မှ ဧပြီ ၉
ရခိုင် – မတ် ၃၁ မှ ဧပြီ ၂
မွန်- မတ် ၃၁ မှ ဧပြီ ၈
ရန်ကုန်၊ တနင်္သာရီ၊ မကွေး၊ ကရင် – မတ် ၃၀ မှ ဧပြီ ၃၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ် – မတ် ၃၁ မှ ဧပြီ ၉
ရှမ်း – မတ် ၃၁ မှ ဧပြီ ၃၀
နေပြည်တော် – မထုတ်ပြန်သေး
ရန်ကုန်တိုင်းရှိ တရားရုံးအသီးသီးတွင် လာမည့် တနင်္လာနေ့ (မတ် ၃၀) မှ ဧပြီလကုန်အထိ ရုံးချိန်းများ ဆိုင်းငံ့မည် ဖြစ်သည်။ ရုံးချိန်းများအတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ တရားရုံး အသီးသီးက စေလွှတ်သော ကိုယ်စားလှယ် တရားသူကြီးတစ်ဦးစီက အလှည့်ကျ အင်းစိန်အကျဉ်းထောင်သို့သာ သွားရောက်ပြီး နေ့စဉ် ရုံးချိန်းပေးရန် ရန်ကုန်တိုင်း တရားလွှတ်တော်က စီစဉ်ထားသည်။
“နေ့တိုင်းသွားရမှာပဲ။ ရုံးချိန်းတွေက နေ့တိုင်းရှိနေတာ။ တိုက်ရိုက် ရုံးချိန်းပေးရမယ်။ တရားခံကို မျက်ကွယ်မှာ ပေးလို့ မရဘူး။ သူ့ရှေ့မှာ ပေးရမယ်။ သူလည်း သိရမယ်။ သူ့ကို လည်း ရုံးချိန်း ပေးရမယ်။ သူ မဟုတ်မဟုတ် ဒီတရားခံ ဟုတ် မဟုတ် စစ်ရမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး တရားရေး ဦးစီးမှူးနှင့် ရန်ကုန်တိုင်းတရားလွှတ်တော်၏ မီဒီယာပြန်ကြားရေးခေါင်းဆောင် ဦးကျော်စွာငြိမ်းက Myanmar Now ကို ပြောသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ညွှန်ကြား၍ ရွှေ့ဆိုင်းခြင်း မဟုတ်ဘဲ တိုင်းတရားသူကြီးတစ်ယောက်၏ ဆင်ခြင်တုံတရားနှင့် ဆုံးဖြတ်ပိုင်ခွင့်အရ အကျဉ်းထောင်တွင်းမှ အချုပ်ဖြင့် တရားရင်ဆိုင်နေရသော အချုပ်သားများကို ငဲ့ညှာပြီး ရုံးချိန်းများ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဦးကျော်စွာငြိမ်းက ပြောသည်။
“သူတို့တွေ လူစုလူဝေးနဲ့ ထုတ်လာရင် (ဝုန်းဝုန်းဝုန်း) နဲ့ သူတို့ ထုတ်လာမယ်…အပြင်က လူတွေနဲ့ ထိတွေ့မယ်။ သံတိုင်တွေ ထိတွေ့မယ်။ ဟိုဟာကိုင် ဒီဟာကိုင်နဲ့ ဖြစ်နေမှာပဲ။ အဲဒီလိုကိုင်ပြီးတော့ ဒီရောက်သွားရင် (ကူးစက်သွားရင်) သူတို့က တစ်ဆင့် (ထောင်) ထဲမှာ ထောင်သားတွေ အများကြီးပဲ ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘူး။ အဓိကတော့ သူတို့ကို အပြင်မထုတ်ချင်တာ၊ သူတို့ အကျိုးကျေးဇူးအတွက်ပါ” ဟု ၎င်းက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် လက်ဆေးစင်ပေါင်း ၇၉၀ ခု တပ်ဆင်ထားပြီး အပူချိန်တိုင်း ကိရိယာ ၁၅၅ ခု ရှိကြောင်း မြန်မာနိုင်ငံအကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ခန့်မှန်းခြေအားဖြင့် အကျဉ်းသားဦးရေ ၈၀,၀၀၀ ဝန်းကျင် ရှိကြောင်း ၎င်းက ပြောသည်။
(ခင်မို့မို့လွင်)
ကိုဗစ်နိုင်တင်း အန္တရာယ်ရှိသော်လည်း ပြည်တွင်းဘဏ်များ ဝန်ဆောင်မှုဆက်လက်ပေးနေမည်
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည့် ဖြစ်စဉ်များရှိသော်လည်း ပြည်တွင်းဘဏ်များသည် ဘဏ်ဖွင့်ရက်အတိုင်း ဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ပေးနေမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။
မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြုကာ ငွေလွှဲ ငွေပို့ရာတွင် သတ်မှတ်ထားသည့် ပုံမှန်ပမာဏထက် တိုးမြှင့်ခွင့်ပြုပေးထားကြောင်းနှင့် ဘဏ်ခွဲများတွင်သာမက အလိုအလျောက်ငွေထုတ်စက် (ATM) များတွင် ငွေပြတ်လပ်မှု မရှိအောင် စီစဉ်ထားရန် ဘဏ်များကို ညွှန်ကြားထားကြောင်း ဗဟိုဘဏ်၏ မတ် ၂၄ ထုတ်ပြန်ချက်က ဆိုသည်။
သို့သော်လည်း မလိုလားအပ်သည့် လူစုလူဝေး မဖြစ်စေရန်နှင့် ကိုရိုနာဗိုင်းရပ်ကူးစက်နိုင်သည့် အခြေအနေများ မဖြစ်ပေါ်လာစေရန် အစီအမံများကိုမူ ဘဏ်များဘက်က ကိုယ်တိုင်လုပ်ဆောင်ရမည်ဟု ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က Myanmar Now ကို ပြောသည်။
ဘဏ်ဝန်ထမ်းများနှင့် ဘဏ်သို့လာရောက်သူများအတွက် လက်သန့်ဆေးရည်များ ထားပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပြီးမှ ဝင်ရောက်ခွင့်ပြုခြင်း၊ ထိတွေ့မှု ရှောင်ရှားနိုင်ရန်အတွက် ထိုင်ခုံနေရာများ ချဲထားပေးခြင်း စသည့်အချက်များကို ဘဏ်များက ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ဘဏ်တာဝန်ရှိသူများက ပြောသည်။
“ဝန်ထမ်းတွေအတွက်လည်း တောက်လျှောက် သတင်းအချက်အလက်တွေ ပေးနေတယ်။ ဝန်ထမ်းတွေကို ပြောထားတာက မဖြစ်မနေ mask တွေ တပ်ရမယ်။ ငွေထုတ်ကိုင်ထားပြီးတိုင်း (အရက်ပြန်) သတ်မှတ်ပမာဏ ပါတဲ့ လက်သန့်ဆေးရည်နဲ့ ဆေးရမယ်။ အလုံအလောက်လည်း ထားပေးထားတယ်” ဟု CB ဘဏ်မှ အထွေထွေမန်နေဂျာ ကိုဇေယျာကျော်က ပြောသည်။
နိုင်ငံတစ်ဝန်း ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်တွင်လည်း ဝန်ထမ်းများကို ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ထားကြောင်း၊ ဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေအတွက်လည်း ဌာနတွင်း ဖွဲ့စည်းထားသည့် ကော်မတီဖြင့် စောင့်ကြည့်စစ်ဆေးနေကြောင်း၊ ဝန်ထမ်းများကို အလုပ်ချိန်ခွဲပြီး တစ်လှည့်စီ လုပ်ခွင့်ပြုထားကြောင်း စသည်ဖြင့် ဘဏ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
(ဟေမာန်ပြည့်)
ကျောက်ဖြူတွင် ကိုဗစ်နိုင်တင်း စောင့်ကြည့်လူနာ သုံးဦးရှိ
ရခိုင်ပြည်နယ် ကျောက်ဖြူဆေးရုံတွင် ထိုင်းနှင့် မလေးရှားနိုင်ငံများမှ ပြန်ရောက်လာသည့် လူငယ် ၃ ဦးကို ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စောင့်ကြည့်နေသည်ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က Myanmar Now ကို ပြောသည်။
၎င်းတို့ သုံးဦးအနက် တစ်ဦးမှာ ထိုင်းနိုင်ငံမှ မတ် ၂၀ တွင် ပြန်ရောက်လာသူဖြစ်ပြီး ကျန်နှစ်ဦးမှာ မတ် ၂၃ တွင် မလေးရှားနိုင်ငံမှ ပြန်ရောက်လာခြင်း ဖြစ်သည်။ ၎င်းတို့သုံးဦးမှာ ကျောက်ဖြူမြို့နယ် တိုင်းချောင်းရွာ၊ ရွှေညိုမရွာနှင့် ရတနာရွာတို့မှ အသီးသီးဖြစ်သည်ဟု ဦးစိုးမိုးကျော်က ပြောသည်။
“နိုင်ငံခြားက လူတွေပြန်လာရင် စစ်ဆေးဖို့ အုပ်ချုပ်ရေးမှူးတွေကို စာထုတ်ထားလို့ စစ်ဆေးကြတာ၊ စောင့်ကြည့်တာကတော့ သူတို့ (ဆရာဝန်များ) လိုအပ်လို့ စောင့်ကြည့်တာဖြစ်မှာပါ” ဟု ဦစိုးမိုးကျော်က ပြောသည်။
မတ် ၁၃ မှစ၍ ကျောက်ဖြူမြို့နယ်သို့ နိုင်ငံခြားမှ လာရောက်သူ ဒေသခံများနှင့် နိုင်ငံခြားသားများကို လေဆိပ်၊ ကားဂိတ် စသည့်နေရာများတွင် စောင့်ကြည့်စစ်ဆေးနေသည်ဟု ဆိုသော်လည်း အစစ်အဆေးမခံရဘဲ ရွာများသို့ ရောက်လာသူများ ရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆေးရုံများသို့ ခေါ်ဆောင်သွားရကြောင်း ၎င်းက ပြောသည်။
ဦးစိုးမိုးကျော်၏ အချက်အလက်များအရ မတ် ၁၃ ရက်မှ မတ် ၂၅ အထိ နိုင်ငံခြားမှ ပြန်လာသူ ဒေသခံ ၄၆ ဦးရှိပြီး နိုင်ငံခြားသား ခြောက်ဦးရှိသည်ဟု သိရသည်။
(အောင်ငြိမ်းချမ်း)
အသွားအလာ ကန့်သတ်စောင့်ကြည့်မှုအတွက် စီစဉ်ထားသည့် ရန်ကုန်ရှိ နေရာများ
ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လာသူများအား အသွားအလာကန့်သတ်ပြီး စောင့်ကြည့်မှုများ ပြုလုပ်ရန် ရန်ကုန်တိုင်းအတွင်းရှိ တရားရိပ်သာ၊ ဘုန်းကြီးကျောင်း၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ ဟိုတယ်များနှင့် အားကစားလေ့ကျင့်ရေးကျောင်းတို့ကို ပြင်ဆင်ပေးထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက Myanmar Now ကို မတ် ၂၄ တွင် ပြောသည်။
ယင်းနေရာများမှာ မှော်ဘီမြို့ရှိ ဓမ္မဒူတဆေကိန္ဒာရာမ တရားရိပ်သာကျောင်း၊ လှိုင်တက္ကသိုလ်နယ်မြေရှိ ပညာရေးဝန်ထမ်းများ အိမ်ရာ၊ တောင်ဒဂုံ သီရိဂုဏ်ဝေပထမဗိမာန် ဘုန်းကြီးကျောင်းနှင့် အောင်မင်္ဂလာအဝေးပြေးဂိတ်အနီးရှိ ဟိုတယ်တစ်ခုတို့ ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁,၀၀၀ ဝန်းကျင် ထားရှိနိုင်မည်ဟု သိရသည်။
ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် တာမွေမြို့နယ်ရှိ လူဦးရေ ၁၅၀ ဆန့် ဧရာဝတီဘဏ်လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ လူဦးရေ ၅၀ ဆန့် ဘောလုံးအကယ်ဒမီသင်တန်းကျောင်းတို့ကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်မှုအတွက် အသုံးပြုထားပြီး အစားအသောက်ကိုလည်း အခမဲ့စီစဉ်ပေးထားသည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မီဒီယာဌာနတာဝန်ခံ ဦးဇော်မင်းထိုက်က Myanmar Now ကို ပြောသည်။ လက်ရှိတွင် အဆိုပါ နေရာနှစ်ခု၌ ပြည်ပမှ ပြန်လာသူ ၆၆ ဦး လက်ခံပြီး ဖြစ်သည်ဟု သိရသည်။
အဆိုပါနေရာများအပြင် ရန်ကုန်မြို့ရှိ ဟိုတယ် ၇ ခု ကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်မှုအတွက် စီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောသည်။
ဟိုတယ် ၅ ခုတွင် အခန်းပေါင်း ၃၁၅ ခန်း ရှိပြီး ပြည်ပမှ ပြန်လာသူများ နေထိုင်နိုင်ကြောင်း၊ နံနက်စာ၊ နေ့လယ်စာ၊ ညစာ အပါအဝင် အခန်းခ ၃၅,၀၀၀ မှ ၄၅,၀၀၀ ကျပ်ခန့်သာ ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကျန် ဟိုတယ် ၂ ခုပေါင်းတွင် အခန်း ၂၀၀ ရှိပြီး ရန်ကုန်ဆေးရုံကြီးနှင့် ဝေဘာဂီဆေးရုံတို့မှ ဆရာဝန်များအတွက် အခမဲ့ စီစဉ်ပေးထားသည်ဟုလည်း ဦးခင်အောင်ထွန်းက ပြောသည်။
ပြည်ပမှ ပြန်လာသူများအနေဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်မှုကို လက်ခံပြီး COVID-19 ရောဂါ မပြန့်ပွားအောင် ထိန်းချုပ်ကာကွယ်မှုကို အစိုးရနှင့် အပြည့်အဝ ပူးပေါင်းကူညီပေးရန်လိုသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက မတ် ၂၄ တွင် Myanmar Now ကို ပြောသည်။
“တချို့တွေက quarantine မလုပ်ချင်ဘူး။ အမျိုးမျိုးအဖုံဖုံ ရှောင်လွှဲတာတွေ ရှိတယ်။ ဒါဟာ အလွန်ကို မှားယွင်းပါတယ်။ ဒါဟာ လူသားတစ်ယောက်ရဲ့ တာဝန်ကို လုံးဝကို ဖောက်ဖျက်ရာကျပါတယ်” ဟု ၎င်းက ပြောသည်။
(စန္ဒာဉာဏ်)
ကိုဗစ်နိုင်တင်း စောင့်ကြည့်၊ သံသယနှင့် ကူးစက်ခံရသည့်လူနာများ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၅ ည ၉ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ လူပုဂ္ဂိုလ် ၂၇၆ ဦးကို ကိုရိုနာဗိုင်းရပ်ပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးထားပြီး သုံးဦးတွင် ရောဂါပိုးတွေ့ရှိကာ ၂၁၃ ဦးတွင် ပိုးမတွေ့ကြောင်း၊ ကျန် ၆၀ ဦး၏ ဓာတ်ခွဲအဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
ပိုးတွေ့လူနာ အမျိုးသားသုံးဦးကို ကို ရန်ကုန်ရှိ ဝေဘာဂီအထူးကုဆေးရုံ၊ အင်းစိန်ပြည်သူ့ဆေးရုံနှင့် ချင်းပြည်နယ် တီးတိန်ရှိ တီးတိန်ပြည်သူ့ဆေးရုံတို့တွင် အသီးသီး ကုသပေးနေကြောင်း ဝန်ကြီးဌာနက ဆိုသည်။
၎င်းတို့ သုံးဦးစလုံးမှာ အမေရိကနှင့် အင်္ဂလန်တို့မှ လတ်တလော ပြန်လာကြသူများ ဖြစ်သည်။
၂၆ နှစ်အရွယ် နောက်ဆုံးလူနာမှာ အင်္ဂလန်မှ မတ် ၂၁ တွင် ပြန်လာသူဖြစ်ပြီး ရန်ကုန် အင်းစိန်မြို့နယ်ရှိ တောင်သူကုန်းရပ်ကွက်၌ နေထိုင်သည်။ ၎င်းကို အနီးကပ်ပြုစုခဲ့သည့် ၎င်း၏ အစ်ကိုကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်မိသားစုဝင် ၇ ဦးနှင့် ၎င်းသွားရောက်ခဲ့သည့် ဆံပင်ညှပ်ဆိုင်ရှိ လူနှစ်ဦးတို့ကို နေအိမ်တွင် ၁၄ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်မည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်က Myanmar Now ကို ပြောသည်။
ရောဂါပိုးတွေ့ရှိသူ အမျိုးသားနေထိုင်သည့် တောင်သူကုန်းရပ်ကွက်ရှိ ကွင်းမွှေး (၃) လမ်းတွင် အိမ်ခြေ ၅၀ ခန့် ရှိပြီး ယခုအခါ အဆိုပါလမ်းအတွင်း ဝင်ထွက်သွားလာခွင့် ပိတ်ထားကြောင်း ဦးရန်နိုင်က ပြောသည်။
တီးတိန်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် ၃၆ နှစ်အရွယ် လူနာမှာ မတ် ၁၃ တွင် မြန်မာနိုင်ငံသို့ အမေရိကမှ ခေတ္တပြန်လာသူ ဖြစ်သည်။ ၎င်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့်လည်းကောင်း၊ ကလေးမြို့မှ တီးတိန်သို့ မတ် ၁၇ တွင် ဘတ်စကားဖြင့်လည်းကောင်း ခရီးသွားခဲ့သည်။
ထို့ကြောင့် ၎င်းလိုက်ပါခဲ့သည့် လေယာဉ်ကို ပိုးသတ်ဆေးဖျန်းထားပြီး လေယာဉ်မောင်းနှင်ခဲ့သူ လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်မယ်သုံးဦးအပြင် ၎င်းကို လေဆိပ်တွင် ကြိုခဲ့သူ အမျိုးသမီးတစ်ဦး၊ ၎င်းနှင့်အတူ စီးနင်းလိုက်ပါခဲ့သူ ခရီးသည်များအားလုံးကို ၎င်းတို့နေအိမ်များတွင် ၁၄ ရက်ကြာ အသွားအလာကန့်သတ်စောင့်ကြည့်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထုတ်ပြန်ထားသည်။
ဝေဘာဂီအထူးကုဆေးရုံရှိ ၂၆ နှစ်အရွယ် ပိုးတွေ့လူနာမှာ မတ် ၂၂ တွင် ရန်ကုန်သို့ အင်္ဂလန်မှ ပြန်ရောက်လာသူဖြစ်ပြီး ယင်းနေ့တွင်ပင် အသွားအလာကန့်သတ်စောင့်ကြည့်ထားခဲ့သူ ဖြစ်သည်။
(ဝင်းနန္ဒာ၊ စန္ဒာဉာဏ်)