သတင်း

တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ် သတင်းမှားပေါင်း ၂၀ ကျော် ထွက်ပေါ်ခဲ့

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ နှစ်ဦးတွေ့ရှိကြောင်း ယနေ့ (မတ် ၂၄ တွင်) အစိုးရက တရားဝင် ထုတ်ပြန်လိုက်သည့်နောက် သတင်းမှား အများအပြားထွက်ပေါ်လာခဲ့သည်။ Myanmar Now ၏ စောင့်ကြည့်စစ်ဆေးမှုများအရ တစ်နေ့တည်းမှာပင် လူအများကို စိုးရိမ် ထိတ်လန့်စေသည့် သတင်းမှား အကြောင်းအရာပေါင်း (၂၀) ထက်မနည်း ရှိခဲ့ပြီး အဆိုပါသတင်းမှားများကို ပြန်လည်ဖြန့်ဝေသူ သောင်းချီရှိခဲ့သည်။ အဆိုပါသတင်းမှားများထဲမှ လူအများကိုစိုးရိမ်မှုဖြစ်စေပြီး အပျံ့နှံ့ဆုံးဖြစ်ခဲ့သည့် သတင်းမှားများကို ဖော်ပြလိုက်ပါသည်။

ပဲခူးစက်ရုံတစ်ခုမှာ Covid-19 ကူးစက်ခံထားရသူတစ်ဦး လဲကျ (သတင်းမှား)

အဆိုပါအကြောင်းအရာသည် သတင်းမှားတပုဒ်သာဖြစ်သည်။ Htet Nay Aung ဆိုသည့် account မှ “အခုပဲခူးကစက်ရုံမှာ Covid-19 ကူးစက်ခံထားရသူတစ်ဦး လဲကျသွားပါတယ်‌၊ ထောင်နဲ့ချီတဲ့စက်ရုံအလုပ်သမားများ၊ အထိတ်တလန့် ထွက်ပြေး” ကြောင်း ရေးသားခဲ့သည့် အကြောင်းအရာဖြစ်သည်။

အဆိုပါအကြောင်းအရာကို ပြန်လည်မျှဝေသည့်အကြိမ်ရေ တစ်ထောင်နီးပါးရှိခဲ့သည်။ အဆိုပါအကြောင်းအရာကို Sai Sai khan Leng ဆိုသည့် အဆိုတော် စိုင်းစိုင်းခမ်းလိုင် အယောင်ဆောင်ထားသည် Page အတုကလည်းဖြန့်ဝေခဲ့သည်။

အမျိုးသမီးများ လဲကျနေသည့်ပုံနှင့် ထွက်ပြေးနေသည့်ပုံများကို အသုံးပြုထားသည်။ ဓာတ်ပုံများကို စစ်ဆေးကြည့်သည့်အခါ ၂၀၁၇ ခုနှစ်အတွင်းက ပဲခူးရှိ အထည်ချုပ်စက်ရုံတစ်ခုမှသရဲ ပူးကပ်သည်ဆိုကာ အလုပ်သမားများ အထိတ်တလန့်ဖြစ်ခဲ့ကြသည့် ဓာတ်ပုံများဖြစ်ပြီး မီဒီယာများက ရေးသားခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

ထို့အပြင် Myanmar Now က ပဲခူးစက်မှုဇုန်ကြီးကြပ်ရေးကော်မတီမှ ကို ဆက်သွယ်မေးမြန်းရာမှာ ပဲခူး (ဘောနက်ကြီး) စက်မှုဇုန်အတွင်းမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း တရုတ်နိုင်ငံသား တစ်ဦးလဲကျခြင်းမှာ COVID-19 ကြောင့်မဟုတ်ဘဲ အပူလျှပ်ခြင်းသာဖြစ်ကြောင်း သိရသည်။

ပဲခူး စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က “ဘက်ဟိုးမောင်းတဲ့သူပါ။ နေကလည်းအရမ်းပူတော့ ကိုယ်အပူရှိန်တက်ပြီး heat attack (heat stoke) ဖြစ်သွားတာပါ။ သေလည်း မသေဘူး။ ဘာမှမဖြစ်ဘူး” ဟုပြောသည်။

ဘောနပ်ကြီးစက်မှုဇုန်အတွင်းမှ မြန်မာ့အလှကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ဆဲစက်ရုံတွင် ဘတ်ဟိုးမောင်းနေသည့် တရုတ်နိုင်ငံသားသည် မတ် ၂၄ နေ့လယ်ပိုင်းက မူးလဲသွားခြင်းဖြစ်သည်။

အဆိုပါ စက်ရုံသို ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့များလည်း နေ့လယ်ပိုင်းက သွားရောက်စစ်ဆေးခဲ့သည် ဟု ပဲခူးတိုင်း မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောသည်။

ယခုအခါ အဆိုပါ Htet Nay Aung ဆိုသည့် Account နှင့် Sai Sai khan Leng Page အတုကို Facebook တွင်မတွေ့ရတော့ပေ။

ဝေဘာဂီမှ Covid-19 လူနာထွက်ပြေး ( သတင်းမှား)

အဆိုပါအကြောင်းအရာကို Account တုများစွာဖြင့် တစ်ပြိုင်နက် ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။ Myanmar Now ၏ စောင့်ကြည့်စစ်ဆေးမှုအရ အဆိုပါအကြောင်းအရာကို ဖြန့်ဝေခဲ့သည့်အကြိမ်ရေ ရာနှင့်ချီရှိခဲ့ပြီး Account အစစ် အသုံးပြုသူ တချို့ကလည်း ပြန်လည်ဖြန့်ဝေခဲ့ကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ကိုရိုနာဗိုင်းရပ်ကူးစပ်ခံရသည့်လူနာမှာ ကျန်းမာရေးကောင်းမွန်ပြီး သီးခြားထားရှိ (Isolation) ပြီး စနစ်တကျစောင့်ကြပ်ကုသနေကြောင်း သိရသည်။ 

တီးတိန်မှ ကိုရိုနာဗိုင်းရပ်ကူးစပ်ခံရသူ သေဆုံး (သတင်းမှား)

အဆိုပါအကြောင်းအရာသည် သတင်းမှား ဖြစ်သည်။ Nyome Tun ဆိုသည့် Account ပိုင်ရှင်က “ကိုရိုနာကူးစက်ခံ တီးတိန် အမျိုးသား ယနေ့နံနက် ဆုံးသွားပါပြီ RIP” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးသားချက်ကို ပြန်လည်မျှဝေမှု တစ်ထောင်ကျော်ရှိခဲ့ပြီး ထပ်ဆင့်ကူးယူဖော်ပြမှုများလည်း ရှိခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်မှုနှင့် Myanmar Now က တီးတိန်ဆေးရုံရှိ အထွေထွေရောဂါကုသမားတော် ဒေါက်တာကျော်ဇင်လင်းကို မေးမြန်းချက်အရ အဆိုပါ ရောဂါပိုးတွေ့ရသည့် တီးတိန်မှ အမျိုးသားသည် ကျန်းမာစွာဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပြီး Nyome Tun ၏ ရေးသားမှုမှာ သတင်းမှားသာဖြစ်သည်။ လက်ရှိတွင် အဆိုပါ အကောင့်ပိုင်ရှင်ကို Facebook တွင် မတွေ့ရှိရတော့ပေ။

ရန်ကုန်ဆေးရုံကြီးတွင် ကူးဆက်ခံရသူ ၃၃ ဦးရှိပြီ (သတင်းမှား)

အဆိုပါအကြောင်းအရာသည် သတင်းမှားဖြစ်သည်။ အမျိုးသမီးတစ်ဦးအသံဖြင့် “ရန်ကုန်ဆေးရုံကြီးတင် ကူးစက်ခံရသူ ၃၃ ယောက် ရှိပြီးပြီ” ဟုအစချီကာ ပြောထားသည့် ၂၂ စက္ကန့်ကြာ အသံဖိုင်ဖြစ်သည်။ ကူးစက်ခံသူ ၃၃ ဦးရှိပြီး လူများစိုးရိမ်ထိတ်လန့်မည်စိုးသောကြောင့် နှစ်ယောက်သာ စတင်ကြေညာခြင်းဖြစ်သည်ဟု ပြောကြားထားသည့် အဆိုပါအသံဖိုင်ကို Facebook Messenger မှတဆင့် သတင်းမှားဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် သတင်းမှားဖြန့်ဝေလေ့ရှိသည့် Click Baits ဝက်ဆိုက်များမှလည်း ပုံတူကူးချကာ ဖြန့်ဝေခဲ့ကြသည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး သတင်းမှားသာဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ် ကူးစက်လူနာမရှိသေးကြောင်း နှင့် ကောလာဟလဖြန့်ဝေသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးက ထုတ်ပြန်ခဲ့သည်။ အရေးယူမှုတစ်စုံတစ်ရာတော့ ယခုအချိန်ထိ မတွေ့ရသေးပေ။

ကလေးမြို့ တည်နေရာဖော်ပြထားသည့် ဆေးရုံမှ Covid-19 လူနာထွက်ပြေး (သတင်းမှား)

စစ်ကိုင်းတိုင်း ကလေးမြို့ တည်နေရာဖော်ပြထားသည့် စောင့်ကြည့်နေစဉ်ကာလအတွင်း ဆေးရုံမှ ထွက်ပြေးသွားပြီဟု ကောလာဟလများ ပျံ့နှံ့နေသည့် သတင်းမှာ သတင်းမှား တပုဒ်ဖြစ်သည်။ အစိုးရ၏ ထုတ်ပြန်ချက်အရမူ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စောင့်ကြည့်၊ သံသယလူနာ မရှိသေးပေ။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နေထိုင်သည်ဟု ရေးသားထားသည့် Boih Key ဆိုသည့် Facebook Account က “Covid19 လူနာ တာဟန် ဝီစလီး ဆေးရုံက ထွက်ပြေးသွားပါတယ်။ ရဲများက ခု ရှာနေတာ မတွေ့သေးပါဘူး။ အပြင်မသွားကြပါနဲ့” ဟု ကလေးမြို့တွင် ရောက်ရှိသယောင် ရေးသားထားပြီး မျှဝေမှုအကြိမ်ရေ တစ်သောင်းနီးပါးရှိခဲ့သည်။

အစိုးရ၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း ကလေးမြို့တွင် သံသယလူနာ မရှိပေ။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင်သာ စောင့်ကြည့်ခံ လူ နှစ်ဦးရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။ အဆိုပါ Boih Key ဆိုသူမှာ ဂျူတီကုတ် ဝတ်ထားပြီး ဆရာဝန်ပုံစံနှင့် ဓာတ်ပုံကို Profile အဖြစ်တင်ထားကာ အမည်မှန်နှင့် ရုပ်ပုံအမှန် ဖြစ်မည်ဟု ယုံကြည်နိုင်စရာမရှိပါ။

အဆိုပါ သတင်းမှားမှာ လူပေါင်းများစွာထံ ပျံ့နှံ့ခဲ့သော်လည်း စတင်ဖြန့်ဝေခဲ့သူ Boih Key ဆိုသူ၏ Facebook Account မှာ ယခု မရှိတော့ပေ။

ယခုအခါ ရောဂါပိုးတွေ့ရှိမှုနှင့်ပတ်သက်ပြီး ကောလာဟလများ အလွန်အမင်း ပျံ့နှံ့လျက်ရှိသည်။ သတင်းမှားများတင်လေ့ရှိသည့် ဝက်ဆိုက်များမှလည်း သူတို့နှင့်ချိတ်ဆက်ထားသည့် Page များ Group များမှတဆင့် Account အတုများအသုံးပြုက သတင်းမှားမှားဖြန့်ဝေခြင်း အကြောင်းအရာဟောင်းများကို အများပြည်သူထိတ်လန့်စေရန် ပြန်လည်ဖြန့်ဝေနေခြင်းများရှိသည်။ ထို့ကြောင့် ပြည်သူများအနေနှင့် ယုံကြည်စိတ်ချရသော သတင်းဌာနများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့၏ တရားဝင် ထုတ်ပြန်ချက်များကိုသာ ယုံကြည်ကြရန် အရေးကြီးပါသည်။

Show More

Related Articles

Back to top button