သတင်း

ကယားပြည်နယ် ဒီးမော့ဆိုတွင် အင်္ဂလန်နှင့်ထိုင်းမှ ပြန်လာသူနှစ်ဦးကို ဆေးရုံတွင်စောင့်ကြည့်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် အင်္ဂလန်နှင့် ထိုင်းမှပြန်လာသည့် လူငယ်နှစ်ဦး ချောင်းဆိုးပြီး ဖျားနေ၍ သက်ဆိုင်ရာဆေးရုံအသီးသီးတွင် ယနေ့ (မတ် ၂၄) စတင် စောင့်ကြည့်နေကြောင်း ဒီးမော့ဆိုမြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမင်းထွေးက Myanmar Now ကို ပြောသည်။

အင်္ဂလန်မှ ပြန်လာသော အသက် ၂၁ နှစ် အရွယ်ရှိ ဒီးမော့ဆိုမြို့နယ်၊ ရုဖယ်ခူရပ်ကွက်နေ အမျိုးသားတစ်ဦးသည် ယနေ့နံနက်က အဖျားအနည်းငယ်ရှိပြီး ချောင်းဆိုးနေသောကြောင့် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဒီးမော့ဆိုမြို့နယ် ဆေးရုံသို့ ပို့ခဲ့ကြောင်း ၎င်းကပြောသည်။

အဆိုပါလူငယ်မှ ယမန်နေ့က ဒီးမော့ဆိုမြို့နယ်သို့ ပြန်ရောက်လာခြင်းဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ အတည်ပြုရန် ဓာတ်ခွဲနမူနာယူပြီး မနက်ဖြန်တွင် ဓာတ်ခွဲခန်းသို့ပို့ဆောင်သွားမည်ဟု ဒေါက်တာစိုးမင်းထွေးက ဆိုသည်။

နောက်တစ်ဦးမှာ ထိုင်းမှပြန်လာသော အသက် ၃၀ အရွယ်ရှိ ဒီးမော့ဆိုမြို့နယ် ဆင်တောင်ကျေးရွာနေ အမျိုးသားတစ်ဦးဖြစ်ပြီး နံနက် ၈ နာရီခန့်တွင် နန်းမယ်ခုံတိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း၊ လူနာမှာ ချောင်းဆိုးပြီး အဖျား ၁၀၁ ဒီဂရီဖာရင်ဟိုက်ရှိသည်ဟု ၎င်းကဆိုသည်။

ယင်းလူနာမှာလည်း ဓာတ်ခွဲနမူနာယူထားပြီး ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟု ဒေါက်တာစိုးမင်းထွေးက ပြောသည်။

“ချောင်းတော့ဆိုးတယ်။ နှစ်ယောက်စလုံးချောင်းဆိုးတယ်” ဟု ၎င်းကပြောသည်။

ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်၏ ပြောပြချက်အရ အဆိုပါလူငယ်မှာ မတ်လ ၁၈ ရက်ကတည်းက ထိုင်းမှပြန်လာခြင်းဖြစ်ပြီး ယနေ့မှ နေမကောင်းဖြစ်သောကြောင့် ဆေးရုံလာပြသည်ဟု သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် မတ် ၁ မှ ၂၄ အထိ ထိုင်းမှပြန်လာသည့် အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၉၉ ဦး စုစုပေါင်း ၁၈၉ ဦးရှိပြီး၊ ပြည်ပမှ ပြန်လာသူ ၂၀၄ဦးရှိကာ ၎င်းတို့ကို နေအိမ်တွင် နေထိုင်စေပြီး အသွားအလာကန့်သတ်ထားသည်ဟု ၎င်းကဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ည ရှစ်နာရီ ၁၅ မိနစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၂၃၅ ဦးနှင့် သံသယလူနာ ၂ ဦး ရှိသည့်အနက် ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိပြီဖြစ်သည်။ ယင်းတို့အနက် ၂၁၀ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ရှိရဘဲ ၂၆ ဦးမှာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးနေဆဲဖြစ်သည်။

မတ် ၂၄ နံနက် ၁ နာရီ ထုတ်ပြန်ချက်တွင် ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာနှစ်ဦးမှာ ရောဂါပိုးမတွေ့ရှိရကြောင်း ဖော်ပြထားသည်။

 

ပြင်ဆင်ချက်

ဒီးမော့ဆိုမြို့နယ်တွင် (မတ်လ ၂၄ နေ့တစ်ရက်တည်းဆိုသည့် စကားရပ်အစား မတ်လ ၁ ရက်မှ ၂၄ ရက်အထိဟု ပြင်ဆင်ဖတ်ရှုပါရန်) ထိုင်းမှပြန်လာသည့် အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၉၉ ဦး စုစုပေါင်း ၁၈၉ ဦးရှိပြီး ၎င်းတို့ကို နေအိမ်တွင် နေထိုင်စေပြီး အသွားအလာကန့်သတ်ထားသည်ဟု ၎င်းကဆိုသည်။

Show More

Related Articles

Back to top button