သတင်း

ကိုရိုနာဗိုင်းရပ် ကာကွယ်ရေး ပစ္စည်းမလုံလောက်မှု ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်

မြန်မာနိုင်ငံသို့ ကိုရိုနာဗိုင်းရပ် ကူးစက်လာခဲ့ပါက တ်ဆင်ကုသရန်အတွက် ကိုရိုနာ ဗိုင်းရပ်ကာကွယ်ရေးဝတ်စုံ (PPE) နှင့် ဗိုင်းရပ်ကာကွယ်သည့် နှာခေါင်းစည်းများ အလုံအလောက်မရှိသည့်အပေါ်တွင် ကျန်းမာရေးဝန်ထမ်းများက စိုးရိမ်နေကြသည်။

လတ်တလောအထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားသူ မရှိသေးဘဲ စောင့်ကြည့်လူနာ ၁၈၇ ဦးနှင့် သံသယလူနာ ၂ ဦးစုစုပေါင်း ၁၈၉ ဦးရှိပြီး ၁၇၆ ဦးတွင် ရောဂါပိုးမတွေ့ရဘဲ ကျန် ၁၃ ဦးမှာ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲဖြစ်ကြောင်း မတ် ၂၁ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၊ အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဗိုင်းရပ် ကူးစက်လာပါက ဝတ်ဆင်ကုသရန်အတွက် ကိုရိုနာဗိုင်းရပ် ကာကွယ်ရာတွင် ဝတ်ဆင်ရသည့် PPE ဝတ်စုံနှင့် ရောဂါကာကွယ်သည့် နှာခေါင်းစည်း (N-95 mask) များ အလုံအလောက် မရှိသေး၍ ကျန်းမာရေးဝန်ထမ်းများအတွက်သာမက လူနာများအတွက်ပါ စိုးရိမ်မိသည်ဟု စစ်ကိုင်းတိုင်း ရေဦးမြို့ ပြည်သူ့ဆေးရုံ ဆေးရုံအု် ဒေါက်တာအောင်ကျော်နိုင်က ပြောသည်။

လက်ရှိတွင် PPE ဝတ်စုံနှင့် N-95 mask များကဲ့သို့ ရောဂါကာကွယ်ရေးပစ္စည်းများ စာရင်းကောက်ခိုင်းထားကြောင်း လိုအပ်ချက်ကို ကျန်းမာရေးဝန်ကြီးဌာနဘက်က ဖြည့်ဆည်းပေးရန် လုပ်နေသည်ဟု ထင်ကြောင်း ၎င်းကဆိုသည်။

၎င်းတို့ ဆေးရုံတွင် အသက်ရှူစက် (ventilator) မရှိသည့်အပြင် လူနာများအခြေအနေကို စောင့်ကြည့်သည့်စက် (patient monitor) မှာလည်း တစ်လုံးသာရှိသည့်အတွက် ကိုရိုနာ ဗိုင်းရစ် ဖြစ်ပွားကူးစက်လာပါက လူနာများအတွက် စိုးရိမ်သည်ဟု ၎င်းကဆက်ပြောသည်။

တကယ်တမ်း covid-19 တွေဖြစ်ပြီး အသည်းအသန်လူနာတွေ ဖြစ်လာပြီဆိုရင် ဒီ … အသက်ရှူစက် လိုအပ်တာပေါ့။ လိုအပ်တဲ့အခါမှာ ကျွန်တော်တို့ဆီမှာက လောလောဆယ် မရှိဘူးလေ။ မရှိတဲ့ အတွက်ကြောင့် ဒါနဲ့ ပတ်သက်လို့ကတော့ စိုးရိမ်တာပေါ့” ၎င်းကပြောသည်။

ကိုရိုနာဗိုင်းရပ် သံသယလူနာများရှိလာပါက သီးသန့်ဆောင်တွင် ထားရှိရကာ လည်ချောင်း တို့ဖတ်နာမူနာစကို ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲခန်းဗဟိုဌာနသို့ ပို့ဆောင် စစ်ဆေးရမည်ဖြစ်ပြီး ဆေးစစ်ချက် အောင်မြင်ပါက ရေဦးဆေးရုံတွင် ၁၄ ရက်ထားရှိမည်ဖြစ်ကာ ဆေးစစ်ချက် မအောင်မြင်လျှင် မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ရမည်ဟု ဒေါက်တာအောင်ကျော်နိုင်က ပြောသည်။

မော်လမြိုင်ဆေးရုံကြီးတွင်လည်း ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးဝတ်စုံ PPE ၁၂ စုံသာရှိပြီး အသက်ရှူစက် ၂ လုံးတွင် ၁ လုံးမှာ အသုံးပြုမရ၍ အလှူရှင်များထံ အကူအညီတောင်းခံထားရသည်ဟု မြန်မာနိုင်ငံဆရာဝန်များအသင်း (မော်လမြိုင်) ၏ အတွင်းရေးမှူး ဒေါက်တာ သက်ကျော်စိုးက ပြောသည်။

မွန်ပြည်နယ်တွင် နေထိုင်သူအများစုမှာ ထိုင်း၊ မလေးရှားနှင့်တောင်ကိုရီးယားနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများဖြစ်နေပြီး သင်္ကြန်အပြီး မေလဆန်းပိုင်းတွင် မွန်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာပါက ကိုရိုနာ ဗိုင်းရပ်သံသယလူနာများပါ ပါဝင်လာနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများအတွက် စိုးရိမ်မိကြောင်း ၎င်းကပြောသည်။

အဲဒီအချိန်မှာ ဖျားနာတဲ့သူတွေလာမယ်။ ချောင်းဆိုးတဲ့သူတွေလာမယ်။ အဲဒီလိုလူတွေကို ကိုဗစ်၁၉ ကူးစက်ခံရသူတွေ ဖြစ်နိုင်တဲ့အတွက် သံသယထားပြီး ကျန်းမာရေးဝန်ထမ်းတွေက ကိုင်တွယ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့်စစ်ကိုင်းတိုင်း ရေဦးမြို့တို့ရှိ ဆေးရုံများသာမကဘဲ ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ကြီးများတွင်လည်း ကိုရိုနာဗိုင်းရစ်များ ဖြစ်ပွားကူးစက်လာပါက ကူးစက်ရောဂါ ကာကွယ်သည့် အထောက်အကူပစ္စည်း မလုံလောက်သည့် ပြဿနာကို ရင်ဆိုင်နေရသည်။

ရန်ကုန်မြို့ရှိ ကျန်းမာရေးဝန်ထမ်းအချို့ကလည်း ၎င်းတို့၏ Facebook စာမျက်နှာများတွင် ဆေးရုံ၏ လိုအပ်ချက်များကို အကူအညီတောင်းခံနေကြသည်။

လှိုင်သာယာမြို့နယ်မှာ နိုင်ငံခြားသား တရုတ်လူမျိုးများ အများစုနေထိုင်ကြသည့် မြို့နယ်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ် ကူးစက်လာပါက ၎င်းတို့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအတွက် Surgical Mask များ လိုအပ်နေ၍ အကူအညီပေးကြရန် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ချောစန္ဒာက ၎င်း၏ Facebook တွင် အကူအညီတောင်းခံထားသည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီ ကူးစက်ရောဂါဆေးရုံတွင် ကိုရိုနာဗိုင်းရပ် စောင့်ကြည့်လူနာ ၁၅ ဦး၊ ရောဂါရှိသူနှင့် ထိတွေ့ဆက်ဆံခဲ့၍ ဆေးရုံတက်ကာ သီးခြားခွဲထား ၁၄ ရက် စောင့်ကြည့်ခံရသည့် လူနာ ၂၂ ဦးရှိကြောင်း ဆေးရုံအုပ် ဒေါက်တာ အေးအေးအောင်ကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုများရှိသော်လည်း အလှူရှင်များက PPE နှင့် လက်ဆေးရည်များကို လာရောက်လှူဒါန်းကြပြီး ငွေသားလှူဒါန်းသည်များလည်း ရှိကြောင်း ၎င်းကပြောသည်။

ကျန်းမာရေးဝန်ထမ်းများ လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ စဉ်ဆက်မပြတ်ရရှိနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ထမ်းများ ဘေးကင်းလုံခြုံရေးမှာ ဝန်ကြီးဌာန၏ ပထမဦးစားပေးအချက်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက Myanmar Now ကိုပြောသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုအပ်ချက်များရှိနေပါက မြို့နယ်ဆေးရုံဖြစ်စေ၊ ဆေးရုံကြီးဖြစ်စေ အချိန်မရွေးတင်ပြ တောင်းခံနိုင်သည်ဟု ၎င်းက ပြောသည်။

ကျွန်မတို့ နိုင်ငံမှ မဟုတ်ပါဘူး။ ကျန်တဲ့ နိုင်ငံတွေမှာလည်း လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေကို လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ဖို့ကတော့ ကျွန်မတို့မှာ ရှိပါတယ်” ဟု ၎င်းကပြောသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ် လူမှုအထောက်အကူပြုအဖွဲ့အစည်း Excellent Fortune Foundation ကို တည်ထောင်သူလည်းဖြစ်သည့် ဦးစိုင်းမျိုးဝင်းက ကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ အကာအကွယ်ဝတ်စုံ (PPE) အစုံ,၀၀၀၊ တစ်ခါသုံး ရော်ဘာလက်အိတ် အစုံ ၂၅,၀၀၀ နှင့် ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ ၂၃,၀၀၀ ခုကို လှူဒါန်းသွားမည်ဖြစ်သည်ဟု ဖောင်ဒေးရှင်း၏ Facebook တွင် ရေးသားဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ကလည်း ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း မြန်မာအား ကူညီသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

မတ် ၂၁ မြန်မာစံတော်ချိန် ညနေ ၄ နာရီအချိန်အထိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရပြီးသူ ၂၇၇,၀၅၅ ဦး၊ သေဆုံးသူ ၁၁,၄၂၃ ဦး၊ ပြန်လည်ကျန်းမာလာသူ ၉၁,၉၈၆ ဦးနှင့် အသည်းအသန်လူနာ ၇,၉၁၄ ဦးရှိသည်ဟု ကိုဗစ်နိုင်တင်းရောဂါစောင့်ကြည့်ဝက်ဘ်ဆိုက် covid19stats.live တွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button