သတင်း

Fact-Check | ကွန်ရက်ဖွဲ့ထားသည့် လူတစ်စုက သတင်းမှားများ ဖြန့်နေ

ကမ္ဘာကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီးနောက် ကိုရိုနာဗိုင်းရပ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုများရှိလာကြသည်။ ယင်းကဲ့သို့ လူအများ စိတ်ဝင်တစား စောင့်ကြည့်နေသည့်အပေါ် အသုံးချကာ ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်ပြီး သတင်းမှားဖြန့်ဖြူးမှုများသည်လည်း နေ့စဉ်ဆိုသလို ထွက်ပေါ်လာနေသည်။

Myanmar Now ၏ စောင့်ကြည့် စစ်ဆေးမှုများအရ ကွန်ရက်တစ်ခုအနေဖြင့် စနစ်တကျချိတ်ဆက်ကာ သတင်းမှားများ ဖြန့်ဝေနေသည့် ဝက်ဘ်ဆိုက်၊ Facebook Page နှင့် Facebook Group များကို တွေ့ ရှိထားသည်။ ၎င်းတို့ကွန်ရက်တစ်ခုတည်းက ဝက်ဘ်ဆိုက်ဒိုမိန်း ခုနစ်ခုဝန်းကျင် တွေ့ရပြီး Facebook Group ပေါင်း ဆယ်ခု ဝန်းကျင်နှင့် Facebook Page ပေါင်း ၁၀၀ ဝန်းကျင်အထိရှိသည်။

ပါဝင်သည့် Facebook Page များတွင် Like ထောင်ဂဏန်း မှ ရှစ်သိန်းကျော်အထိရှိသည့် Page များ ပါဝင်ပြီး Group များတွင်မူ Member တစ်သန်းကျော်ရှိသည်များပင် ပါဝင်သည်။

၎င်းတို့သည် သတင်းမှားများကို Facebook Group များတွင် အဓိကထား မျှဝေကြပြီး Account တုများဖြင့် မကြာခဏ ထပ်ခါတလဲလဲ မျှဝေခြင်း သတင်းမှားအ‌ဟောင်းများကို အကြိမ်ကြိမ် ပြန်လည်မျှဝေကြသည်ကို တွေ့ရသည်။ ယင်းကဲ့သို့ သတင်းမှားအဟောင်းများကို အကြိမ်ကြိမ်ဖြန့်ဝေခြင်းမှာ ၎င်းတို့၏ နည်းစံနစ်များအနက် အသုံးများသည့်နည်းလည်း ဖြစ်သည်။

ယင်းကဲ့သို့ ကွန်ရက်ဖြင့် သတင်းမှားများဖြန့်ဝေနေသည့် ဝက်ဘ်ဆိုက်များသည် Every Time Story, Innlay Media, Pro 7 Media, Myanmar News Team , Myanmar Press, Shwe Myanmar Daily, Swal Sone Kyan စသည့် လူသိများသည့် ဝက်ဘ်ဆိုက်များ ပါဝင်သည်။ အဆိုပါဝက်ဘ်ဆိုက်များတွင် Powered By M.N.T ဟုပါရှိပြီး Myanmar News Team ဆိုသည့် ဝက်ဘ်ဆိုက်ဖြင့် ချိတ်ဆက်ထားသည်။

Innlay Media ဆိုသည့်ဝက်ဘ်ဆိုက်သည် Every Time Story ဝက်ဘ်ဆိုက် မှ ဖြန့်ဝေလေ့ရှိသည့် ၊ HaHa-Monywa Funny Group, Cele News 7, မေပန်းချီ၊ အိချောပို၊ မြန်မာသံစဉ် စုစည်းတင်ဆက်ခြင်း စသည့် Facebook Page များတွင် သတင်းမှားများဖြန့်ဝေနေသည်။ ထို့အပြင် အဆိုပါ ဝက်ဆိုက်များတွင် သတင်းမှားအကြောင်းအရာများ တူညီနေသည်ကိုလည်း တွေ့ရသည်။

Every Time Story, Innlay Media, Pro 7 Media ဆိုသည့် ဝက်ဘ်ဆိုက်များသည် ဖေဖော်ဝါရီအတွင်းက မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ဖြင့် ၄ ဦးသေဆုံး ဆိုသည့် သတင်းမှားကိုဖြန့်ဝေခဲ့သည့် ဝက်ဘ်ဆိုက်များဖြစ်ပြီး အဆိုပါသတင်းမှားကြောင့် လူအများစိုးရိမ်ထိတ်လန့်ခဲ့ရပြီး တရားဝင်သတင်းဌာနများတွင် သတင်းမှားသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ရသည်။ အဆိုပါ Every Time Story ဝက်ဆိုက်အကြောင်းကို Myanmar Now ကရေးသားဖော်ပြထားပြီးဖြစ်သည်။

လက်ရှိတွင်လည်း ကိုဗစ်နိုင်တင်း (COVID-19) သံသယလူနာများအကြောင်း ဖြန့်ဝေရာတွင် လူအများစိုးရိမ်ထိတ်လန့်စေနိုင်သည့် ပုံကြီးချဲ့ ရေးသားမျှဝေမှုတွေကို ပြုလုပ်နေသည်ကိုတွေ့ရသည်။ ထို့အပြင် ပျောက်ကင်းစေသည့် ဆေးတွေ့ရှိသည်ဆိုသည့် သတင်းမှားများကို ဖြန့်ဝေနေသည့်အပြင် တရားဝင်သတင်းဌာနများမှ သတင်းများကို ခိုးယူအသုံးပြုနေသည်များလည်း တွေ့ရှိရသည်။

အဆိုပါ ဝက်ဆိုက်များနှင့် ချိတ်ဆက်ထားသည် Facebook Page များသည် မှု့ခင်းနှင့်အထူးသတင်းများ , သတင်းစုံ, သတင်းပေါင်းစုံအထွေထွေ, သတင်းစုံနှင့်မှုခင်းသတင်းများ စသည့် Group များတွင်လည်း Group Admin များအဖြစ် ရှိနေသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ သတင်းမှားများကို အက်ဒမင်တစု (လူတစု) က ကိုင်တွယ်ပြီး နေရာပေါင်းစုံတွင် ဖြန့်နေခြင်းဖြစ်သည်။

အထက်ပါအချက်အလက်များအရ အဆိုပါဝက်ဆိုက်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြပြီး ကွန်ရက်တစ်ခုသဖွယ်လှုပ်ရှားကာ သတင်းမှားများကို ဖြန့်ဝေနေကြခြင်းဖြစ်ကြောင်း တွေ့ရသည်။ အစိုးရအနေဖြင့် သတင်းမှားဖြန့်ဝေနေသူများကို အရေးယူမည်ဟု ကြေညာထားသော်လည်း လက်ရှိအချိန်အထိ အရေးယူမှုများ မတွေ့ရသေးပေ။ သို့သော်လည်း မြန်မာနိုင်ငံရှိ သတင်းမှားဖြန့်ဝေနေသည့် Page နှင့် ဝက်ဘ်ဆိုက်များသည် Facebook Instant Articles နှင့် Google Ads များ၏ ကြော်ငြာများမှတဆင့် ဝင်ငွေ ရရှိနေကြသည်။

Show More

Related Articles

Back to top button